မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၌ ပြဌာန်းအတည်ပြုခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသည် ယခင် ကိုလိုနီခေတ်ကာလ ဒေသန္တရအုပ်ချုပ်ရေးဥပဒေမှ ဆင်းသက်လာသော၊ ရှင်းလင်းမှု မရှိသည့် စည်းမျဉ်းများနှင့် အာဏာပိုင်ဆန်ဆန် အုပ်ချုပ်ဆောင်ရွက်မှုများဖြင့် ကျပန်းဆန်ဆန် ပြဌာန်းဆောင်ရွက်ခဲ့သည့် ဥပဒေတစ်ရပ် ဖြစ်သည်။ အဆိုပါဥပဒေအပေါ် တတိယကြိမ်မြောက် တိုးတက်ပြင်ဆင်ချက်များ ပြုလုပ်ခဲ့သော်လည်း လူထုပါဝင်မှုရှိသော အုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတစ်ခု၏ အခြေခံမူများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကို ပျက်ပြယ်စေသည့် ပြဿနာအရင်းခံကဏ္ဍများ ဆက်လက်ပါဝင်နေပါသည်။ ထို့အပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကြီးကြပ်ရသော တပ်မတော်မှ ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း ၎င်းဥပဒေသည် အာဏာကြီးမားသော အုပ်ချုပ်ရေးကဏ္ဍကို ထိန်းချုပ်ထားသည့် လက်နက်ကရိယာတစ်ရပ် ဖြစ်နေပေသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသည် ရပ်ရွာလူထု အသိုင်းအဝန်းနှင့် နိုင်ငံတော် အကြား အဓိက ဆက်သွယ်ပေးနေသောအရာ ဖြစ်သည်နှင့်အညီ ဒေသန္တရဖွံ့ဖြိုးရေးအတွက်လည်း စီမံအုပ်ချုပ်မှုအရ အောက်ခြေ အကျဆုံးဖြစ်နေကာ ပြည်သူလူထု၏ အကျိုးစီးပွားကို ကိုယ်စားပြုပေးရမည်ဖြစ်သည့် အလျောက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများသည်လည်း အရေးကြီးလာရပါသည်။ ထိုဒေသန္တရ ရွေးချယ်ပွဲများသည် သာမန်နိုင်ငံသားများအတွက် ၎င်းတို့၏ ဒီမိုကရေစီအခွင့်အရေးများကို လက်တွေ့ ကျင့်သုံး နိုင်သည့် နည်းလမ်းများထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ဒေသန္တရအဆင့်တွင် ဒီမိုကရေစီဖွံ့ဖြိုးမှု၊ တက်ကြွသော နိုင်ငံသားအဖြစ်ရရှိမှုနှင့် ကောင်းမွန်သော အစိုးရအုပ်ချုပ်မှုရရှိရေးအတွက်ပါ အရေးကြီးသည်နှင့်အမျှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် လက်လွတ် အဆုံးရှုံး မခံနိုင်သော အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေပေသည်။
ပြီးခဲ့သည့် ဥပဒေအား အနည်းငယ် ပိုမိုတိုးတက်အောင်လုပ်သည်မှအပ နောက်ထပ် ပြင်ဆင်မှုများ မပြုလုပ်ပါက အန္တရာယ်များ ဆက်ရှိနေသေးကာ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများအတွက် ဥပဒေမှ တာဝန် ပေးထားမှုများသည်လည်း ရှင်းလင်းပြတ်သားမှု မရှိလှသော ဗျူရိုကရေစီ ဆောင်ရွက်မှုများ ပုံစံထက် မပိုချေ။ အဆိုးဆုံးမှာ အမျိုးသမီးများ၊ လူငယ်များ၊ အခြားဖယ်ကျဉ်ခံ လူနည်းစုများ၏ မဲပေးခွင့်ကို ကန့်သတ်ထားခြင်းဖြင့် ပြည်သူ၏အသံကို အပြည့်အ၀ ဖော်ထုတ် ရောင်ပြန်ဟပ်နိုင်ခွင့်ကို မရရှိစေသောကြောင့် ဒေသန္တရအဆင့် ဒီမိုကရေစီ ကျင့်သုံးမှုမှာ အပေါ်ယံ အလှပြ လုပ်ဆောင်နေသည့်ပုံစံအဖြစ် ဤရွေးကောက်ပွဲများက ဖြစ်ပေါ်စေနိုင်ခြင်းဖြစ်သည်။
လူထုအခြေပြု အရပ်ဘက်လူထုအဖွဲ့အစည်းများအနေဖြင့် ဤဥပဒေကို ပြင်ဆင်မှုများပြုလုပ်ပေးရန် တိုက်တွန်း နေစဉ်မှာပင် အချို့သော အခန်းများကို ပြင်ဆင်ခဲ့သော်လည်း ထပ်မံ ပြင်ဆင်စရာ များစွာ ရှိနေသေးပေသည်။ အောက်ခြေ လူထုအဆင့်တွင် ဒီမိုကရေစီဖြစ်စဉ်ကို အခြေတည်နိုင်ရန်ဖြစ်စေမည့် ဒေသန္တရ အခြေခံ ဒီမိုကရေစီ၊ လူထုပါဝင်မှုနှင့် မဲပေးခွင့် တန်းတူညီမျှမှုကို မြှင့်တင်ပေးရန်အလို့ငှာ ဤအကျဉ်းချုပ်စာတမ်းတွင် ညွှန်းပြ လမ်းကြောင်း ပေးထားသကဲ့သို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၏ ပြဿနာ ရှိနေသော ပုဒ်မများကို ပြန်လှန် သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကို လွှတ်တော်အနေဖြင့် မဖြစ်မနေ ဆက်လက်၍ ပြုလုပ်နေရန် လိုအပ်ပါသည်။
စာတမ်းတို အပြည့်အစုံ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
စာတမ်းတို အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.