13 December 2017
Arakan Journalist Association, Burma News International, Myanmar Journalists Association, Myanmar Journalist Networt, Myanmar Journalist Union, Myanmar Women Journalists Society, Myanmar Media Lawyers’ Network, Myae Latt Journalist Network, Myanmar Journalist Network (Ayarwaddy), Lashio Reporters Group, Myanmar Journalist Network (Monywa) and Taunggyi Journalist Association
ရိုက်တာ(Reuters)သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံးနှင့် ကျော်စိုးဦး(ခ) မိုးအောင် တို့နှစ်ဦးကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်အစီရင်ခံစာများ လက်ဝယ်တွေ့ရှိသဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ၊ ပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ညက ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ဖမ်းဆီးခဲ့သည်ဟု သိရှိရပါသည်။
သတင်းသမားများအနေဖြင့် သတင်းဖြစ်ပွားရာနေရာသို့ သွားရောက်သတင်းယူခွင့်ရှိသကဲ့သို့ သတင်းပြည့်စုံမှန်ကန်စွာတင်ပြနိုင်ရန် သတင်းနှင့်ဆက်စပ်သည့် အချက်အလက်များကို မေးမြန်းစုဆောင်းခွင့် ရှိသည်ဟုယုံကြည်ပါသည်။
သတင်းသမားများသတင်းအလုပ်လုပ်ရာမှ သိရှိလာသည့် အချက်အလက်များအနက် နိုင်ငံတော်လုံခြုံရေးအား ထိခိုက်စေနိုင်သည့်အချက်အလက်တို့ကို အများပြည်သူသိအောင် မဖော်ပြသင့်သည်ကို လက်ခံသော်လည်း သတင်းနှင့်ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမျှဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကိုချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျပါသည်။
ဗြိတိသျှကိုလိုနီအစိုးရက အုပ်ချုပ်ခံမြန်မာပြည်သူများကို နှိပ်ကွပ်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီအစိုးရ အတွက် ဂုဏ်သိက္ခာကျဆင်းစေသည့်လုပ်ရပ်အဖြစ် ကျွန်ုပ်တို့အဖွဲ့အစည်းများက ရှုမြင်ပါသည်။
ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာအသိုင်းအ၀ိုင်းတွင် မြန်မာအစိုးရအပေါ် သံသယကြီးထွား နေချိန်၌ ယခုကဲ့သို့ မြန်မာသတင်းသမားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာလည်း အစိုးရ၏ဂုဏ်သိက္ခာကို ပို၍ညစ်နွမ်းစေနိုင်ပါသည်။
ဖမ်းဆီးထိန်းသိမ်းပြီးနောက် မိသားစုဝင်များကိုပင် ဆက်သွယ်အသိပေးခြင်းမပြုဟုလည်း စုံစမ်းသိရှိရပါသဖြင့် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမည်ကိုလည်း ကျွန်ုပ်တို့အဖွဲ့အစည်းများအနေဖြင့် များစွာစိုးရိမ်မကင်း ဖြစ်ရပါသည်။
အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် ယခုဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာရှင်းပြပေးရန်နှင့် သတင်းလုပ်ငန်း လုပ်ကိုင်သည့် သတင်းစာဆရာများအား အမြန်ဆုံးပြန်လွှတ်ပေးပါရန် ကျွန်ုပ်တို့အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုပါသည်။
ထုတ်ပြန်ကြေညာချက် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။
19 May 2026

09 June 2026