၁။      ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိရဲကင်းစခန်း ၄ ခုအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းတွင် AA ​သောင်းကျန်းသူအဖွဲ့ကအင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ သည့်အပြင် ဒေသခံပြည်သူများ အသက်အိုးအိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုများရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

၂။      နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်လျက်ရှိနေချိန်တွင် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကိုပိုမိုရှုပ်ထွေးစေပြီး တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေကာ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေ နိုင်သည့်အပြင် နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း များစွာထိခိုက်မှု ဖြစ်စေနိုင်ပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ   ၆   ရက်