07 March 2019
ကိုဆွေဝင်းအပေါ် အသရေဖျက်မှုနှင့် တရားစွဲဆိုထားခြင်း နှစ်နှစ်ပြည့်
[ရန်ကုန်- ၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နေ့] မြန်မာအာဏာပိုင်များမှ ကိုဆွေဝင်းအပေါ် တရားစွဲဆိုထားသည့် အမှုကို ပယ်ဖျက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းရန်အတွက် အခိုင်အမာ လုပ်ကိုင်ဆောင်ရွက် ရမည်ဟု အဖွဲ့အစည်းပေါင်း (၇၇) ဖွဲ့က ယနေ့ထုတ်ပြန်သည့် ပူးတွဲ သဘောထားထုတ်ပြန်ချက်တွင် တောင်းဆို လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်က Myanmar Now အွန်လိုင်း သတင်းစာ အယ်ဒီတာဖြစ်သူ ကိုဆွေဝင်းသည် သတင်းတစ်ပုဒ်ကို Facebook တွင် တင်ခဲ့သည့်အတွက် အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါသည်။ ၎င်းတင်ခဲ့သော သတင်းထဲတွင် လူသိများသော အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး ဦးဝီရသူအား ဝေဖန်ထားသည့် ဝါတော်ရ ရဟန်းတစ်ပါး၏စကားကို ကိုးကား ဖော်ပြထားပါသည်။ ဦးဝီရသူသည် ထင်ရှားသောရှေ့နေ ဦးကိုနီအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပစ်သတ်ခဲ့ပြီး မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခံထားရသူ ဦးကြည်လင်းကို ထောက်ခံကြောင်းနှင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ဖူးပါသည်။
“မြန်မာနိုင်ငံမှာ အများပြည်သူက လေးစားရတဲ့ ရှေ့နေတစ်ယောက်ကို သတ်ခဲ့တဲ့ တုန်လှုပ် ခြောက်ခြားစရာ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုကို လူမှုကွန်ယက်ကနေ လက်ခုပ်ဩဘာတီး အားပေးနေတဲ့ ဘုန်းကြီးက ပြစ်ဒဏ်ပေး မခံရဘဲ အဲ့သလို ပြောဆိုချက်တွေကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချတဲ့ ကျနော့်လို သတင်းသမားတွေကျတော့ မတရားဦးတည်တိုက်ခိုက်ခံရတာ စိတ်မကောင်းစရာပါဘဲ” ဟု ကိုဆွေဝင်းက ပြောသည်။ “အခုလို လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖွင့်ချဝေဖန်သူတွေ အသံတိတ်အောင် ပုဒ်မ ၆၆(ဃ) ကိုဆက်သုံးနေတာဟာ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေဆိုတာ အပေါ်ယံသာ ရှိနေပြီး အာဏာရှင်အင်အားစုတွေ ဘယ်လောက်အထိ အားကောင်းနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အများပြည်သူတွေ သတင်းအချက်အလက်ရပိုင်ခွင့်ဟာ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်၊ တကယ်လို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်ကို ထိန်းချုပ်ထားတဲ့ ဖိနှိပ်ရေး ဥပဒေတွေကို ဖျက်သိမ်းပစ်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အခိုင်အမာလုပ်ဆောင်ချက်တွေ လုပ်ဆောင်ရပါမယ်” ဟု အသံအဖွဲ့မှ မောင်ဆောင်းခက ပြောသည်။ ၎င်းကိုယ်တိုင်မှာလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ချခံခဲ့ရပြီး ထိုစဉ်ကတည်းကပင် အသရေဖျက်မှု ကို ရာဇဝတ်မှုအဖြစ် အရေးယူသည့် ယင်းဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အတိအလင်း ဆော်သြနေခဲ့သူတစ်ဦး ဖြစ်သည်။
၂၀၁၃ ခုနှစ် ဥပဒေ ပြဋ္ဌာန်းခဲ့သည့်အချိန်မှစ၍ ယနေ့အထိ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ခံထားရသည့် အမှုပေါင်း ၁၇၃ မှုအထိ ရှိနေကြောင်း အသံအဖွဲ့၏အဆိုအရ သိရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဥပဒေကို ပြင်ဆင်ခဲ့သော်လည်း ယင်းဥပဒေ၌ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ပြင်ဆင်မှုများကလည်း ဥပဒေကျင့်သုံးမှုအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်မျှသာ ရှိပါသည်။ ၂၀၁၇ ခုနှစ် ဥပဒေပြင်ဆင်ပြီးနောက်ပိုင်းတွင် ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၇၃ မှု ရှိနေပါသည်။
“ဥပဒေတွေထဲမှာ ၆၆(ဃ) လက်ရှိပုံစံအတိုင်းရှိနေသ၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဆက်ပြီး ခြိမ်းခြောက် ကန့်သတ်ခံနေရအုံးမှာဖြစ်ပါတယ်” ဟု ရှေ့ပြေးအသံအဖွဲ့မှ ကိုအောင်ခိုင်မင်း က ပြောသည်။
ယင်းသဘောထားကြေညာချက်ထဲတွင် မြန်မာအစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အသရေဖျက်မှု ကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ရန်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ပြီး ယင်းဥပဒေဖြင့် လက်ရှိ ထောင်ထဲတွင် အကျဉ်းချခံနေရသည့်၊ တရားစွဲဆိုခံနေရသည့် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအားလုံးကို ပြန်လွှတ်ပေးရန်လည်းကောင်း လွှတ်တော်မှ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားရန် တောင်းဆိုထားပါသည်။
* * *
အချက်အလက်များကို ထပ်မံသိရှိလိုပါက သို့မဟုတ် မီဒီယာ ဆက်သွယ်မေးမြန်းလိုပါက ဆက်သွယ်ရန် –
+၉၅ (၀) ၉၇ ၇၃၉၃ ၇၂၇၃ (မြန်မာ)၊ [email protected] (မြန်မာ/အင်္ဂလိပ်ဘာသာ)
+၆၆ (၀) ၉၇ ၉၉၅၅ ၃၀၅ (ထိုင်း)၊ [email protected]/[email protected] (မြန်မာ/အင်္ဂလိပ်ဘာသာ)
သတင်းထုတ်ပြန်ချက် PDF ဖိုင်ကို ဤနေရာ၌ ရယူပါ။
သတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာ၌ ဖတ်ပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.