13 August 2018
Pa-O Youth Organization
ပအိုဝ်းလူငယ်အစည်းအရုံးသည် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၄ ရက် နေ့တွင် လူငယ်၊ အမျိုးသမီးများနှင့် ဒေသလူထုများမှ “လွတ်လပ်သော – ကိုယ်ကျိုးမမျှော်ကိုးသော” အခြေခံမူဖြင့်လူထုအကျိုးပြု လူမှုအကျိုးပြုအစည်းအရုံး အဖြစ်ဖွဲ့စည်းခဲ့သည်။
“ကျွန်ုပ်တို့၏ မြေယာ” အစီရင်ခံစာ စာအုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ် များမှ သက်ဆိုင်ရာ ဒေသအတွင်းရှိ မိမိတို့လက်လှမ်းမှီသော မြေယာသိမ်းဆည်းမှု အခြေအနေများကို အခြေခံပြီး ရရှိခဲ့သည့် သတင်းအရင်း အမြစ်များကို ပြုစုဖော်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် မြေယာသိမ်းဆည်းမှုကြောင့် တောင်သူလယ်သမားများ၏ နောက်ဆက်တွဲ ရင်ဆိုင်နေကြရသည့် အခက်အခဲပြဿနာအခြေအနေများကို မိမိတို့ သတင်းမှတ်တမ်းအဖွဲ့မှ မြို့နယ်အလိုက် တွေ့ဆုံမေးမြန်းခဲ့ပြီး ရရှိလာသော သတင်းအရင်းအမြစ်များအပေါ်အခြေခံ၍ ဖော်ပြသင့်သည့် သတင်းအချက်အလက်များကို စိစစ် ထုတ်နုတ်ခြင်းနှင့် မြေယာ မူဝါဒဆိုင်ရာ အကြံပြုချက်များအပါအဝင် ပြန်လည်တင်ပြသည့် အစီရင်ခံစာ စာအုပ်ဖြစ်သည်။
သိမ်းဆည်းခံမြေယာနောက်ခံအကျဉ်း နှင့် အခြေအနေ
မြေယာသည် ကျွန်ုပ်တို့၏ ဘ၀ဖြစ်သည်နှင့်အညီ မြေယာကိုအမှီပြု၍ ကျွန်ုပ်တို့ လူသားများအားလုံးနှင့် သက်ရှိသက်မဲ့များအားလုံး အသက်ရှင်ရပ်တည်ရန်အတွက် လွန်စွာမှအရေးကြီးသည်။ လက်ရှိမြန်မာနိုင်ငံတွင်လူဦးရေ ၇၀ % ကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်။ မြန်မာနိုင်ငံသည် အမည်အားဖြင့် တောင်သူဦးကြီး များ အားအလေးထား အသိအမှတ်ပြုကြပြီးတောင်သူဦးကြီးများ၏ အခက်အခဲပြဿနာများအားအာဏာရှိသည့် သူများမှ လျစ်လျူရှုထား ကြသည်ကိုလည်း တွေ့ရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေယာသိမ်းဆည်းမှုပြဿနာများ ရင်ဆိုင်ကြုံတွေ့ကြရပြီး သိမ်းဆည်းမှုတွင် အဓိကအားဖြင့် စစ်တပ် နှင့် ကုမ္မဏီများ ပါဝင်နေသည်ကို တွေ့ရသည်။ တောင်သူအများစုသိမ်းဆည်းခံခဲ့ရသည့် မြေယာများမှာ ၁၉၉၀ ခုနှစ် နောက်ပိုင်း တွင်ဖြစ်ပြီး ၎င်းအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးကို အကြောင်းပြု၍သော်လည်းကောင်း နိုင်ငံတော်လိုအပ်ချက်အရ တပ်ရင်းတပ်ဖွဲ့ တပ်စခန်းများ တည်ဆောက်ရာတွင် သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံကြရသည်။ မြေယာ သိမ်းဆည်းမှုတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် သည့်အဖွဲ့များကိုအစိုးရမှ မြေယာများ ချပေးခြင်း အပြင် ဖွံ့ဖြိုးရေးဟူသည့် ခေါင်းစဉ်ဖြင့်လည်း ဒေသခံတောင်သူများ အဓိက လုပ်ကိုင်စားသောက်နေသည့် မြေယာများကို အကြောင်းမဲ့ သိမ်းဆည်းမှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
ယခင် စစ်အစိုးရဦးဆောင်သည့်ကာလတွင် တပ်မတော်များ ကုမ္ပဏီများ တစ်သီးပုဂ္ဂလများသည် နည်းအမျိုးမျိုးဖြင့် မြေယာသိမ်းဆည်းမှု များရှိခဲ့ပြီး ၎င်းသိမ်းယူမှုတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း လူထုများအားအသိပေးအကြောင်းကြားမှုအားနည်းခြင်း အမိန့်အာဏာကို ကျင့်သုံး၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တစ်ချို့သော ပြည်သူများမှ မိမိတို့၏ မြေယာများအပေါ် ပိုင်ဆိုင်မှုအရ ယနေ့ ထိတိုင် မြေယာဆိုင်ရာအငြင်းပွားမှုပြဿနာများဖြင့် ရင်ဆိုင်နေကြရသည်။ တောင်သူအများစုမှာ ရိုးရာဓလေ့အရမြေယာများကို ရှေးယခင်ကတည်းက မိမိတို့ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့်ကျင့်သုံးခဲ့ကြပြီး လုပ်ကိုင်စားသောက်နေကြသည့် မူလမြေပိုင်ရှင်များ ဖြစ်ကြ သော်လည်း မိမိတို့၏ မူလမြေယာများကို အကာအကွယ်မဲ့ သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထို့အပြင် ရိုးရာဓလေ့အရ မြေယာ ကျင့်သုံးမှု များအား အာဏာရှိပုဂ္ဂိုလ်များမှ အသိအမှတ်ပြုမှု မရှိခြင်းအပြင် လယ်သမားအများစုမှာ ၎င်းတို့အခွင့်အရေးများကို အကာအကွယ် ပြုပေးနိုင်သည့် ဥပဒေများအားနည်းခြင်းကြောင့်လည်း အမျိုးမျိုးသော အမှုများကို ရင်ဆိုင်နေကြရသည့် အခြေအနေများ ကြုံတွေ့ ခဲ့ရသည်။
မြေယာသိမ်းဆည်းမှု ကြောင့် နောက်ဆက်တွဲပြသနာများ
မြေယာသိမ်းဆည်းမှုကြောင့် စိုက်ပျိုးရေးထိခိုက်ပြီး စားဝတ်နေရေး၊ အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေး၊ ပညာရေးများ ထိခိုက် နစ်နာ သည့်အပြင် အလုပ်အကိုင်ဆုံးရှုံးမှုကြောင့် ပြည်ပနိုင်ငံသို့ရွှေ့ပြောင်းသွားလာခြင်းများ၊ အလုပ်လက်မဲ့ဖြစ်ခြင်း နှင့် တစ်ချို့ဒေသများတွင် မူလနေရာပြောင်းရွှေ့ခံရခြင်းများအပြင် ဆင်းရဲမွဲတေမှုများအား ပိုမိုမြှင့်မားလာစေခဲ့သည်။ ထို့အပြင် မြေယာအခွင့်အရေး ဆုံးရှုံးခံခဲ့ရ သည့် တောင်သူအများစုမှာ မြေယာပြန်လည်ရရှိရေးအတွက် နည်းအမျိုးမျိုးသော လှုပ်ရှားမှုများအား လုပ်ဆောင်ခဲ့သော်လည်း အာဏာ ပိုင်များဘက်မှ အကြောင်းပြချက်မျိုးစုံဖြင့် ခြိမ်းခြောက်မှုပြုခြင်းအပြင် တရားစွဲဆိုခြင်းနှင့် အကြပ်ကိုင်ခြင်းများအား ပြုလုပ်လျက် ရှိသည်။
ဟိုပုံးမြို့နယ်ရှိ မြေယာသိမ်းဆည်းခံခဲ့ရသူ အမျိုးသားတစ်ဦး၏ စကားသံမှ
“သူတို့လာဖျက်ဆီးတဲ့နှစ် အဘကိုယ်တိုင်လည်းအရမ်းခံစားရတယ် အဘစိုက်ထားတဲ့ ပဲစင်းငုံ၊ နှမ်းတို့ ပါသွားတယ်။ ယူလို့ရတော့မယ့် အချိန် လာပြီးဖျက်ဆီးသွားကြတယ်။ ရွာသူ/သားတွေကမလုပ်ပါနဲ့ အဘတို့ထမင်းငတ် ကုန်လိမ့်မယ် နားမလည်ပေးကြပါဘူး။ မိန်းမ ယောက်ျားအားလုံး ဘက်ဟိုးကားအောက်နေတော့ နေ့ဘက်မလုပ် တော့ဘဲ ညဘက်ကျတော့ ဆက်လုပ်နေတာတွေ ရှိတယ်။ သေနတ် ပစ်ကွင်းလုပ်မယ်လို့တော့ကြားတယ် ဒါပေမယ့် သေချာမသိဘူး။ ကျွန်တော်တို့ ခြံသမားများက အသက်မွေးဝမ်းကျောင်းအလုပ် လုပ်နေရသူ ခုပြဿနာလိုမျိုး ကြုံတွေ့လိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။”
ပြဿနာအရင်းအမြစ်
မြန်မာနိုင်ငံ၏ မှားယွင်းသော မြေယာ နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုများနှင့် ဗဟိုမှ ချုပ်ကိုင်၊ ပိုင်ဆိုင်၊ စီမံဆုံးဖြတ်မှုများဖြစ်ပြီး ဥပဒေအရဖြင့်လည်း မြေယာအား ဒေသေနေ လူထုပိုင်ဆိုင်ခွင့်ကို မပေးအပ်ထားပဲ အပိုဒ် (၃၇)-(က) “နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းများ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” နှင့် အပိုဒ် (၃၇)–(ခ) “နိုင်ငံတော်ပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဌာန်းရမည်” စသည်ဖြင့် ဗဟိုမှ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဒေသနေ လူထုများ ၊ လယ်သမားများ မြေယာ ပေါ်တွင် အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း မြေယာ ပိုင်ဆိုင်ခွင့် ဆုံးရှုံးနေရသည်။ လက်ရှိ ၂၀၁၂ မြေယာ ဥပဒေလည်း တိုင်းရင်းသားများ၏ ရိုးရာဓလေ့ မြေအသုံးချမှုကို လစ်လျူရှုထားပြီး မြေယာဥပဒေ ရှုထောင့်သည်လည်း မြေကို ရောင်းကုန်သဖွယ်အဖြစ် နှင့် အရင်းရှင်စီးပွားရေး စနစ် ဦးတည်ခြင်း နှင့် မြေယာသိမ်းဆည်းမှုဖြစ်ပွားရန် တွန်းပို့ခြင်းဖြစ်သည်။ မြေယာအခွင့်အရေးအတွက် လယ်သမား၊ ဒေသခံများ ၏ သဘောထား ဆန္ဒကို မျက်ကွယ်ပြုခြင်း နှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပြီး တရားမျှတမှု မရှိသည့်အပြင် မြေယာအပေါ် အာဏာပိုင်များ လာဒ်ပေးလာဒ်ယူ အကျင့်ပျက်ချစားမှု များ သည်လည်း ပြဿနာ၏ အဓိက အရင်းအမြစ်ပင်ဖြစ်သည်။
အဓိက အကြံပြု ဆုံးဖြတ်ချက်များ
၁။ သိမ်းဆည်းထားသောမြေယာများကိုဒေသခံလယ်သမားများထံ ပြန်လည်အပ်နှံပေးရန်။
၂။ မြေယာနှင့် သယံဇာတများထိခိုက်ပျက်စီးစေသည့် အကြီးစားရင်းနှီးမြုပ်နှံမှုများကိုရပ်ဆိုင်းရန်။
၃။ သိမ်းဆည်းထားသောမြေယာများ ပြန်လည်ပေးဆောင်နိုင်ခြင်းမရှိလျှင် ကာလမြေယာတန်ဖိုးနှင့် အညီလျော်ကြေးပေးရန်။
၎။ ရိုးရာဓလေ့ မြေယာလုပ်ပိုင်ခွင့် နှင့် စီမံခန့်ခွဲခွင့် အသိအမှတ်ပြုပေးရန် နှင့် ဒေသလူထုအားမြေယာ ပိုင်ဆိုင်ခွင့်ပေးရန်။
၅။ ဒေသနေလယ်သမားများအတွက် မြေယာသိမ်းဆည်းခံရမှု ဖြစ်စဉ် အမှန်တရားများ၊ တရားမျှတမှုများ ပြန်လည်ရရှိရန် စိစစ်ရန်။
၆။ ဒေသခံလူထုများအတွက် စီမံခန့်ခွဲပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် နှင့် အကျိုးအမြတ်ခံစားခွင့် ကိုဦးတည်သော မူဝါဒ နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူထုပါဝင်ဆုံးဖြတ်သော နိုင်ငံရေးအရဆွေးနွေးပြီးမှ သာလိုအပ်သောဖွံ့ဖြိုးရေးများအားဖက်ဒရယ် စနစ် နှင့် အညီဖော်ဆောင်ရန်။
ဆက်သွယ်ရန် ။ ။
ဒေါ်ချိုချိုဝင်း (ဆီဆိုင်) ၀၉၂ ၅၃၅ ၀၇၉ ၄၂
ဦးစိန်သောင်း (ပင်လောင်း) ၀၉၂ ၅၃၆ ၅၄၀၈၆
ဦးထွန်းစိန် (ဟိုပုံး) ၀၉၃ ၆၂၀ ၅၇၉၀
ခွန်ဦး – ၀၉၇ ၆၅၆ ၀၀၈ ၁၂ PYO (အထွေထွေအတွင်းရေးမှူး)
ဤထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူပါ။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.