21 December 2016
ရန်ကုန် – အနည်းဆုံးအခကြေးငွေဥပဒေ ထုတ်ပြန်လိုက်ပြီးနောက်တွင် အထည်ချုပ်လုပ်ငန်းရှင်တို့က ထိုဥပဒေကို လိုက်နာကြသော်လည်း လုပ်ငန်းခွင်အတွင်း စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဒီဇင်ဘာလဆန်းပိုင်းက ထွက်ပေါ်လာသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဥပဒေအရ တစ်ရက်လုပ်အားခ ကျပ် ၃,၆ဝဝ အနည်းဆုံးပေးပြီးနောက် ကုန်ထုတ်စွမ်းအားတိုးရန် ဖိအားပေးခြင်း၊ အိမ်သာအသုံးပြုချိန်၊ နေ့လယ်စာစားချိန် ကန့်သတ်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှ အထည်ချုပ်အလုပ်သမား ၁၉၉ ဦး၊ အလုပ်ရှင်အသိုင်းအဝိုင်း၊ အလုပ်သမားသမဂ္ဂတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းပြီး ရေးသားထားသော “အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း” အစီရင်ခံစာက ဆိုသည်။
“တကယ်လို့ အလုပ်သမားတွေ အမှားတစ်ခုခု လုပ်မိရင် ဥပမာ အဝတ်ချုပ်နေတုန်း မှားသွားရင်၊ အမှားအကြီးအသေးပေါ် မူတည်ပြီး ဒဏ်ရိုက်ခံရတယ်” ဟူသော ပဲခူးတိုင်းဒေသကြီးအတွင်းမှ အလုပ်သမားတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။
ရန်ကုန်၊ မင်္ဂလာဒုံမှ အလုပ်သမားတစ်ဦးကလည်း အလားတူ ပြောပြသည်။
“အပြောင်းအလဲတွေ အများကြီးပဲ၊ ဥပမာ ဘောနပ်တွေ မရှိတော့ဘူး၊ ကျန်းမာရေးစောင့်ရှောက်ဖို့ ငွေကြေးအထောက်အပံ့မရှိတော့ဘူး၊ နောက်ပြီး ကိုယ်လုပ်နိုင်တာထက် ပိုပြီး လုပ်ဖို့ အခိုင်းခံရတယ်” ဟု အဆိုပါ အလုပ်သမားက ပြောသည်။
လုပ်သားများသည် ၁ ပတ်လျှင် ၆ ရက်၊ နေ့စဉ် ပျမ်းမျှ ၁၁ နာရီအထိ အလုပ်လုပ်ကြရကြောင်း၊ အချိန်ပို လုပ်ကိုင်ရန်လည်း အတင်းအကျပ်စေခိုင်းခြင်း၊ ခြိမ်းခြောက်စေခိုင်းခြင်းတို့လည်း ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တချို့လုပ်ငန်းခွင်များတွင် အလုပ်သမားသမဂ္ဂများဖွဲ့စည်းရာတွင် ဦးဆောင်သူများကို အကြောင်းရှာ အလုပ်ထုတ်ခြင်း၊ အလုပ်သမားသမဂ္ဂဝင်များကို အကြောင်းရှာ ခြိမ်းခြောက်ခြင်းများလည်း ရှိနေကြောင်း ဖော်ပြထားသည်။
“ကျွန်မဒီမှာ(အလုပ်သမားသမဂ္ဂ) ဝင်လုပ်ရင် ကျွန်မကို စက်ရုံဘက်က ခြိမ်းခြောက်နိုင်တာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မမကြောက်ဘူး။ ကျွန်မတို့ရဲ့ အခွင့်အရေးကို ကျွန်မသိတယ်” ဟု အစီရင်ခံစာတွင် မင်္ဂလာဒုံစက်မှုဇုန် အထည်ချုပ်စက်ရုံလုပ်သားတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။
အစီရင်ခံစာကို အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့က ပြုစုရေးသားခြင်း ဖြစ်သည်။
ရှေ့ပြေးအသံသည် အရပ်ဘက်လူထုအသိုင်းအဝိုင်းအား အခြေပြုကာ လူထုပူးပေါင်းပါဝင်မှုနှင့် အခွင့်အရေးကို အခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည်။
အထည်ချုပ်စက်ရုံများအတွင်း ဖြစ်ပေါ်နေသော အခြေအနေများ ပိုမိုကောင်းမွန်လာရေးအတွက် ကြိုးပမ်းသွားမည်ဟု ထိုအဖွဲ့က ပြောသည်။
“အစိုးရအနေနဲ့က အလုပ်သမားဝန်ကြီးဌာနကိုပဲဖြစ်ဖြစ်၊ ဥပဒေပညာရှင်နဲ့ပဲဖြစ်ဖြစ် ညှိနှိုင်းပြီး လူတစ်ယောက် အသက်ရှင်ရပ်တည်နိုင်တဲ့ သင့်တော်တဲ့ လုပ်ခလစာရအောင် ကျွန်တော်တို့ တောင်းဆိုပေးဖို့ ရှိပါတယ်။ နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ် ကုမ္ပဏီတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ လုပ်ငန်းတွေ၊ အလုပ်သမားတွေကို ဖိနှိပ်တဲ့ပုံစံမဟုတ်တဲ့သူတွေနဲ့ ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့ ဖိအားပေးတိုက်တွန်းဖို့ပါ” ဟု ရှေ့ပြေးအသံအဖွဲ့၏ တာဝန်ခံတစ်ဦးဖြစ်သော ကိုအောင်ခိုင်မင်းက ပြောသည်။
အထည်ချုပ်စက်ရုံများမှ ထွက်သော အဝတ်အထည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အထည်ချုပ်စက်ရုံများက အလုပ်သမား နှစ်သိန်းဝန်းကျင်ကို အလုပ်အကိုင်ပေးထားသည်ဟု မြန်မာနိုင်ငံအထည်ချုပ်စက်ရုံ လုပ်ငန်းရှင်များအသင်းက ဆိုသည်။
ဤသတင်းရေးသားသူ နန်းညိုညိုဝင်းသည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.