ကယန်းမျိုးဆက်သစ်လူငယ်၏ (၇) ကြိမ်မြောက်ညီလာခံအပြီး ဒုတိယနှစ် နှစ်ပတ်လည်အစည်းအဝေး၏ ထုတ်ပြန် ကြေညာချက်

၁။   ကယန်းမျိုးဆက်သစ်လူငယ်၏ (၇) ကြိမ်မြောက်ညီလာခံအပြီး ဒုတိယနှစ် နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို (၂၀၁၇ ခုနှစ်၊ မတ်လ၊ ၂၈ ရက်) မှ (၂၀၁၇ ခုနှစ်၊ မတ်လ၊ ၃၀ ရက်) နေ့ အထိ  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ပွဲကုန်း(၂) ရပ်ကွက်တွင် တက်ရောက်သူ ဦးရေ (၇၁) ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းနှစ်ပတ်လည်အစည်းအဝေးတွင် တစ်နှစ်တာ ပြီးမြောက်ခဲ့သော လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ကယန်းမျိုးဆက်သစ်လူငယ်၏ ကော်မတီအလိုက် ချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စံသတ်မှတ်ချက်များကို ပြန်လည်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ခြင်းအပါအ၀င်  နိုင်ငံရေး၊ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ ပညာရေးဆိုင်ရာ အခြေအနေများကို တင်သွင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

၂။ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ပညာရေးဆိုင်ရာ အခြေအနေများကို သုံးသပ်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။

      • နိုင်ငံတော်အစိုးရမှ ပညာရေးဆိုင်ရာ မူဝါဒ ဥပဒေများရေးဆွဲရာတွင်လည်းကောင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင်လည်းကောင်း၊ ပညာရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲရာတွင် လည်းကောင်း တိုင်းရင်းသားများ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမှုမှာ အားနည်းနေသည်။
      • နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားများ၏ ပြုစုထားသော သင်ရိုးညွှန်းတမ်း၊ အဆိုပြု ထားသောပညာရေးစနစ်၊ တည်ဆောက် ထားသော ကျောင်းနှင့် ခန့်အပ်ထားသော ဆရာဆရာမများကို  အသိအမှတ်ပြုမှု အားနည်းနေသည်။
      • ဒေသအတွင်းရှိ အဖွဲ့အစည်းများ၊ဒေသခံ ပြည်သူလူထုများမှ ပညာရေးကဏ္ဍတွင် ပူးပေါင်း ပါဝင်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ အားနည်းနေသည်။

၃။    နိုင်ငံရေးဆိုင်ရာ အခြေအနေများကို သုံးသပ်ရာတွင် အောက်ပါအတိုင်းတွေ့ရသည်။

      • မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် ပညာရေး၊ကျန်းမာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များမှာ အဘက်ဘက်မှ တိုးတက်မှု နှောင့်နှေးနေသည်။
      • ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအနိုင်ရအစိုးရပါတီမှလည်း နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ (၇) ချက် ချမှတ်ခဲ့သည်ကိုတွေ့ရသည်။
      • သို့ရာတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် လက်နက်ကိုင်တိုင်းရင်းသားများအားလုံးမှ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခပ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ထိုးနိုင်မှုမရှိသေးခြင်း၊၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရသောတိုင်းရင်းသား အခြေပြုပါတီများမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့) ၂၁-ရာစု ပင်လုံညီလာခံတွင် ပါဝင်ခွင့်မရှိခြင်း၊ လူမှုအခြေပြု အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခွင့် ပြုသော်လည်း အကန့်အသတ် များလွန်းခြင်း စသည်ဖြင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန် ခက်ခဲနေသည်။
      • ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပျက်နေသော တပ်မတော်မှ ထိုးစစ်ဆင်မှုနှင့် နိုင်ငံရေး တင်းမာမှုများကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရှေ့ဆက်လှမ်းရန် နှောင့်နှေးနေသည်။
      • တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ တစ်စုံတစ်ရာအာမခံချက် မပေးနိုင်သည်ကိုတွေ့ရသည်။
      • တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွှမ်းမိုးမှုလွန်ကဲ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ် ပေးနေသည်။

၎။  ကယန်းမျိုးဆက်သစ်လူငယ်မှ မြန်မာနိုင်ငံတိုင်းရင်းသားပညာရေးကဏ္ဍနှင့် ပတ်သက်၍ အောက်ပါအတိုင်း တိုက်တွန်းထုတ်ပြန်သည်။

      • နိုင်ငံတော်အစိုးရမှ ပညာရေးဆိုင်ရာ စီမံချက်များရေးဆွဲရာတွင် ဗဟိုပြုမူလွန်ကဲသော ပညာရေးစနစ်ကို လျှော့ချ၍ နယ်စွန်နယ်ဖျားဒေသများတွင် တည်ရှိနေသော တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍကို အထူးထည့်သွင်းစဉ်းစားရန်။
      • နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍ၏ အခြေခံလိုအပ်ချက်များဖြစ်သော ကျောင်းသင်ထောက်ကူပစ္စည်းများ၊ ဆရာ/ဆရာမများကို တစ်နိုင်ငံလုံးသာတူညီမျှ လုံလောက်စွာ အထောက်အပံ့ပြုရန်။
      • နိုင်ငံတော်မှ ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို (၂၀)%အထိ တိုးမြှင့်သတ်မှတ်ပေးရန်။
      • နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ ပြုစုထားသော သင်ရိုးညွှန်းတမ်း၊ အဆိုပြု ထားသောပညာရေးစနစ်၊ တည်ဆောက်ထားသော ကျောင်းနှင့် ခန့်အပ်ထားသော တိုင်းရင်းသား ဆရာ/ဆရာမ များကို  တရားဝင်အသိအမှတ်ပြုလေးစားရန်။

၅။   မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍

၁)   နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ လမ်းပြမြေပုံ (၇)ချက်မှ- (၁)နိုင်ငံရေးဆွေးနွေးမှုမှုဘောင်ပြန်လည်သုံးသပ်ခြင်း၊ (၂)နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည် ပြင်ဆင်ခြင်း ဟူသောအချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်။

၂)   နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှ တိုင်းရင်းသားဒေသများအပေါ် ထိုးစစ်ဆင်မှုများကို ရပ်တန့်၍ အပစ်ရပ်ကြောင်း ကြေငြာကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မပါဝင်နိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဖိတ်ကြားသွားရန်။

၃)   နိုင်ငံရေးမူဘောင် ရေးဆွဲရာတွင် တိုင်းရင်းသား အစုအဖွဲ့များအားလုံး ပါဝင်မှုရှိစေရန်အတွက် ထည့်သွင်း ရေးဆွဲရန်။

၎)   တပ်မတော်မှ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဘောင်များဆွေးနွေးရာတွင် လွှမ်းမိုးချုပ်ကိုင်မှုများ လျှော့ချရန်။

စသောအချက်များကို ဤနှစ်ပတ်လည်အစည်းအဝေးမှ အလေးအနက်ထားတိုက်တွန်းလိုပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါသည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia