ရခိုင်ရွာသားများ ဥပဒေမဲ့သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ MNHRC မှ မှန်ကန်သည့် ရပ်တည်ချက်ပြရန်လို

ရခိုင်ရွာသားများ ဥပဒေမဲ့သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ MNHRC မှ မှန်ကန်သည့် ရပ်တည်ချက်ပြရန်လို

နေ့စွဲ – ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) အနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေများတွင် အစိုးရစစ်တပ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လွတ်လပ် အမှီခိုကင်းပြီး မှန်ကန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် မိမိတို့ အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ ပါဝင်သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (CSO Working Group on MNHRC Reform) မှ တောင်းဆိုလိုက်ပါသည်။ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသည့် ရွာသားခြောက်ဦး ပစ်သတ်ခံခဲ့ရပြီး သက်သေသတင်းများအရ ယင်းသတ်ဖြတ်မှုများသည် ဥပဒေနှင့် မညီကြောင်း ထုတ်ဖော်ပြောဆိုကြသော်လည်း စစ်တပ်၏ အကြောင်းပြချက်ကို MNHRC က ကျိုးနွံစွာ လက်ခံလိုက်ခြင်းနှင့် ပတ်သက်၍ မိမိတို့မှ အထူးပင် စိတ်ပျက်မိပါသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာရှိ အသက် ၁၅ နှစ်နှင့် ၅၀ နှစ်ကြား အမျိုးသားအားလုံးကို ရက္ခိုင့်တပ်တော် (Arakan Army – AA) နှင့် ဆက်သွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ မေလ ၂ ရက်နေ့တွင် ထိန်းသိမ်းခံရသူများထဲမှ ခြောက်ဦး ပစ်သတ်ခံရပြီး အနည်းဆုံး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။  ထိုသို့ဖြစ်ရခြင်းသည် စစ်သားများက မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်တပ်ကပြောဆိုခဲ့ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေရှင်းချက်ပေးရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များအရ ထိန်းသိမ်းခံထားရသူတစ်ဦး အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားချိန်တွင် စစ်သားများက လူအုပ်အတွင်းသို့ အရမ်းကာရောပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ဤသည်မှာ AA ကို အပြတ်ရှင်းရန်အတွက် ကြိုးစားရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များထဲမှ နောက်ဆုံးရ သတင်းတစ်ခုဖြစ်ပါသည်။ ထို့အတူ ယခင်လက မြောက်ဦးမြို့နယ်ရှိ လက္ကာရွာမှ အရပ်သား ၂၇ ဦးကို AA အဖွဲ့ဝင်များ ဖြစ်သည်ဟူသော  မသင်္ကာမှုဖြင့် ထိန်းသိမ်းခဲ့ရာ ရွာသား သုံးဦးမှာ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားခဲ့ပါသည်။ သေဆုံးရခြင်းအကြောင်းရင်းမှာ မိမိကိုယ်ကို သတ်သေခြင်း၊ နှလုံးရောဂါနှင့် မူးယစ်ဆေးပြတ်မှု တို့ကြောင့်ဖြစ်သည်ဟု စစ်တပ်ကပြောခဲ့သော်လည်း ချက်ချင်း မီးသင်္ဂြိုလ်လိုက်ခြင်းနှင့် ၎င်းတို့သေဆုံးခြင်းကို မိသားစုဝင်များအား အကြောင်းမကြားခြင်းတို့က ယင်းသေဆုံးမှုသည် ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်ကြောင်းကို ညွှန်းပြနေပါသည်။

ဤအခင်းအကျင်းအရ နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အဆိုပါ အရပ်သားများသေဆုံးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ အပြည့်အဝ စုံစမ်းစစ်ဆေးရန် MNHRC တွင် တာဝန်ရှိပါသည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ နေ့စွဲပါ ကြေညာချက်တွင် MNHRC က စစ်တပ်၏ ဖြေရှင်းချက်ကိုသာ သံယောင်လိုက်ကာ “လုံခြုံရေး တပ်ဖွဲ့များသည် စစ်ဆေးမေးမြန်းရန်အတွက် သံသယရှိသူ ၂၇၅ ဦးကို ထိန်းသိမ်းထားရာ ထိန်းသိမ်းထားစဉ်အတွင်း ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ထိန်းသိမ်းခံအချို့က စတင်အော်ဟစ်ပြီး လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ရန် အားထုတ် ခဲ့ကြသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် လူစုခွဲရန် ပစ်ခတ်ခဲ့၍ လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရကာ ၄ ဦးပျောက်ဆုံးခဲ့သည်။” ဟု ထုတ်ပြန် ပြောဆို ခဲ့ပါသည်။ မျက်မြင်သက်သေများနှင့် အခြားထိန်းသိမ်းခံများ ပြောပြသည့် ဖြစ်ပျက်ပုံနှင့် ကွဲလွဲဆန့်ကျင်နေသော စစ်တပ်၏ပြောဆိုမှုကို  အတည်ပြုနိုင်ရန် MNHRC အနေဖြင့်  မည့်သည် ကြိုးပမ်းမှုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၈ ခုနှစ် မေလ တွင်လည်း MNHRC က လွှတ်တော်သို့ အလားတူထုတ်ပြန်ချက်တစ်ခု တင်သွင်းခဲ့ပါသည်။ မျက်မြင်သက်သေများ၏အဆိုအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ ကချင်အမျိုးသားနှစ်ဦး ကျွဲကျောင်းနေစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရကာ မြေမြှုပ်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုနှစ်ဦးအနက် တစ်ဦး၏ကိုယ်ပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) ယူနီဖောင်း တစ်ထည်ကို တင်ထားခဲ့ပါသည်။ ညှဉ်းပန်းနှိပ်စက်မှု ခံထားရနိုင်သည်ဟု ဆေးမှတ်တမ်းများက ဖော်ပြနေသော်လည်း MNHRC ကမူ ဒေသခံပြည်သူများက ၎င်းတို့သည် အရပ်သားများသာဖြစ်ပြီး ယာခင်းထဲ အလုပ်လုပ်နေစဉ် စစ်တပ်က ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်ဆိုသော သတင်းများ၊ ထွက်ဆိုချက်များနှင့် ဆန့်ကျင်စွာ ၎င်းတို့သည် KIA စစ်သားများ ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

လက်နက်ကိုင်ပဋိပက္ခ ကာလများအတွင်း အရပ်သားပြည်သူများအပေါ် အော့နှလုံးနာဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်တွင် မြန်မာနိုင်ငံ၌ အားကောင်းသော၊ ထိရောက်မှုရှိသော လွတ်လပ်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခု လိုအပ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သော အမှုများ၌မူ MNHRC မှာ ဆန့်ကျင်ဘက် ဖြစ်နေပြီး  ၎င်းတို့ကျူးလွန်ခဲ့သည့် မတရားမှုများကို ကြိုးစား ဖုံးကွယ်နိုင်ရန် စစ်တပ်မှ သတင်းမှားပေးခြင်း၊ ဝါဒဖြန့်ခြင်းများ ဆယ်စုနှစ်များစွာ လုပ်ခဲ့သည့်ကြားမှ စစ်တပ်၏ အကြောင်းပြချက်၊ ရှင်းလင်းချက်များအား မချွင်းမချန်လက်ခံကာ စစ်တပ်ဘက်မှ ရပ်တည် ပေးနေပါသည်။ အသက်သာဆုံးပြောရလျှင် MNHRC သည် စစ်တပ်၏ရာဇဝတ်မှုများကို ဖုံးအုပ်ကာကွယ်ပေးနေပြီး အပြင်းထန်ဆုံးပြောရလျှင်မူ ယင်းပြစ်မှုများ၌ ကြံရာပါပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်တန်းရွာ လူသတ်မှုအပေါ် ပွင့်လင်း မြင်သာစွာဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မိမိတို့အနေဖြင့် MNHRC အား တိုက်တွန်းအပ်ပါသည်။ ယင်းသို့သော စုံစမ်းစစ်ဆေးမှုကိုလည်းကောင်း၊ နောက်ဆက်တွဲပေါ်လာမည့် အကြံပြုတိုက်တွန်းချက်များ အားလုံးကိုလည်းကောင်း၊ ပြည်သူလူထု၏ တွန်းအားနှင့်အတူ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်တပ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ MNHRC အနေဖြင့် လူ့အခွင့်အရေးဘက်တွင် ရပ်တည်သည် သို့မဟုတ် စစ်တပ်ဘက်တွင် ရပ်တည်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြသရန် အချိန်တန်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ –

၁။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)

၁။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)

၂။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)

၃။ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)

၄။ စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile)

၅။ ညီမျှခြင်းမြန်မာ (EQMM)

၆။ တအာင်းအမျိုးသမီးအစည်းအရုံး (TWO)

၇။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)

၈။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၉။ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)

၁၀။ မျိုးဆက်လှိုင်း (GW)

၁၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၁၃။ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)

၁၄။ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yagon Watch)

၁၅။ ရှေ့ပြေးအသံအဖွဲ့ (PV)

၁၆။ လောကအလင်း (Loka Ahlinn)

၁၇။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)

၁၈။ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)

၁၉။  အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၂၀။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၂၁။ Metta Campaign – Mandalay

၂၂။ Myanmar People Alliance (Shan State)

၂၃။ The Seagull

၂၄။ Synergy (Social Harmony Organization)

ဆက်သွယ်ရန်
ကိုမိုဃ်းသွေး၊ မျိုးဆက်လှိုင်း (Generation Wave)၊ [email protected]၊ 09-979238220
မသက်သက်အောင်၊ အနာဂတ်အလင်းတန်းဆုံမှတ် (Future Light Centre)၊ [email protected]၊ 09-794932344

မှတ်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တစ်ကယ် ကာကွယ်မြှင့်တင်ပေးနိုင်သော ကော်မရှင် တစ်ရပ် ဖြစ်လာစေရေးအတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့အား ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။


ထုတ်ပြန်ချက် မြန်မာဘာသာဖြင့် ဤနေရာ၌ ရယူပါ။

Download English version statement here.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia