07 December 2016
ရေကာတာစီမံကိန်းများ၏ နောက်ဆက်တွဲ ပြဿနာများမှ လက်ရှိရင်ဆိုင်နေရသော ရွှေလီ၊ ပေါင်းလောင်း၊ ထမံသီ၊ မြစ်ဆုံနှင့် သံလွင်ဒေသခံများတို့၏ ဘဝအခက်အခဲအခြေအနေများနှင့် ပတ်သက်ပြီး ရုပ်သံမှတ်တမ်း အစီရင်ခံခြင်း။
မြန်မာနိုင်ငံတွင် ရေကာတာကြီးများတည်ဆောက်လိုက်ခြင်းကြောင့် နိုင်ငံအတွင်းရှိ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ရွှေလီမြစ်၊ ပေါင်းလောင်းမြစ်များမှ ဒေသခံလူထုတို့၏ အသက်မွေးဝမ်းကြောင်းနှင့် တန်ဖိုးမဖြတ်နိုင်သော အမွေအနစ်များ၊ သမိုင်းအထောက်အထားများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်များကို လုံးဝပျောက်ကွယ်စေနိုင်သည့်အပြင် ပြန်လည်အစားထိုး၍မရနိုင်သည့် ဒေသခံတို့၏ ဘဝလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းများကို “ဖွံ့ဖြိုးရေးနောက်ကွယ်က သူတို့အသံ” ရုပ်သံမှတ်တမ်းတင်ပြီး ယနေ့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် “BRN” မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ပြီးသည့် ရွှေလီရေကာတာအမှတ် (၁) စီမံကိန်းတွင် လုံခြုံရေးယူပေးနေသော မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း ၁၄၄ သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းတွင်လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နေ့စဉ်နှင့်အမျှလက်နက်ကြီးများဖြင့် ပစ်ခတ်နေပါသည်။ ၂၀၁၆ ခုနှစ်တွင် အမှတ် (၁) စီမံကိန်းကြောင့် လျှပ်စစ်မီးဓာတ်လိုက်မှုနှင့် အခြားသောလူ့ အခွင့်အရေးချိုးဖောက်မှုဆက်လက်ဖြစ်ပွားသော်လည်း ကုပ္မဏီမှ တာဝန်ယူဖြေရှင်းခြင်းမရှိပေ။ ထို့အတူ “ရွှေလီအမှတ် (၃) ရေကာတာစီမံကိန်းကို ဆက်လက်လုပ်မယ်ဆိုရင်တော့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နေရာရွှေ့ပြောင်းမှုတွေဖြစ်စေမယ့်အပြင် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်မှုဖြစ်စေပါတယ်” ဟု TSYU မှ မိုင်းအမ်ငေး ကဆိုပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား တရားဝင်ခရီးစဉ်မှ ထုတ်ပြန်ထားသော ပူးတွဲကြေညာချက်ထဲတွင် လျှပ်စစ်ဆိုင်ရာအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းဆိုင်ရာတို့အပါအဝင် ပတ်သက်ပြီး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၀၇ ခုနှစ်တွင် ထမံသီရေကာတာစီမံကိန်းတည်ဆောက်ရန် ကျေးရွာ ၂ ရွာပြောင်းရွှေ့ခံခဲ့ရပြီး လက်ရှိထိုစီမံကိန်းကို ပြန်လည်တည်ဆောက်မည်ဆိုပါက ရေမြုပ်ဧရိယာအတွင်းရှိ ကျေးရွာနှင့် လူဦးရေပေါင်း ၄၅၀၀၀ ကျော်ထပ်မံပြောင်းရွှေ့ခံရမည်ဖြစ်သည်။ “စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ပေါ် တည်ဆောက်မည့် ထမံသီရေကာတာကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၎င်းရေကာတာနှင့်ပတ်သက်ပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အများကြီးထိခိုက်နိုင်သောကြောင့် ရပ်ဆိုင်းရန် ကြေညာလိုက်တယ်၊ ဆိုတော့ အခုကပြည်သူတွေရွေးကောင်လိုက်တဲ့ အရပ်သားအစိုးက ဘာကြောင့် ပြန်လည်အကောင်အထည်ဖို့ ကြိုးစားနေရတာလဲ” ဟု ဒေါ်ဘွိုင်နူး ကပြောပါတယ်။
ဂျွန်လ ၂၃ ရက်နေ့တွင် သမ္မတဦးထင်ကျော်ကိုယ်တိုင် အထက်ပေါင်းလောင်းရေအားလျှပ်စစ်နှင့် ပတ်သက်ပြီး ကြည့်ရှု့လေ့လာစဉ်တွင် “ရေလွှမ်း ရေ၀ပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာများအား စနစ်တကျရွှေ့ပြောင်း နေရာချထားပေးမှု၊ အဆိုပါ စီမံကိန်း၏ ရေဝပ်ဧရိယာအတွင်းကျရောက်သော ကျေးရွာများ ရွှေ့ပြောင်းရေးအတွက် စုစုပေါင်းငွေကျပ် (၃၁ ဒသမ ၅၃၄) ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ခဲ့ပြီး ကျေးရွာသစ်နေရာများအတွက် စိုက်ပျိုးမြေ (၈၂၉၇) ဧကခန့်ကိုလည်း ဖော်ထုတ်ပေးခဲ့သည်” ဟု မြန်မာ့အလင်း မှဖော်ပြထားသည်။ သို့သော် ပေါင်းလောင်းဒေသခံများသည် မိမိတို့အစားထိုးရရှိခဲ့သည့် အိမ်ခြံမြေနှင့် လယ်ယာစိုက်ခင်းများမှာ ယခင်ရွာဟောင်းမှာရှိသည့် ပုံစံမျိုးမဟုတ်ဘဲ ကျဉ်းကြပ်သည့်အိမ်ခြံမြေများသာရရှိခဲ့ခြင်း မြေဆီမကောင်းသည့် တောင်ပေါ်ဒေသတွင် စိုက်ပျိုးရေးခြံများ ဖော်ဆောင်ပေးခြင်းများမှာလည်း မည်သို့မျှလုပ်ကိုင်စားသောက်ရန် အဆင်မပြေကြပေ။ ဤသို့ရွှေ့ပြောင်းခံကြရသည့် ပေါင်းလောင်းဒေသခံများမှာ ယခင်ကမဖြစ်ဘူးသော လူမှုရေး ပြဿနာများစွာ ဖြစ်ပေါ်နေကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ် နှင့် သံလွင်မြစ်သည်လည်း ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ဒေသခံပြည်သူများသည် အခက်အခဲအမျိုးမျိုးနှင့် နေ့စဉ်ဘဝများ ဖြတ်သန်းနေရမှုအပေါ် “အခုပြောင်းလာတဲ့ရွာသစ်အိမ်က မိုးရာသီလေတိုက်လို့ရှိရင် အိမ်ထဲမှာမနေရဲဘူး၊ ပြီးတော့ စားဖို့သောက်ဖို့ ဟင်းသီးဟင်းရွက်တွေဝယ်ဖို့လဲ ဝင်ငွေကမရှိတော့ အခက်အခဲဖြစ်တာပေါ့၊ ဒီနောက်ပိုင်းမှာ ကျမက ရွာဟောင်းမှာ အိမ်သွားဆောက်ထားတယ် ပြီးတော့ ရွာဟောင်းမှာပဲ ပြန်လုပ်ကိုင်စားသောက်တယ်” ဟု မြစ်ဆုံဒေသခံမှ ဒေါ်လုရာက ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ဖွံ့ဖြိုးရေးစီမံကိန်းဆိုပြီး ရေကာတာစီမံကိန်းတွေ ဆက်လက်အကောင်အထည်နိုင်ဖို့အတွက် လက်ရှိအစိုးရက ကြိုးစားနေကြတယ်၊ သို့သော် အဲဒီ ရေကာတာစီမံကိန်း တည်ဆောက်မည့်နေရာဒေသမှာက အများအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေချတဲ့နေရာတွေဖြစ်တယ်၊ အထူးသဖြင့် သံလွင်မြစ်နှင့် ရွှေလီမြစ်ပေါ့လေ၊ ပြီးတော့ စစ်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေကြတယ်” ဟု BRN မှ မိအားချိုင်းက ပြောသည်။
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်မှ ဤသို့ တောင်းဆိုလိုက်သည်။
၁။ ဒေသခံတိုင်းရင်းသား လူထုကို ထိခိုက်နစ်နာစေနိုင်သည့် အကြီးစားရေကာတာစီမံကိန်းများ၊ အထူးစီးပွားရေးဇုံနှင့် တန်ဖိုးကြီးသော သယံဇာတ တူးဖော်ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများကို “ဖက်ဒရယ် သဘောတူစာချုပ်” ရရှိသည့်ကာလအထိ ရပ်ဆိုင်းထားရမည်။
၂။ တည်ဆောက်ပြီးစီးခဲ့သည့် ရေကာတာစီမံကိန်းနှင့် ရပ်ဆိုင်းထားသော ရေကာတာစီမံကိန်းများအပါအဝင် ပြောင်းရွှေ့ခံခဲ့ရသည့် ကျေးရွာများ၏ ဆုံးရှုံးနစ်နာမှုအတွက်နှင့် ဖျက်ဆီးခံခဲ့ရသည့် သီးစားများအတွက် နစ်နာကြေးများ၊ လူ့ အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာအစိုးရများနှင့်ကုမ္ပဏီများမှ လုံးလောက်သော လျော်ကြေးအပြည့်အဝ ပြန်ပေးရမည်။
၃။ တည်ဆောက်ပြီးစီးခဲ့သည့် ရေကာတာစီမံကိန်းများကို အားလုံးပါဝင်သည့် ပြန်လည်သုံးသပ်ဖော်ထုတ်ခြင်း တစ်ရပ် ပြုလုပ်ရမည်။ ထို့အပြင် ၎င်းမှထွက်ရှိခဲ့သည့် လျှပ်စစ်ဓါတ်အားများကို ပြည်နယ်တိုင်းဒေသအလိုက် တန်းတူခွဲဝေအသုံးပြုသွားရမည်။
၎။ လာမည့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားဒေသအတွင်း အကောင်အထည်ဖော်မည့် ရေကာတာစီမံကိန်းများနှင့် တခြားသော စီမံကိန်းများပြုလုပ်ရာတွင် တိုင်းရင်းသားပြည်သူလူထု သဘောတူညီချက်မရပဲ တည်ဆောက်ခြင်းမပြုရန်။
၅။ ရေကာတာစီမံကိန်းများအတွက် လုံခြုံရေးကို အကြောင်းပြု၍ အကာအကွယ် ယူထားသည့် မြန်မာ့တပ်မတော်သည် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအား ရပ်ဆိုင်းပေးရန်။
ဆက်သွယ်ရန်
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သတင်းထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် နေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.