28 April 2017
အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသော ပေါင်းကူး၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ရက် (KESAN) ၊ ဒို့မြေကွန်ရက်၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) သည် ဧပြီ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် အီးယူ-မြန်မာ နှစ်ဘက်ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူစာချုပ် (Investment Protection Agreement (IPA)) နှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေအား အကျဉ်းချုပ် ပြောကြားသွားမည့် အစီအစဉ်သို့ တက်ရောက်နိုင်ခြင်းမရှိပါဟု ဥရောပသမ္မဂ္ဂကော်မရှင်အား အကြောင်းကြားခဲ့ပါသည်။
“ကျွန်တော်တို့အနေနဲ့ ယခုလက်ရှိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားလိုက်ရင် ဒီအချိန်က ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးတဲ့ သဘောတူညီချက်စာချုပ်တွေ ချုပ်ဖို့သင့်လျော်တဲ့ အချိန်မဟုတ်ဘူးလို့ ခဏခဏ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်နေရဆဲ ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေး ကြိုးစားတည်ဆောက်နေရဆဲလည်း ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေ၊ သဘော ဆန္ဒတွေကို အာမခံချက်ပေးနိုင်တဲ့ ငြိမ်းချမ်းပြီး ခိုင်မြဲတည်တံ့တဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် မူဝါဒချမှတ်တာတွေ ပြင်ဆင်တာတွေ အများကြီးလုပ်ရဦးမှာ ဖြစ်တယ်။ ဒီလိုရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် လက်ရှိလုပ်နေတဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို အကျပ်ရိုက် စေနိုင်တယ်။ ရပ်တန့်သွားစေနိုင်ပါတယ်” (ဒေါက်တာကျော်သူ၊ ပေါင်းကူး)
“ကျွန်တော်တို့ မြင်တာကတော့ အခုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးတဲ့ သဘောတူညီချက်စာချုပ် ညှိနှိုင်းဆွေးနွေးပွဲတွေက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာကို တွေ့ရတယ်။ ဒါတွေမရှိတော့ ကျွန်တော်တို့အနေနဲ့လည်း အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အတားအဆီးဖြစ်စေတယ်လို့ မြင်တယ်” (စောအဲလက်စ်၊ Kesan)
၂၀၁၄ တွင် European Ombudsman ခေါ် ဥရောပသမ္မဂ္ဂအောက်ရှိ ဌာနများ၊ အဖွဲ့အစည်းများနှင့်ပတ်သက်၍ တိုင်ကြားလျှင် စုံစမ်းစစ်ဆေးရန်တာဝန်ရှိသည့် အရာရှိမှ ဥရောပသမ္မဂ္ဂကော်မရှင်နှင့်ကောင်စီအား အတ္တလန်တစ်ဝန်းကျင်နိုင်ငံများ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်သဘောတူညီမှု (TTIP) ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် တရားဝင်စုံစမ်း စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။ ကနေဒါ၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစသည့် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးသည့်ဖြစ်စဉ်မှာ တိုးတက်မှု ရှိခဲ့သော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလွန်လျှို့ဝှက်စွာ လုပ်ဆောင်သွားသည်ကို တွေ့ရပါသည်။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမည့်ရက်အား ကြိုတင်အသိမပေးခြင်း၊ ဥရောပသမ္မဂ္ဂ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ဖော်ပြချက်များကိုလည်း လူထုအားအသိမပေးခြင်း၊ နောက်ဆုံးဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေး၏ ရလဒ်မှ လွဲ၍ ယခင်ဆွေးနွေးမှုများ၏ ရလဒ်များကို ပွင့်လင်းမြင်သာစွာ အစီရင်ခံမှုမရှိခြင်း စသည်တို့ကို တွေ့ရပါသည်။
ဖိလစ်ပိုင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသောကြောင့် ရပ်ထားသော်လည်း မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးသော်လည်း ဥရောပသမ္မဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ်ထိုးရန်အတွက်မူ ဆက်လက် သွားနေသည်ကို တွေ့ရသည်။
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခု ၅ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်မည့်အစီစဉ်ကို Politico မဂ္ဂဇင်းတွင် ဥရောပသမ္မဂ္ဂ မီဒီယာပြောရေးဆိုခွင့်ရှိသူမှ အနည်းငယ်ထည့်ဆွေးနွေးသွားသည်မှ တစ်ဆင့်သာ ဦးစွာသိခဲ့ရပါသည်။ ထို့နောက် အရပ်ဘက်အဖွဲ့အစည်းများမှ ဥရောပသမ္မဂ္ဂကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒါဆိုင်ရာဌာန၏ ဦးဆောင်သူ Mr. Carlo Pettinato အား ညှိနှိုင်းမှုဖြစ်စဉ် ပွင့်လင်းမြင်သာမှု မရှိသည်ကို စိုးရိမ်ကြောင်း ဖော်ပြထားသည့်စာကို ပို့ခဲ့သော်လည်း ယနေ့အထိ ပြန်စာမရသေးပါ။
ထို့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ယခုဖိတ်ကြားမှုမှာ အလွန်အချိန်ကပ်၍ အကြောင်းကြား သည်ဟု ထင်ပါသည်။ “ရင်းနှီးမြှုပ်နှံမှုသဘောတူညီမှု စာချုပ်မှာပါတဲ့ စာသား၊ စာပိုဒ်တွေက နည်းပညာ အလွန်ဆန်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ကြိုတင်လေ့လာနိုင်ပြီး သက်ဆိုင်ရာပညာရှင်များနဲ့ ဆွေးနွေးလို့ရအောင် မပို့ထားရင် ကျွန်တော်တို့အနေနဲ့ အခုလိုအစည်းအဝေးမှာ အဓိပ္ပါယ်ရှိရှိ ဝင်ဆွေးနွေးနိုင်ဖို့ ခက်ခဲပါတယ်။” (စည်သူ၊ ဒို့မြေကွန်ယက်)
မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဥရောပသမ္မဂ္ဂကော်မရှင်နှင့် ယခုပြုလုပ်နေသော ညှိနှိုင်းသည့် ဖြစ်စဉ်အား ပို၍ ပွင့်လင်းမြင်သာမှုရှိနိုင်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှု ပိုမိုအားကောင်းလာနိုင်ရန်အတွက် ဆွေးနွေးသွားရန် ဖိတ်ခေါ်လျက်ရှိပါသည်။
နောက်ဆုံးအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဥရောပသမ္မဂ္ဂကော်မရှင်အား အောက်ပါအချက်များကို တောင်းဆိုပါသည်။
၁) ဥရောပသမ္မဂ္ဂနှင့် မြန်မာနိုင်ငံကြားညှိနှိုင်းထားသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်ကြမ်း အား ပြည်သူများကိုချပြရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနားလည်နိုင်ရန်အတွက် မြန်မာဘာသာ ပြန်ပေးရန်။
၂) ပြည်သူအားလုံး၏ စိုးရိမ်မှုများကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပေးနိုင်သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများ ပြုလုပ်ရန်။
၃) အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကာကွယ်နိုင်၍ တာဝန်ခံမှုရှိစေရန် ယခင်တောင်းဆိုခဲ့သော လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ ဆန်းစစ်ချက်ပြုလုပ်ရန်။
၎) နှစ်ဘက်ညှိနှိုင်းမှုဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားကောင်းစွာပြုလုပ်ရန်။
၅) ညှိနှိုင်းမှုဖြစ်စဉ်အား ဥရောပသမ္မဂ္ဂမှ ကျယ်ကျယ်ပြန့်ပြန့်ပံ့ပိုးပေးနေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်သည့်ဖြစ်စဉ်တွင် သိသာသော တိုးတက်မှု မရှိမခြင်း ရပ်တန့်ထားရန်။
ဆက်သွယ်ရန်
ဒေါက်တာကျော်သူ (ပေါင်းကူး) – 092 043 709
စောအဲလက်စ် (KESAN) – 09 761 770 115
သန့်စင် (MATA) – 09 422 190 691
စည်သူ (ဒို့မြေကွန်ရက်) – 09 795 544 087
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.