12 September 2017
ယနေ့ထုတ်ပြန်ပေးပို့သော အိတ်ဖွင့်ပေးစာတွင် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား စစ်တပ်ချင်း ပူးပေါင်း ဆက်ဆံရေး ပုံမှန်ထူထောင် တိုးချဲ့နိုင်ရေးအတွက် National Defense Authorization Act (NDAA) ဥပဒေ အား ပြင်ဆင်ရေးအဆိုပြုချက်ကို အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှ အတည်ပြုခြင်း မပြုလုပ်ရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း ၈၅ ဖွဲ့က တောင်းဆိုကြပါသည်။
“ကျနော်တို့နိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ရရှိဖို့ ကြိုးပမ်းရုန်းကန် တည်ထောင်တဲ့ နေရာမှာ မြန်မာစစ်တပ်က အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အောင်ခိုင်မင်းက ပြောဆိုသည်။ “မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြတာမျိုး မလုပ်ဘဲ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ချီးမွမ်းထောမနာပြုတာက အမေရိကန် ပြည်ထောင်စုအစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းအားထုတ်မှု လမ်းတစ်လျှောက် ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့သူအဖြစ် ရှိနေတဲ့ဂုဏ်သတင်းကောင်းကို ပျက်ပြယ်သွားစေနိုင်တဲ့ လုပ်ရပ်သာဖြစ်ပါ လိမ့်မယ်။ ဒီလိုလုပ်ဆောင်မှုက ပြည်သူလူထုရဲ့ အထူးသဖြင့် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေဒဏ်ကို နှစ်ပေါင်း များစွာ ခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေကိုလည်း ရောက်သွားနိုင်ပါတယ်။” ဟု ၎င်းမှဆက်ပြောသည်။
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်၏ NDAA ဥပဒေပြင်ဆင်ရေးမူကြမ်းသည် စစ်တပ်နှစ်ခု အကြား စစ်ဘက်ဆက်ဆံရေး တိုးချဲ့ခြင်းများကို ခွင့်ပြုပေးမည်ဖြစ်ပြီး မြန်မာစစ်တပ်ကို အမေရိကန် ပြည်ထောင်စုစစ်ဘက်မှ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ရေးကိုလည်း အသက်ဝင်စေလိမ့်မည် ဖြစ်သည်။ မြန်မာစစ်တပ်၏ ဆိုးဝါးသည့် လုပ်ရပ်များကို ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသည့် တိုင်းရင်းသား များအတွက် ယင်းအဆိုပြုချက်သာ အတည်ဖြစ်သွားမည်ဆိုပါက ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည့် မြန်မာ့စစ်တပ်အဖွဲ့အစည်းကို တရားဝင်ဖြစ်စေမည့်အပြင် တိုင်းရင်းသားပြည်သူများအပေါ် လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်နိုင်ရန် ခွင့်ပြုသလိုလည်း ဖြစ်သွားစေပါလိမ့်မည်။ “တကယ်လို့သာ နှစ်နိုင်ငံကြား စစ်တပ်ချင်းအပြည့်အ၀ဆက်ဆံရေးတစ်ခု ထူထောင်လိုက်မယ်ဆိုရင် တာဝန်ယူမှုတာဝန်ခံမှု ကင်းကင်းနဲ့ ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမှူးပြုတဲ့ မြန်မာစစ်တပ်ကို တရားဝင် ဖြစ်သွားစေလိမ့်မယ်။ ဒါ့အပြင် တိုင်းရင်းသားနဲ့ ဘာသာခြားလူနည်းစုတွေအပေါ် ရှေ့လျှောက် လူ့အခွင့်အရေး ချိုးဖောက်သွားဖို့ ရဲဆေးတင်ပေးသလို ဖြစ်လိမ့်မယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူးဖြစ်သူ မွန်းနေလီ မှဆိုပါသည်။
မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် အတင်းအဓမ္မ စေခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ထင်သလိုဖမ်းဆီးမှု၊ ဥပဒေမဲ့သတ်ဖြတ်မှု စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ဒေသခံနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည့် မှတ်တမ်းများ ရှိနေပြီး ဖြစ်သည်။ “မုဒိမ်းကျင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို စစ်လက်နက်တစ်ခုအဖြစ် သူတို့စနစ်တကျ အသုံးပြုနေတာ မှားကြောင်း မြန်မာစစ်တပ်က ကောင်းကောင်းသိတယ်။ ဒီလိုမလုပ်သင့်ဘူးဆိုပြီး အမေရိကန်စစ်တပ်က သင်တန်းပေးနေစရာမလိုဘူး။ တကယ်ဆိုရင် ပြစ်မှုကျူးလွန်သူက တာဝန်ခံတတ်ဖို့ပဲ လိုတယ်။” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ လွေးပိုးငယ်က ဆိုပါသည်။
NDAA ဥပဒေပြင်ဆင်ရေး အဆိုပြုချက်များကို အတည်မပြုရန်နှင့် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြသည့် ဒီမိုကရက်တစ် အင်အားစုများကို ဆက်လက်အားပေး ပူးပေါင်းဆောင်ရွက်သွားရန် အမေရိကန်အောက်လွှတ်တော်အား ဤအိတ်ဖွင့်ပေးစာမှ တိုက်တွန်းထားပါသည်။
အယ်ဒီတာများအတွက်မှတ်ချက် ။ ။ အိတ်ဖွင့်ပေးစာအား ထောက်ခံလက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း များ၏ လုံခြုံရေးနှင့် လက်တုံ့ပြန် အရေးယူခံရနိုင်သည့်အရေးကြောင့် အဖွဲ့အစည်း ၈၅ ဖွဲ့အမည်များအား ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားပါသည်။
သတင်းအချက်အလက်များကို ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့
+၉၅ (၀) ၉၇ ၉၉၅ ၅၃၀၅ (မြန်မာ)၊ +၆၆ (၀) ၉၇ ၉၉၅ ၅၃၀၅ (ထိုင်း)၊ [email protected]
မွန်းနေလီ၊ အထွေထွေအတွင်းအရေးမှူး၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ
+၉၅ (၀) ၉၇ ၈၃၅ ၃၈၇၁၇ (မြန်မာ)၊ +၆၆ (၀) ၈၅ ၅၂၃ ၃၇၉၁ (ထိုင်း)၊ [email protected]
လွေးပိုးငယ်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
+၉၅ (၀) ၉၄ ၅၀၀ ၂၉၀၈၂ (မြန်မာ)၊ [email protected]
သတင်းထုတ်ပြန်ချက် မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ကိုရယူနိုင်သည်။
အိတ်ဖွင့်ပေးစာ မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ကိုရယူနိုင်သည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.