ငြိမ်းချမ်းရေးလှုပ်ရှားသူများအား တရားစွဲဆိုထားမှု ချက်ချင်း ပယ်ဖျက်ပေးရန် တောင်းဆို

12 July 2018

ရှေ့ပြေးအသံအဖွဲ့၏ သုတေသနစာတမ်းကို ထုတ်ပြန်ရှင်းလင်းနေစဉ် / ငြမ်း

ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများအပေါ် တရားစွဲဆိုချက်များအားလုံး ချက်ချင်းပယ်ဖျက်ပေးရန် ရှေ့ပြေးအသံအဖွဲ့က တောင်းဆိုလိုက်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့် ကျင့်သုံးမှုအတွက် မှားယွင်းစွာ တရားစွဲဆိုထား သည့် ပုဂ္ဂိုလ်များအပေါ် စွဲချက်များအားလုံးကို ချက်ချင်းရုပ်သိမ်းပေးရန်နှင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင် ဆင်ပေးရန် ရှေ့ပြေးအသံအဖွဲ့က ယနေ့ထုတ်ပြန်သော သုတေသန စာတမ်းတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လိုလားချက်တွေနဲ့ ပူပင်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွင့်ဟနိုင်ဖို့ ကြိုးပမ်းချက်တွေကို အစိုးရက မချိုးနှိမ်ဘဲ ပံ့ပိုးကူညီပေးဖို့၊ အားပေး မြှင့်တင်ပေးဖို့၊ အလေးထားဖို့ အင်မတန်မှ အရေးကြီး တယ်” ဟု ရှေ့ပြေးအသံအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်း က ပြောသည်။

သုတေသနစာတမ်းကို ၂၀၁၈ ခုနှစ်၊ မေလနှင့် ဇွန်လတို့တွင် ရန်ကုန်နှင့် မြစ်ကြီးနားမြို့များ၌ ဆန္ဒပြမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (၁၅) ဦး အပါ အဝင် လူပုဂ္ဂိုလ် (၁၈) ဦးကို တွေ့ဆုံမေးမြန်း ပြုစုခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ပိတ်မိနေသော ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် လူသားချင်း စာနာရေး လိုအပ်ချက်များကို တုံ့ပြန်ရေးနှင့် ပြည်တွင်းစစ် ရပ်တန့်ရေး အတွက် ဧပြီလ နှင့် မေလ အတွင်း မြစ်ကြီးနား၊ ရန်ကုန်နှင့် အခြားမြို့ များ၌ ပြုလုပ်ခဲ့သော ဆန္ဒပြမှုများအတွက် တက်ကြွလှုပ်ရှားသူ အနည်း ဆုံး (၄၇) ဦး တရားစွဲဆိုခံထားရသည်။

“ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကြောင့် လူငယ်တွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ပြီးတော့ အမျိုးမျိုးနှောင့်ယှက်မှုတွေ ခံနေရပါ တယ်” ဟု မြစ်ကြီးနား ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ ကချင်လူငယ်သမဂ္ဂဥက္ကဌ ကိုလွမ်းဇောင်း က ပြောသည်။

ဆန္ဒပြမှုကြောင့် ၎င်းအပါအဝင် (၃) ဦးကို မြစ်ကြီးနားရဲစခန်းက ငြိမ်းစုစီ ဥပဒေဖြင့် အရေးယူခဲ့သည့်အပြင် မြန်မာ့တပ်မတော်ကလည်း အသရေ ဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း ကိုလွမ်းဇောင်း က ပြောသည်။

ရန်ကုန်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ဆန္ဒပြပွဲ ဦးဆောင်ပါဝင်ခဲ့သူ အမျိုးသမီးများသည် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ အပါ အဝင် လိင်ကွဲပြားမှု ကို အခြေခံသည့် တိုက်ခိုက်မှုများ ထပ်ဆင့်ကြုံ တွေ့နေရကြောင်း ရှေ့ပြေးအသံအဖွဲ့၏ သုတေသနစာတမ်းက ဆိုသည်။

“ပွဲလုပ်ပြီးတဲ့အချိန်မှာ ကျွန်မတို့ငှားနေတဲ့ အိမ်ရှင်တွေက ကျွန်မတို့ကို ဆက်မငှါးနိုင်တော့ဘူး။ ဆက်မငှားရဲတော့ဘူး။ ကျွန်မတို့ အခက်အခဲတွေ ကြုံရတာရှိတယ်” ဟု ရန်ကုန်ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် မအိအိမိုးက ပြောသည်။

အာဏာပိုင်များအနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကို ဖမ်းဆီး အရေးယူရန်အတွက်သာ အသုံးပြုနေကြပြီး လုံခြုံရေးကို ပံ့ပိုးကူညီပေးရန် တက်တက်ကြွကြွ ပြင်ဆင်ဆောင်ရွက်ရမည့်အစား စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို လူစုခွဲရန်သာ ပိုမိုအာရုံစိုက်ခဲ့ကြောင်း သုတေသနစာတမ်းက ဖော်ပြသည်။

နောက်ဆုံးအဖြစ် အမျိုးသားလွှတ်တော်က စတုတ္ထအကြိမ် ပြင်ဆင် ထားသော ငြိမ်းစုစီဥပဒေသည် ၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်အစိုးရ လက်ထက်က ငြိမ်းစုစီဥပဒေထက်ပင် ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်မှု ပိုမိုဆိုးဝါးလာခဲ့ကြောင်း ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်း က ဝေဖန်သည်။

“အခုနောက်ဆုံး ၂၀၁၈ ဥပဒေပြင်ဆင်ချက်အရဆိုရင် ဘာမှကို မရှိတော့ဘူး။ Nothing , all gone ပဲ။ ဘာမှကို မရှိတော့ဘူး။ ဘာမှလုပ်လို့မရတော့ဘူး” ဟု ဒေါက်တာညိုညိုသင်း က ပြောသည်။

အစိုးရအနေဖြင့် ငြိမ်း စု စီ ဥပဒေပါ ကြိုတင်ပြင်ဆင်ရန်မလိုအပ်သော စုဝေးမှုများအတွက် ကြိုတင်အသိပေး အကြောင်းကြားရန် လိုအပ်မှုကို ပယ်ဖျက် ပေးရန်နှင့် အသိပေးအကြောင်းကြားချက်မှ အနည်း ငယ်လွဲ ချော်ခြင်း ကဲ့သို့သော အသေးအဖွဲ ချိုးဖောက်မှုများကို ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ဖယ်ရှားရန် ရှေ့ပြေးအသံအဖွဲ့က တိုက်တွန်းထား သည်။

မူရင်းသတင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia