မြန်မာ့သမိုင်းအဆက်ဆက်၏ နိုင်ငံရေးနယ်ပယ်များကို ကြည့်ရှုမည်ဆိုလျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့တွင် အမျိုးသမီးများပါဝင်မှုသည် အလွန်ပင် နည်းပါးနေဆဲဖြစ်သည်။ ယင်းသို့ဖြစ်ပွားရခြင်းမှာ အမျိုးသမီးသည် အိမ်တွင်းမှုကိစ္စများ၌သာ သင့်တော်သည်ဟူသော ယဉ်ကျေးမှုထုံးတမ်းဆိုင်ရာ ထင်မြင်ယူဆချက် များကြောင့်သာဖြစ်သည်။ အမျိုးသမီးများသည် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တတ်ကျွမ်းမှုမရှိဟု ထင်မြင်ယူဆထားသော ကျား၊မ ဆိုင်ရာ၊ ဂျဲ(န်)ဒါ ရှုထောင့်အမြင်မှားများကို မိရိုးဖလာ ယုံကြည်မှုများ၊ ဓလေ့ ထုံးတမ်းများနှင့် လူမှုဘဝခွဲခြားပုံသေသွင်းထားမှုများ၊ ဆက်ဆံမှုများမှ ပိုမိုခိုင်မာတောင့်တင်းစေသည်။ ထိုသို့ ထင်မြင်ယူဆချက်များအပြင် (သို့မဟုတ်) ယင်းကဲ့သို့ မှတ်ယူတွေးထင်နေခြင်းများကြောင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မူဘောင်များအတွင်း ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အတားအဆီးများ အမြစ်တွယ်လာစေရုံသာမက လူမှုဘဝနယ်ပယ်များတွင် အမျိုးသမီးပါဝင်မှုကိုပါ ပို၍ ဟန့်တား ပိတ်ပင်လျက်ရှိသည်။ ကျား၊မ ရေးရာ၊ ဂျဲ(န်)ဒါဆိုင်ရာ စံသတ်မှတ်ချက်များ၊ တရားသေ ပုံသွင်းမှတ်ယူထားမှုများသည် အမျိုးသား ကြီးစိုးသော လူမှုဘဝတစ်ခုအား ကာလကြာရှည်စွာ ဖြစ်ပေါ်လာစေသောအဓိက အချက်များဖြစ်သည်။ ထို့အပြင် အမျိုးသား မဟာဖိုဝါဒ ကြီးစိုးသည့် လူမှုဘဝတစ်ခု ပိုမိုခိုင်မာလာရန် အမျိုးသမီးများအား အားနွဲ့ပြီး အကာအကွယ် အစောင့်အရှောက် လိုအပ်သောလူတစ်စုဖြစ်သည်ဟု သတ်မှတ်ထားသည့်အပြင်၊ အမျိုးသားများကိုမူ ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်သည့် ခေါင်းဆောင်မှု အရည်အချင်း၊ စွမ်းရည်များဖြင့် အလိုအလျောက် ပြည့်ဝသည့်ခေါင်းဆောင်များအဖြစ် သတ်မှတ်ယူဆကြသည်။ ထိုကဲ့သို့ စဉ်းစားတွေးခေါ် ပြုမူမှုများကြောင့် အမျိုးသားများအား နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များတွင် အဓိကကျသော အခန်းကဏ္ဍများ၌ နေရာပေးထားသော်လည်း၊ အမျိုးသမီးများသည် ယင်းကဲ့သို့ အရေးပါသော နယ်ပယ်များတွင် ဘေးဖယ်ထားခြင်းကို ခံနေရပါသည်။