12 July 2018
ပြည်တွင်းစစ်ရပ်တန့်စေရေးအတွက် ဧပြီနှင့်မေလအတွင်း မြစ်ကြီးနား၊ ရန်ကုန်နှင့်အခြားသောမြို့နယ်များတွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများတွင် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်တရားစွဲခံရသူ တက်ကြွလှုပ်ရှားသူ လူငယ် ၄၇ ဦး၏အမှုများ ရုပ်သိမ်းပေးရန် ရှေ့ပြေးအသံအဖွဲ့ Progressive Voice က သဘောထားကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။
ထို့အပြင် မြန်မာအာဏာပိုင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် စွဲချက်အားလုံး ရုပ်သိမ်းကာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးရေးအတွက် Progressive Voice အဖွဲ့မှ ဇူလိုင်လ ၁၂ ရက်က ရန်ကုန်မြို့၊ ဖိုးစိန်လမ်း၊ Green Hill ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေကို ပြည်သူလူထုက ကန့်ကွက်မှုများရှိနေသော်လည်း အတည်ပြုနိုင်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် တိုင်းပြည်၏ ဒီမိုကရေစီအရေးကို စိုးရိမ်ရသောကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“ဒီလောက်ကန့်ကွက်နေတဲ့ကြားက အတည်ပြုမှုတွေရှိလာရင် အန်တီတို့ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်။ လက်နက်ကိုင် အင်အားစုတွေနဲ့တောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပနိုင်သေးရင် တိုင်းပြည်ရဲ့အနာဂတ်အတွက် တောင်းဆိုနေတဲ့ လူငယ်တွေရဲ့အသံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထည့်သွင်းစဉ်းစားသင့်တယ်”ဟု ၎င်းက ဆိုသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်သည့်ဥပဒေကို လွှတ်တော်တွင် အတည်ပြုပါက ငြိမ်းစုစီပြင်ဆင်ချက် ဥပဒေဖျက်သိမ်းရေးကော်မတီအနေနှင့် ဆက်လက်ဆန့်ကျင်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။
ဇွန်လက တာမွေမြို့နယ်တွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်ဖြင့် တရားဝင်အကြောင်းကြား၍ ဆန္ဒဖော်ထုတ်သူများကို တရားစွဲဆိုထားခြင်းသည် ဥပဒေစိုးမိုးမှု လိုက်နာသူများကို မတရားစီရင်နေခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် လူငယ်ဆန္ဒပြရာတွင် စီစဉ်သူမအိအိမိုးက ပြောကြားသည်။
“ဥပဒေကို လေးစားလိုက်နာလို့ အကြောင်းကြားစာပို့တယ်။ ဆန္ဒဖော်ထုတ်တယ်။ လူစုခွဲဆိုလို့ ခွဲပေးတယ်။ အဲဒီလို လူစုခွဲပေးနေတဲ့အချိန်မှာ ပုဒ်မတွေတပ်ပြီး အရေးယူတယ်။ အကြောင်းကြားစာလည်းမပို့ဘူး။ ဘယ်ကမှန်းမသိတဲ့သူတွေကိုကျတော့ အရေးမယူဘူး။ နောက်ပိုင်းကျရင် အကြောင်းကြားစာ မပို့တော့ဘူး။ ရှောင်လိုက်မယ်။ အကြောင်းကြားစာမပို့ဘဲ ဆန္ဒပြတာကမှ ကျွန်မတို့အတွက် ပိုလုံခြုံတယ်လို့ ခံစားလာရတယ်”ဟု ၎င်းက ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ရှေ့ပြေးအသံအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း၊ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် လူငယ်ဆန္ဒပြရာ၌ စီစဉ်သူ မအိအိမိုး၊ မြစ်ကြီးနား မြို့ လူငယ်ဆန္ဒပြပွဲစီစဉ်သူ ကိုလွမ်းဇောင်းတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။
ရှေ့ပြေးအသံအဖွဲ့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး၊ IDP များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် လုံခြုံဘေးကင်းမှု ဆောင်ကြဉ်းပေးရေး အာမခံရန်၊ စစ်ပွဲအဆုံးသတ်ရန်၊ ငြိမ်းစုစီဥပဒေအား ပြင်ဆင်ရန်နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ပံ့ပိုးကူညီပေးရန် တိုက်တွန်းကူညီပေးသည်အဖွဲ့ဖြစ်သည်။
မူရင်းသတင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.