“အိမ်မလွမ်းသူဘယ်သူရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများ” အမည်ရှိ အစီရင်ခံစာသစ်ထုတ်ပြန်ခြင်း

June 14th, 2019  •  Author:   Progressive and 14 Civil Soceity Organizations  •  1 minute read
Featured image

၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့

၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်နေ့ကို အထိမ်းအမှတ်ပြုနေချိန်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအား တန်းတူအခွင့်အရေးရှိ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုရေး၊ နောက်ထပ်ပစ်ပယ်မခံရစေရေးအာမခံနိုင်ရန် ၎င်းတို့အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်အားလုံးတွင် ၎င်းတို့အား လုံလောက်စွာတိုင်ပင်ညှိနှိုင်းပြီး အကျိုးရှိရှိပါဝင်နိုင်ခွင့် ပေးရေးတို့မှာ ခါတိုင်းထက်ပိုပြီး အရေးကြီးနေပါသည်။

ထွက်ပြေးတိမ်းရှောင်ရသူ ကရင်၊ ကရင်နီ၊ မွန်၊ တအာင်း၊ ပအိုဝ်း၊ ကချင်နှင့် ရှမ်းဒုက္ခသည် အသိုင်းအဝိုင်းများနှင့် အတူလုပ်ကိုင်နေသော အရပ်ဘက်လူထုအဖွဲ့အစည်း ၁၅ ဖွဲ့က “အိမ်မလွမ်းသူဘယ်သူရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ” ဟူသော အစီရင်ခံစာသစ်တစ်စောင်ကို ထုတ်ပြန်မည်ဖြစ်ပါသည်။ ယင်းအစီရင်ခံစာက မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြောင့်လည်းကောင်း၊ ဆက်စပ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့်လည်းကောင်း ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဒုက္ခသည်များနှင့် IDP များအရေးကို အာရုံစိုက်ထားပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသော လက်နက်ကိုင်တိုက်ပွဲများနှင့် တိုင်းရင်းသားလူထုများအပေါ် စနစ်တကျ နှိပ်ကွပ်ဖိနှိပ်မှုတို့၏ ဆိုးဝါးလှသောထိခိုက်မှုကို မှတ်တမ်းတင် ထားကာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့နှင့် နယ်စပ်ဖြတ်ကျော်အကူအညီများ လျော့ကျလာခြင်းတို့ အပါအဝင် ထွက်ပြေးတိမ်းရှောင်ရသူတို့၏ အဓိက စိုးရိမ်ပူပန်မှုများနှင့် အရေးတကြီး လိုအပ်ချက်များကို အစီရင်ခံစာမှ ဖော်ထုတ်ထောက်ပြထားပါသည်။ ထို့အပြင် ၎င်းတို့ လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲမည့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးဖြစ်ရန်အတွက် လုံခြုံရေး၊ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အပါအဝင် လက်ငင်း စိန်ခေါ်မှုများကိုလည်း မီးမောင်းထိုးပြထားပါသည်။ ဒုက္ခသည်များနှင့် IDP များ၏ စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များ၊ အမြင်သဘောထားများကို မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်နှင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အနေအထားအတွင်း ထည့်သွင်းစဉ်းစားရေး သေချာစေဖို့လည်း ယခုအစီရင်ခံစာက ရည်ရွယ်သလို တစ်ဖက်၌လည်း ထွက်ပြေးတိမ်းရှောင်ရသူများအပေါ် သက်ရောက်သော မူဝါဒလုပ်ငန်းစဉ်အားလုံး၏ ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် ၎င်းကာယကံရှင်များ အပြည့်အဝအဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ရေးကို အာမခံနိုင်အောင် မြန်မာအစိုးရ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အခြားသက်ဆိုင်ပတ်သက်သူများသို့ အကြံပြု တိုက်တွန်းချက်များ ပေးအပ်ပါသည်။

ဤအစီရင်ခံစာကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်မည်ဖြစ်ပါသည်။ ထုတ်ပြန်ခြင်း အခမ်းအနားကို မြန်မာဘာသာဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာစကားမတတ်သူများအတွက် အင်္ဂလိပ်ဘာသာဖြင့် တစ်ပြိုင်နက် ဘာသာပြန်ပေးမည်ဖြစ်ပါသည်။ အစီရင်ခံစာထုတ်ပြန်ခြင်းအပြင် လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသော သံသရာနှင့် ဒုက္ခသည်များနှင့် IDP များ၏ စိုးရိမ်ပူပန်ချက်များကို အစီရင်ခံစာပါ တွေ့ရှိချက်များအပေါ် အခြေခံကာ မီးမောင်းထိုးပြထားသည့် ကာတွန်းရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကိုလည်း ပြသသွားမည်ဖြစ်ပါသည်။

အချိန် ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့၊ မနက် ၁၀း၀၀ နာရီ (ရန်ကုန်စံတော်ချိန်)

နေရာ BEST WESTERN Green Hill Hotel ၊ ၁၂ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

ဤအစီရင်ခံစာကို ပူးတွဲထုတ်ဝေသူများမှာ

  1. မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊
  2. ကရင်ကျောင်းသားကွန်ယက်အဖွဲ့၊
  3. ကရင်လူ့အခွင့်အရေးအဖွဲ့၊
  4. ကရင်ဒုက္ခသည်ကော်မတီ၊
  5. ကရင်အမျိုးသမီးအစည်းအရုံး၊
  6. ကရင်နီဒုက္ခသည်ကော်မတီ၊
  7. ကရင်နီဥပဒေနှင့်လူ့အခွင့်အရေးစင်တာ၊
  8. ကရင်နီပညာရေးဌာန၊
  9. ကရင်နီအမျိုးသမီးအစည်းအရုံး၊
  10. ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ၊
  11. ကုန်းကျောရှမ်းဒုက္ခသည်စခန်း၊
  12. ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ၊
  13. ပအိုဝ်းဒေသကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ၊
  14. ရှေ့ပြေးအသံအဖွဲ့၊
  15. တအာင်း အမျိုးသမီးအဖွဲ့အစည်း

 သတင်းအချက်အလက် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့

+ ၉၅ (၀)၉၂၆၁၀၀၉၉၉၅၊ [email protected] (အင်္ဂလိပ်/မြန်မာ)

  • လားအဲဒို၊ ကွင်းဆင်းသုတေသနအရာရှိ၊ ရှေ့ပြေးအသံအဖွဲ့

+ ၉၅ (၀)၉၇၉၇၉၂၈၀၀၇၊ [email protected] (အင်္ဂလိပ်/မြန်မာ)

မီဒီယာဖိတ်ကြားလွှာကို PDF ဖြင့် ဤနေရာ၌ ရယူပါ။

မီဒီယာဖိတ်ကြားလွှာ အင်္ဂလိပ်ဘာသာ