ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ကရင်နီလူငယ်များ၏ လှုပ်ရှားမှု သပိတ်စခန်းအား အင်အားသုံးဖြိုခွင်းခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

11 February 2019

ယခုလက်ရှိ ဖြစ်ပွားနေသည့် ကယား (ကရင်နီ) ပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ခြင်းနှင့် စပ်လျဉ်းပြီး ကရင်နီပြည်တွင်း အမြင်မတူသူ အချင်းချင်းကြား၊ အစိုးရနှင့် လူငယ်များ ကြားစိတ်ဝမ်းကွဲမှုများဖြစ်ပွားနေခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ကရင်နီပြည် လူငယ်များသပိတ် စခန်းကို အင်အားသုံးဖြိုခွင်းခြင်း၊ သပိတ်မှောက်လူငယ် (၅၅) ဦးအား ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်ခဲ့ခြင်း တို့အတွက် မြန်မာ့အမျိုးသမီးသမဂ္ဂမှ လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

နိုင်ငံရေးနောက်ခံသမိုင်းကြောင်းအရ ကယား (ကရင်နီ) ပြည်နယ်သည် သီးခြားလွတ်လပ်သော နယ်မြေ အဖြစ်တည်ရှိခဲ့ပြီး ၁၉၄၆ နောက်ပိုင်းမှသာ တန်းတူရည်တူမှုအပေါ်အခြေခံ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို အတူတကွ ထူထောင်ခဲ့ကြခြင်းဖြစ်ပါသည်။

ဒေသခံလူငယ်များကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်းသည်လည်း ဗိုလ်ချုပ်အောင်ဆန်းကို မလေးစား၊ အသိ အမှတ်မပြုခြင်းကြောင့် မဟုတ်ပဲ အစိုးရ၏လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဆွေးနွေး ညှိနှိုင်းရန် အခြေအနေတရပ် ဖန်တီးပေးမှုမရှိခြင်းတို့ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ရှုမြင်ပါသည်။

ပြည်နယ်အတွင်းရှိ လူငယ်အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အခြားနိုင်ငံရေး ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း အသီးသီးသဘောထား ထုတ်ပြန်ခဲ့ကြသော်လည်း ပြည်နယ်အစိုးရအနေဖြင့် လူထု၏ အသံများကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပဲ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအကြပ် တည်ဆောက်ခဲ့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ကရင်နီပြည် လူငယ်များသပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းခဲ့ကာ သပိတ်မှောက်လူငယ် (၅၅)ဦးအား ဖမ်းဆီးတရား စွဲဆိုမှုများပြုလုပ်ခဲ့မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုသော လမ်းစဉ်နှင့် သွေဖီနေသကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည်လည်း ပို၍ အလှမ်းကွာဝေးနေဦးမည်ဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ထက် ဗိုလ်ချုပ်၏ကတိက၀တ်များ အကောင်ထည်ဖော် လုပ်ဆောင်မှုကိုသာ အဓိက လုပ်ဆောင်သင့်သည်ဟု မိမိတို့မှ ရှုမြင်သည်။

ဤအခြေအနေတွင် အမျိုးသားဒီမိုကရေစီ (NLD) အစိုးရနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပြည်နယ်အစိုးရနှင့် ဌာနေတိုင်းရင်းသူ/သား လူငယ်များအကြား တင်းမာမှုများကို ကြားဝင်ဖြေရှင်းသင့်ပေ သည်။ ကရင်နီလူငယ်များအား ဖမ်းဆီးတရားစွဲဆိုမှုများ ချက်ချင်းရပ်တန့်ရန်နှင့် တရားစွဲဆိုထားသည့် အမှုများအား ပြန်လည်ရုတ်သိမ်းပေးပြီး ဆန္ဒဖော်ထုတ်သူ လူငယ်များနှင့် ဆွေးနွေးမှုများ အမြန်ဆုံးလုပ် ဆောင်ရန် မိမိတို့ မြန်မာ့အမျိုးသမီးသမဂ္ဂမှ တိုက်တွန်းပါသည်။

ဆက်သွယ်ရန်-

မော်အယ်ဝါး (အထွေထွေအတွင်းရေးမှူး) (+၉၅) ၉၇၉၀ ၇၈၆ ၉၃၀

မတင်တင်ညို (မူဝါဒရေးရာဦးဆောင်အဖွဲ့) (+၆၆) ၉၉၃ ၉၃၄ ၃၁၈

ထုတ်ပြန်ချက်ကို မူလနေရာတွင် ဖတ်ရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia