ဖမ်းဆီးထားသော DVB သတင်းဋ္ဌာနမှ သတင်းထောက်နှစ်ဦး နှင့် ဧရာဝတီသတင်းဋ္ဌာနမှ သတင်းထောက်တစ်ဦးတို့ လွတ်မြောက်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA) မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန် ကြေညာချက်

၁။ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၂၆ ကသတင်းထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။

၂။ ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်း၌ တပ်မတော်စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေးဆောင်ရွက်စဉ် ဇွန်လ ၂၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲတွင် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ကြောင်း အဆိုပါလိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတွင် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့ အပါအ၀င် အမျိုးသား ၇ ဦး လိုက်ပါလာပြီး ၎င်းတို့အား စစ်ဆေး ဖော်ထုတ်ချက်အရ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာ ခန့်မှန်မြေပုံညွှန်း (KF-955 316) တစ်ဝိုက်ရှိ နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား လက်နက်ကိုင်ဆန့်ကျင် လျက် ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်း နှင့်လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်ဟု အဆိုပါ သတင်းတွင်ဖော်ပြထား ပါသည်။

၃။ DVB သတင်းအေဂျင်စီ အကြီးတန်းသတင်းထောက်ဦးအေးနိုင် နှင့် သတင်းထောက် ဦးပြည့်ဘုန်းနိုင် (ခ) ပြည့်ဘုန်းအာင် တို့သည် TNLA ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းရယူခြင်းဖြစ်ကြောင်း DVB က သတင်း ထုတ်ပြန်ခဲ့ပါသည်။ အလားတူ သတင်းထောက်ဦးသိန်းဇော်သည် ပလောင်ဒေသတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတင်းသွားယူခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကလည်း သတင်းထုတ်ပြန်ခဲ့ကြောင်းသိရ ပါသည်။

၎။ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ခုနှစ်၊ မတ်လ၁၄ရက်တွင် သတင်းမီဒီယာဥပဒေကို အတည်ပြု ပြဋ္ဌာန်း ပေးခဲ့ပြီး ၂၀၁၅ခုနှစ် ဇွန်၁၇ ရက် တွင် သတင်းမီဒီယာနည်းဥပဒေကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ သတင်းမီဒီယာ ဥပဒေအခန်း (၃) “သတင်း မီဒီယာသမားများ၏ ရပိုင်ခွင့်” ကိုလည်းပေးထားပြီး ဖြစ်ပါသည်။

၅။ ထိုဥပဒေ၊ နည်းဥပဒေများအရ မည်သည့်သတင်းသမားမဆို စစ်မက် ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ် ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် – (က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သောကိရိယာများကို သိမ်းယူ ခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်ဟုပြဆိုထားပါသည်။

၆။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသတင်းသမားများ၏ လွတ်လပ်စွာလုပ်ငန်း ဆောင်ရွက်ပိုင်ခွင့်ကို အကာအ ကွယ်ပေးရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီ ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)သည် အဆိုပါ ဖြစ်စဉ်အပေါ်များစွာ စိတ်မ ကောင်း ဖြစ်ရပါသည်။

၇။ ထို့ကြောင့် တပ်မတော်က စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသော DVB သတင်းဋ္ဌာနမှ သတင်းထောက်နှစ်ဦး နှင့် ဧရာဝတီသတင်းဋ္ဌာနမှ သတင်းထောက်တစ်ဦးတို့ လွတ်မြောက်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးပါရန်
မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA)
မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန် ကြေညာ အပ်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA)

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် လည်းဖတ်ရှုနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia