(ရန်ကုန် – ၂၀၁၈ ခုနှစ် မေလ ၁၃ ရက်နေ့) – ဒေသန္တရအုပ်ချုပ်ရေးတွင် နိုင်ငံသားအားလုံးမှ ၎င်းတို့၏ အခြေခံဒီမိုကရေစီ အခွင့်အရေးကို ကျင့်သုံးနိုင်သည့် အဆောက်အအုံပိုင်းဆိုင်ရာနှင့် လုပ်ငန်းစဉ်တစ်ခု အောက်တွင် ဒီမိုကရေစီ ပိုမိုတိုးတက်လာရေး၊ တက်ကြွသောနိုင်ငံသားဖြစ်မှုနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ရေးကို ခွင့်ပြုထားသောဥပဒေ ဖြစ်ပေါ်လာရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ထပ်မံပြင်ဆင်ရန် လိုအပ်နေသေးကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှား ဆောင်ရွက်မှုကော်မတီ နှင့် ရှေ့ပြေးအသံအဖွဲ့ တို့မှ ယနေ့ထုတ်ပြန်ထားသော စာတမ်းတိုတွင် ဆိုထားပါသည်။
၂၀၁၈ ခုနှစ် အစောပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးကောက်ပွဲသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂၀၁၆ ခုနှစ်တွင် တတိယ အကြိမ် ပြင်ဆင်အတည်ပြုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် ပထမဆုံး ကျင်းပပြုလုပ်သော ရွေးကောက်ပွဲဖြစ်သည်။ ယင်းဥပဒေတွင် လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းနာများအပါအ၀င် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့ကို ပြဌာန်းထားသည်။
“လူထုအသံကို ထင်ဟပ်မှုမရှိတဲ့ ဟန်ပြဒေသန္တရ ဒီမိုကရေစီ မဖြစ်ဖို့အတွက် လွှတ်တော်အနေနဲ့ ရပ်ကျေးဥပဒေမှာ ပြဿနာဖြစ်နေတဲ့ အခန်းတွေကို ဆန်းစစ်သုံးသပ်တာတွေ ပြင်ဆင်တာတွေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ဒီမိုကရေစီဖွံ့ဖြိုးရေးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။ “ဒေသန္တရရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အမျိုးသမီး၊ လူငယ်နဲ့ အခြားအပယ်ခံထားရတဲ့ လူနည်းစုတွေအပါအ၀င် မဲပေးသူတွေရဲ့ အခွင့်အရေးကို ကန့်သတ်တာမျိုး မလုပ်သင့်ပါဘူး။” ဟု ၎င်းက ဆက်ပြောသည်။
ယင်းစာတမ်းတိုသည် ဆန်းစစ်သုံးသပ်ချက်များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်း အများအပြား၏ အကြံပြုတိုက်တွန်းချက်များအပေါ် အခြေပြုထားပြီး လူမှုအသိုင်းအ၀ိုင်းတို့၏ စိုးရိမ်ပူပန်မှုများ၊ အမြင်သဘော ထားများနှင့် ဒေသန္တရဒီမိုကရေစီ အားကောင်းလာစေရေး အကြံပြုတိုတ်တွန်းချက်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် လူမှုအသိုင်းအ၀ိုင်း ကိုယ်စားပြုမှုနှင့် ပါဝင်လှုပ်ရှားမှုများအပေါ် အမြင်သဘောထားများကိုအခြေခံထားပါသည်။ လတ်တလောပြင်ဆင်ချက်များသည် ယခင် အလျင်စလို ပြင်ဆင်မှုများ၏ တိုးတက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှင်းလင်းမှု မရှိသည့် လုပ်ထုံး လုပ်နည်းများနှင့် ကိုလိုနီခေတ် ဥပဒေလက်ကျန် အာဏာရှင်ဆန်သည့်ကျင့်သုံးမှုများကြောင့် ယင်းဥပဒေသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများအတွက် အခြေခံအဆင့်အတန်း အားနည်းကာ စစ်တပ်ထိန်းချုပ်မှု အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ အုပ်ချုပ်ရေးဆိုင်ရာအား ချုပ်ကိုင်မှုကို အားကောင်းစေသည့် လက်နက် တစ်ခု ဖြစ်နေသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ် ကွပ်ကဲမှုအောက်တွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ကို တာဝန်ခံရသည်။
“ဒေသန္တရအုပ်ချုပ်ရေးမှူးတွေက ပြည်သူလူထုအားလုံးရဲ့ နိစ္စဓူဝ ဘဝတွေနဲ့ ထိတွေ့ဆက်ဆံနေရပြီး သူတို့ ကိုယ်စားပြုထားတဲ့ လူမှုအသိုင်းအ၀ိုင်းအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ ရွေးကောက်တင် မြှောက်ခံထားရတာမဟုတ်တဲ့ သူတွေအတွက် လက်ညှိုးထောင် ခေါင်းညိတ် အလုပ်လုပ်နေဖို့ မဟုတ်ဘူး။ ထွေအုပ်က ခန့်အပ်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆိုတာကလည်း စစ်တပ်က ထိန်းချုပ်ထားတဲ့ ပြည်ထဲ ရေးဝန်ကြီးဌာနအတွက်ပဲ အလုပ်လုပ်ပေးနေရတယ်။” ဟု ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီမှ ကိုရဲမင်းနောင်က ပြောသည်။ “ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ လိုအပ်တယ်။” ဟု ၎င်းက ဆက်ဆိုသည်။
“ရပ်ကျေးဥပဒေ ပြန်လည်ပြင်ဆင်ချက် တစ်ခုချင်းစီတိုင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာ နိုင်ငံကို ရှေ့ရှုရည်မှန်းတဲ့ ဒီမိုကရေစီနည်းကျ အခြေခံမူတွေနဲ့ အားလုံးပါဝင်မှုရှိတဲ့ မူဝါဒတွေကို အခြေခံတဲ့ ဒေသန္တရအုပ်ချုပ်ရေးမျိုးကို ဦးတည်တဲ့ ကျယ်ပြန့်ပြီး ထိရောက်မှုရှိတဲ့ အပြောင်းအလဲတွေနဲ့ ယှဉ်တွဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့မှ ကိုအောင်ခိုင်မင်းကပြောသည်။ “မြန်မာနိုင်ငံမှာက မတူကွဲပြားတဲ့လူနည်းစုတွေ အများအပြား နေထိုင်တဲ့ လူမှုအဝန်းအ၀ိုင်းတစ် ခုဖြစ်တာကြောင့် ဒီဥပဒေပြင်ဆင်မှုဟာ လက်ရှိ ဒီမိုကရေစီကို ဦးတည်ပြောင်းလဲနေတဲ့အချိန်မှာ အောက်ခြေက လူထုအသိုင်းအ၀ိုင်းအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကိုယ်စားပြုမှုတွေကို ထည့်သွင်းဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒေသန္တရအဆင့်ဒီမိုကရေစီက မတူကွဲပြားမှုတွေကို ကိုယ်စားပြုပေးဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်။” ဟု ၎င်းက ဆက်ပြောသည်။
ယခုစာတမ်းတိုတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့်ပတ်သက်သော နောက်ခံသမိုင်းကြောင်းနှင့် ပြဿနာများအပြင် ဒေသန္တရအဆင့် ဒီမိုကရေစီ၊ ပြည်သူအားလုံး၏ ပါဝင် လှုပ်ရှားခွင့်နှင့် တန်းတူညီမျှမှုရှိသော မဲပေးခွင့်ကို အားပေးမြှင့်တင်ပေးရန်အတွက် လွှတ်တော်နှင့် မြန်မာ စစ်တပ်ထံသို့ အကြံပြုတိုက်တွန်းချက်များ ထည့်သွင်းထားပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီ နည်းကျ လုပ်ငန်းစဉ်များကို အခြေခံအဆင့်တွင် ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်သည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သတင်းထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
လက်ကမ်းစာစောင် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
လက်ကမ်းစာစောင် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.