ငြိမ်းစုစီဥပဒေကိုပြင်ဖို့ ရှေ့ပြေးအသံအဖွဲ့ တောင်းဆို

12 July 2018

ငြိမ်းစုစီဥပဒေကိုပြင်ဖို့ ရှေ့ပြေးအသံအဖွဲ့ တောင်းဆို

ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံရတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ဗဟန်းမြို့နယ် ရဲစခန်းရှေ့မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ် Photo: Htet Arkar/ RFA

ငြိမ်းစုစီဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအပေါ် တရားစွဲဆိုထားတာတွေကို ရုပ်သိမ်းပေးဖို့ ရှေ့ပြေးအသံအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ငြိမ်းစုစီဥပဒေဟာ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြတာတွေအပေါ်မှာ ထိန်းချုပ်တဲ့ ဥပဒေဖြစ်နေပြီး ဥပဒေကို လိုသလိုအသုံးပြုကာ ဘက်လိုက်အရေးယူ ဆောင်ရွက်လို့ရနေတာတွေကို အဓိက ပြင်ဆင်ဖို့လိုအပ်နေ တယ်လို့  ရှေ့ပြေးအသံအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ခိုင်မင်းက ပြောပါတယ်။

“နိုင်ငံတကာစံနှုန်းအရဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတာတွေ၊ စီတန်းလှည့်လည်တာတွေကို အစိုးရအနေနဲ့ ပံ့ပိုးပေး ရမှာ ဒါပေမဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အနေအထားကိုကြည့်လို့ရှိရင် ထိန်းချုပ်ဖို့ ကြိုးစားတဲ့ရည်ရွယ်ချက်ကို တွေ့ရတယ်၊ ဒုတိယအချက်ပြဿနာက ဘာလဲဆိုတော့ ရဲတို့ အာဏာပိုင်တို့က အဓိပ္ပါယ်တစ်မျိုးဖွင့်တယ်၊ ဥပဒေကို လိုက်နာကျင့်သုံးမယ့် ဆန္ဒပြမယ့်သူတွေက အဓိပ္ပါယ်ဖွင့်ဆိုတာ တစ်မျိုးဖြစ်တယ်၊ လိုသလိုအဓိပ္ပါယ် ဖွင့်ဆိုနေကြတယ်၊ တတိယတစ်ချက်က ဥပဒေကိုသုံးပြီး ဘက်လိုက် အရေးယူတုံ့ပြန်တာတွေရှိတယ်၊ စစ်တပ်ကိုထောက်ခံဆန္ဒပြတာတွေကို ခွင့်ပြုတယ်၊ အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုတယ်၊ တဖက်မှာကြည့်တော့ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြတဲ့သူတွေကိုကျတော့ ဒီဥပဒေအသုံးပြု နှိပ်ကွက်တာတွေရှိလို့ ဥပဒေအားနည်း ချက်တွေကို ပြင်ဖို့လိုနေတယ်လို့ ထောက်ပြတာပါ”

ငြိမ်းစုစီဥပဒေကိုပြင်ဆင်ဖို့အတွက် အရပ်ဖက်အဖွဲ့တွေ၊ ဥပဒေပြင်ဆင်ဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ အတူပူးပေါင်းပြီး  ဥပဒေပြုသူတွေလက်ထဲရောက်တဲ့အထိ တောင်းဆိုတာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရှေ့ပြေးအသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဧပြီလနဲ့ မေလအတွင်း မြစ်ကြီးနား၊ ရန်ကုန်နဲ့ တခြားမြို့တွေမှာ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အပေါ် တက်ကြွလှုပ်ရှားသူလူငယ် အနည်းဆုံး ၄၇  ဦးအပေါ် တရားစွဲဆိုထားတာတွေကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ရှေ့ပြေးအသံအဖွဲ့ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့ပြီး ပြောင်းလဲနေတဲ့ နိုင်ငံရေးနဲ့ အခြေခံပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှု၊ အမြင်သဘောထားအသံတွေကို ထင်ဟပ်ဖော်ပြပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒရေးရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။


မူရင်းသတင်းကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia