လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးခြင်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အား မဖြစ်မနေ သွေးသစ်လောင်းရမည်

(ရန်ကုန် – ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ လုပ်ပိုင်ခွင့်နှင့် လက်ရှိကော်မရှင်အဖွဲ့ဝင်များ၏ တွေးခေါ်ပုံ အလေ့အထများသည် လူ့ခွင့်အရေးကို ထိရောက်စွာ အကာအကွယ်ပေးရေးနှင့် မြှင့်တင်ပေးရေးများ လုပ်ဆောင်နိုင်ရန်အတွက် အဟန့်အတားသဖွယ် ဖြစ်နေသည့်အပြင် အဆိုးဆုံးမှာ မြန်မာစစ်တပ်ကို အကာအကွယ်ပေးရန်အတွက် MNHRC သည် ဒိုင်းသဖွယ်အသုံးချခြင်း ခံနေရသည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ယနေ့ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ဖော်ပြထားပါသည်။ MNHRC အား ပြန်လည်ဖွဲ့စည်းရန်ကိုလည်း ၎င်းအစီရင်ခံစာတွင် တောင်းဆိုထားပါသည်။

“တစ်ကယ်အရေးပါတဲ့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ MNHRC ကနေပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာ မရှိသလောက်ပါပဲ။” ဟု စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၏ ဒါရိုက်တာ သွင်လင်းအောင်မှ ပြောသည်။ “အခုဆို တစ်နိုင်ငံလုံးအနှံ့ လူ့အခွင့်အရေးပြဿနာတွေနဲ့ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ သမိုင်းမှာ အင်မတန် အရေးပါတဲ့ကာလတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျနော်တို့်နိုင်ငံအတွက် အစိုးရနဲ့စစ်တပ်တို့ရဲ့ လွမ်းမိုးမှုအောက်ကနေလွတ်ကင်းပြီး သမာသမတ်ကျကျနဲ့ စွမ်းဆောင်ရည် ရှိတဲ့ လူ့အခွင့်အရေးကော်မရှင်တစ်ခု ခုချိန်မှာ အရင်ကထက်ပိုပြီးတော့တောင် လိုအပ်နေပါတယ်။” ဟု ၎င်းက ဆက်ပြောပါသည်။

သက်ဆိုင်သူထံပြန်ပို့ရန် – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် အတွက် လွှတ်တော်ထံသို့ ပြန်လည်တင်သွင်းရမည်” အမည်ရှိ အစီရင်ခံစာသည် အာရှဒေသ အမျိုးသားလူ့အခွင့်အရေး ဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGOs Network on National Human Rights Institutions – ANNI) ၏ အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်များ အပေါ် သုံးသပ်တင်ပြထားသည့် ၂၀၁၈ ခုနှစ် အစီရင်ခံစာမှ မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းဖြစ်သည်။ ယခုအစီရင်ခံစာတွင် အမျိုးသားလူ့အခွင့်အရေးဌာနများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် နိုင်ငံတကာစံချိန်စံနှုန်းများ အတိုင်း MNHRC မှ လိုက်နာဆောင်ရွက်မှု ရှိမရှိနှင့် စွမ်းဆောင်ရည်အား ၎င်းစတင်တည်ထောင်ချိန် ၂၀၁၁ ခုနှစ်မှ စတင်၍ ပြန်လည်သုံးသပ် တင်ပြထားပါသည်။ ပါရီအခြေခံမူများ (Paris Principles) တွင် သတ်မှတ်ထားသော အဓိက အချက်များမှာ လုပ်ပိုင်ခွင့်အာဏာနှင့် အရည်အချင်းပြည့်ဝမှု၊ ဥပဒေပြဌာန်းချက် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာမခံထားပြီး အစိုးရထံမှ အမှီခိုကင်းမှုနှင့် လွတ်လပ်မှု၊ အလွှာစုံမှု၊ လုံလောက်သောရင်းမြစ်များနှင့် စုံစမ်းစစ်ဆေးနိုင်ရန် လုံလောက်သော လုပ်ပိုင်ခွင့်အာဏာများ ဖြစ်ပါသည်။

“MNHRC ရဲ့ အဓိက အားနည်းချက်တွေကတော့ ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်ခန့်အပ်တဲ့အခါ ပွင့်လင်းမြင်သာပြီး တစ်စုံတစ်ယောက်ရဲ့ အာဏာလွှမ်းမိုးမှုကနေ ကင်းလွတ်တဲ့ ရွေးချယ်ခန့်အပ်မှုမျိုး မလုပ်နိုင်တာဘဲဖြစ်တယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏ သုတေသနညွှန်ကြားရေးမှူး Alex Moodie က ပြောသည်။ “MNHRC အနေနဲ့ လွတ်လပ်အမှီခိုကင်းပြီး ထိရောက်လာစေဖို့၊ ပါရီအခြေခံမူမှာ ထည့်သွင်းထားတဲ့ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာတဲ့ ကော်မရှင်မျိုးဖြစ်ဖို့က လွှတ်တော်အနေနဲ့ ကော်မရှင်ဥပဒေပြင်ဆင်မှုတွေ လုပ်ဖို့လိုပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုများနှင့် ပတ်သက်သော အခြေအနေများတွင် ဥပမာ ကိုပါကြီးနှင့် ဘရန်ရှောင်တို့၏ အမှုများ၌ ကော်မရှင်၏ ထိရောက်စွာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပုံနမူနာအရ MNHRC မှ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များအား ထိခိုက်စေမည့် သို့မဟုတ် သိက္ခာကျစေမည့် လုပ်ဆောင်ချက် တစ်စုံတစ်ရာပြုလုပ်ခြင်း၊ လူသိရှင်ကြား ပြောဆိုဝေဖန်ခြင်းများအား ရှောင်ကျဉ်မှုများ ရှိနေသည်ကို ကြည့်ခြင်းဖြင့် MNHRC သည် စစ်တပ်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

“မြန်မာစစ်တပ်က ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့လို ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက အရပ်သားလူထုအပေါ် ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူး အောင်ခိုင်မင်းက ပြောသည်။ “ဒါပေမယ့် ကော်မရှင်အနေနဲ့ အဲလိုပြစ်မှု ကျူးလွန်တဲ့သူတွေ ဒါမှမဟုတ် အဖွဲ့တွေကို ထိထိရောက်ရောက် အရေးယူလုပ်ဆောင်တာမျိုး ဘာမှမရှိဘူး။” ဟု ၎င်းက ဆက်ပြောသည်။

စစ်မှုထမ်းဟောင်းနှစ်ဦးပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်များ၏ လူ့အခွင့်အရေးဆိုင်ရာ တွေးခေါ်ပုံ အသိတရား ခေါင်းပါးမှုကို ဤအစီရင်ခံစာမှ မီးမောင်းထိုး တင်ပြထားပါသည်။ “အခုလက်ရှိ ကော်မရှင်က လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်းမလည်၊ လူ့အခွင့်အရေး ကိစ္စတွေလုပ်တဲ့ အတွေ့အကြုံ နောက်ခံလည်း မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး လူ့အခွင့်အရေးတွေကို ထိထိရောက်ရောက် ကာကွယ်မြှင့်တင်ပေးနိုင်မလဲ။” ဟု ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ စည်းရုံးလှုံ့ဆော်ရေးမှူးဖြစ်သူ သဉ္ဇာရွှန်းလဲ့ရည်မှ ပြောပါသည်။ “လက်ရှိကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းက ၂၀၁၉ မှာ ကုန်မှာဖြစ်တဲ့အတွက် ဒီအချိန်က ကော်မရှင်ကို လူ့အခွင့်အရေး အတွေ့အကြုံကြွယ်ဝပြီး သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ သွေးသစ်လောင်းဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။” ဟုလည်း ၎င်းကဆက်ပြောသည်။

MNHRC ၏ အမှီအခိုကင်းမှုနှင့် ထိရောက်မှုများကို မြှင့်တင်နိုင်ရန်အတွက် ကော်မရှင်ဥပဒေတွင် အရေးပါသော ပြင်ဆင်မွမ်းမံမှုများအား လွှတ်တော်မှ လုပ်ဆောင်ရန် ဤအစီရင်ခံစာကို ပါဝင်ပြုစုရေးသားသော အဖွဲ့အစည်း ၁၂ ဖွဲ့မှ အကြံပြု တိုက်တွန်းထားပါသည်။ ထို့အပြင် MNHRC မှ လူ့အခွင့်အရေး ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုတက်ကြွစွာ လုပ်ဆောင်ရန်နှင့် ချိုးဖောက်မှုများ၌ စစ်တပ်မှ ပါဝင်ပတ်သက်နေသည့်တိုင်အောင် လူ့အခွင့်အရေးအခြေအနေပိုဆိုးမလာစေရေး၊ ချိုးဖောက်ခံရသူများ ထပ်မံနစ်နာမှုများ မရှိစေရေးအတွက် ပဋိပက္ခ အခြေအနေကို ပိုမိုနားလည်မှုရှိရှိ အမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း အကြံပြုထားပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့
+၉၅ (ဝ) ၉၂ ၆၁၀၀ ၉၉၉၅၊ [email protected] (မြန်မာ/အင်္ဂလိပ်ဘာသာ)

Alex Moodie၊ သုတေသနညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့
+၉၅ (ဝ) ၉၇ ၈၀၀၉ ၆၄၄၀၊ [email protected] (အင်္ဂလိပ်ဘာသာ)

သဉ္ဇာရွှန်းလဲ့ရည်၊ စည်းရုံးလှုံ့ဆော်ရေးမှူး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ
+၉၅ (ဝ) ၉၇ ၉၅၅၇ ၄၇၇၅၊ [email protected] (မြန်မာ/အင်္ဂလိပ်ဘာသာ)

သွင်လင်းအောင်၊ ဒါရိုက်တာ၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့
+၉၅ (ဝ) ၉၂ ၅၀၇၉ ၅၉၁၅၊ [email protected] (မြန်မာ/အင်္ဂလိပ်ဘာသာ)

 

အယ်ဒီတာမှတ်ချက်

ဤအစီရင်ခံစာကို ရေးသားထုတ်ဝေသူများမှာ – ရှေ့ပြေးအသံအဖွဲ့ (PV)၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)၊ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)၊ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)၊ မျိုးဆက်လှိုင်း (GW)၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)၊ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM)၊ ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT)၊ လောကအလင်း (Loka Ahlinn)၊ စမိုင်းလ်ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile) နှင့် Synergy (Social Harmony Organization) တို့ ဖြစ်ကြပါသည်။ ဤအစီရင်ခံစာသည် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGOs Network on National Human Rights Institutions – ANNI) ၏ အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများ ဖွဲ့စည်း တည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်များအပေါ် သုံးသပ်တင်ပြထားသည့် ၂၀၁၈ ခုနှစ် အစီရင်ခံစာမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခန်းဖြစ်ပါသည်။

ဤသတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူပါ။

ဤသတင်းထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူပါ။

ဤအစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia