10 November 2016
မြန်မာအစိုးရသည် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများနှင့်ကိုက်ညီသော အကျဉ်းထောင်ဥပဒေ ပေါ်ပေါက်လာစေမည့် အဓိကပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခြင်းအားဖြင့် အကျဉ်းသားများ နှိပ်စကခံရမှုနှင့် ဆိုးရွားသည့်အခြေအနေများ ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်စရာ အတိတ်ကို ချေဖျက်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို အမိအရ ဖမ်းဆုတ်ရမည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) ၏ ထုတ်ပြန်ချက် အသစ်တစ်ခုတွင် ယနေ့ ဖော်ပြလိုက်သည်။
‘‘မြန်မာအကျဉ်းထောင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နေရာတွေအဖြစ် ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အစိုးရနဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေဟာ အရေးကြီးတဲ့ အကျဉ်းထောင်ဆိုင်ရာ ပြုပြင်ပြောင်လဲရေးတွေလုပ်ဖို့ စဉ်းစားသုံးသပ်နေတာက စိတ်အားတက်စရာ ကောင်းပါတယ်။ သူတို့ထဲက အများအပြားဟာလည်း ဒီအကျဉ်းထောင်တွေ ထဲမှာပဲ နှိပ်စက်တာတွေ နဲ့ တခြား လူမဆန်တဲ့ ဆက်ဆံမှုတွေ ကြုံတွေ့ခဲ့ရသူတွေပါ။ အခုတော့ သူတ့ခံစားခဲ့ရတဲ့ ကံကြမ္မာမျိုး တခြားအကျဉ်းသားတွေ မကြုံရစေဖို့ လုပ်ဆောင်ရပါမယ်’’ ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Rafendi Djamin က ပြောသည်။
၂၀၁၅ ဇူလိုင်လတွင် တင်သွင်းသည့် အကျဉ်းထောင်များ ဥပဒေမူကြမ်းသည် လက်ရှိ ကျင့်သုံးနေသော ခေတ်မမီတော့သည့် ဥပဒေများနှင့်ယှဉ်လျှင် သိသာထင်ရှားသည့် တိုးတက်မှုတစ်ရပ်ကို ဖော်ညွှန်းနေပါသည်။ ယင်းဥပဒေများကြောင့် ဆယ်စုနှစ်များစွာအတွင်း အကျဉ်းသားများသည် အနှိပ်စက်ခံရခြင်း၊ သေးငယ်သည့် အကျဉ်းခန်းများတွင်ပြည့်ကျပ်နေအောင် အထားခံရခြင်း၊ လူကျပ်ညပနေသည့်နေရာများတွင် ပိတ်လှောင်ခံထားရခြင်း၊ သန့်ရှင်းသည့်ရေ နှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် ငြင်းပယ်ခံရခြင်း၊ပြစ်ဒဏ်ပေးသည့်အနေဖြင့် ပြောင်းရွေှ့ ခံရခြင်း၊ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်းနှင့် အခြား တုန်လှုပ်စရာအပြစ်ပေးခြင်းများကို ကြုံတွေ့ခံစားခဲ့ကြရပါသည်။
သို့သော် ဥပဒေမူကြမ်းတွင် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများပါဝင်မှု အလွန်ပင် လျော့နည်းနေ ပါသေးသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ထုတ်ပြန်ချက်အသစ်ဖြစ်သော မြန်မာ – အခွင့်အရေးများ ထောင်တွင်းသို့ ဆောင်ကျဉ်းပေး တွင် နှိပ်စက်ညှဉ်းပမ်းမှုများနှင့် အခြား လူမဆန်သည့် ပြုမူဆက်ဆံပုံများကို တားဆီးရန် သို့မဟုတ် ဥပဒေမဲ့ ဖမ်းဆီးမှုများနှင့် အဓမ္မ အလုပ်စေခိုင်းမှုများ အပါအ၀င် မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် အဆုံးရွားဆုံး အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်အောင် အကာအကွယ်ပေးမှုများပါဝင်ရန် ယင်းဥပဒေမူကြမ်းက မည်သို့ ပျက်ကွက်နေပုံကို ဖော်ပြထားပါသည်။
‘‘အခုအတိုင်းဆိုရင် ဒီဥပဒေမူကြမ်းဟာ လူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုကနေ အကာအကွယ်မဲ့နေစေဦးမှာပဲ။ ဒီချိုးဖောက်မှုတွေကြောင့်ပဲ မြန်မာနိုင်ငံရဲ့အကျဉ်းထောင်စနစ်က အဓိက နာမည်ပျက်နေတာပါ။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ တိုးတက်အောင်လုပ်ဆောင်ရေး၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ တခြား လူမဆန်တဲ့ ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး တားဆီးရေးမှာ အလေးအနက်ထားမယ်ဆိုရင်အကျဉ်းသားတွေကိုပိတ်လှောင်ထားတဲ့ အမှောင်ခန်းတွေဆီကို အလင်းပြပေးဖို့ လိုအပ်တဲ့အပြင် ရည်မှန်းချက်ထား လုပ်ဆောင်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ’’ ဟု Rafendi Djamin က ပြော ပါသည်။
အကျဉ်းထောင်အခြေအနေများအား လွတ်လပ်သည့် စောင့်ကြည့်စစ်ဆေးမှု မဖြစ်မနေလုပ်ဆောင်ခြင်းနှင့် အကျဉ်းသားများအတွက် လွတ်လပ်သည့် တိုင်ကြားမှုစနစ်တစ်ခု တည်ထောင်ခြင်းတို့သည် လျှို့ဝှက်မှုအပေါ် ကာလရှည်ကြာ အမှီပြုနေသည့် အကျဉ်းထောင်စနစ်တစ်ခုအတွက် ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေရန် မည်သို့ ဖန်တီးပေးနိုင်သည်ကို ဤထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အကျဉ်းထောင်များ ဥပဒေမူကြမ်းတွင် ကျန်းမာရေး၊ အစားအစာ၊ သောက်ရေ၊ နေရာထိုင်ခင်း၊ မိလ္လာစနစ်နှင့် တကိုယ်ရေသန့်ရှင်းမှုများတွင် အနိမ့်ဆုံးရှိရမည့် စံနှုန်းများကို အာမခံသည့်ပြဋ္ဌာန်းချက်များ ပါဝင်အောင် လုပ်ဆောင်ရန် မြန်မာလွှတ်တော် ကိုယ်စားလှယ်များအားလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။ အသက်ငယ်ရွယ်သူများနှင့် အမျိုးသမီးများအတွက် အထူးလိုအပ်ချက်များကို ထုတ်ဖော်ဖြေရှင်းပေးပြီး အကျဉ်းထောင်အရာရှိများက အင်အားသုံး ဖြေရှင်းခြင်းကို စည်းမျဉ်းသတ်မှတ်သည့် ပြဋ္ဌာန်းချက်များကို ဖြည့်စွက်ထည့်သွင်းရန်လည်း ဤအဖွဲ့က တိုက်တွန်းပါသည်။
တစ်ချိန်တည်းမှာပင် ဥပဒေမူကြမ်းတွင် ပြဿနာဖြစ်စေမည့် ပြဋ္ဌာန်းချက်များကို ဖယ်ရှားပစ်ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အကြံပြုပါသည်။ ယင်းတို့တွင် ဥပမာအားဖြင့် စည်းကမ်းချိုးဖောက်မှု အရေးယူခြင်းအဖြစ် ချုပ်နှောင်ထားခြင်းနှင့် ကာလရှည်ကြာ တိုက်ပိတ်ထားခြင်းများ ပါဝင်သည်။ ဤထုတ်ပြန်ချက်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် ဥပဒေမူကြမ်းအပေါ် ဥပဒေပိုင်းဆိုင်ရာ အသေးစိတ် သုံးသပ်ချက်ကို လုပ်ဆောင်ထားပြီး အကျဉ်းသားများအားလုံးအပေါ် လူဆန်သည့် ပြုမူဆက်ဆံမှုများဖြစ်စေသည့် အနိမ့်ဆုံးအဆင့်တစ်ခုကို ချပြထားသော နယ်လ်ဆင် မန်ဒဲလား ဥပဒေသများ အပါအ၀င် နိုင်ငံတကာ စံနှုန်းများရှိစေမည့် အကြံပြုချက်များကို ထည့်သွင်းဖေါ်ပြ ထားပါသည်။
‘‘ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ရဲ့ လုပ်ငန်းတာဝန်မှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ အကျဉ်းထောင်များ ဥပဒေ မူကြမ်းသစ်ဖြစ်လာဖို့ နောက်မှာရှိတဲ့ ကြိုးပမ်းချင်တဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒီဥပဒေမူကြမ်းဟာ ရာစုနှစ်တစ်ခုကျော်ကြာ သက်တမ်းရှိနေပြီဖြစ်တဲ့ ဥပဒေတွေကို အစားထိုးမှာပါ။ ခေတ်မီပြီး လူ့အခွင့်အရေးကို လေးစားတဲ့ လူ့အဖွဲ့အစည်းမှာ ဒီဥပဒေတွေအတွက် နေရာမရှိတော့ပါဘူး။ ဒီမှာ ကျွန်တော်တို့ တင်ပြထားတဲ့ အကြံပြုချက်တွေဟာ စိတ်ပျက်ဖွယ်ရာ အကျဉ်းထောင် လုပ်ငန်းကျင့်စဉ်တွေ သုံးနေတဲ့ အလေ့အထကို ပယ်ဖျက်နိုင်အောင် ကူညီဖို့ ဖြစ်ပါတယ်။ နာက်ပြီး အကျဉ်းသားတွေကို လူဆန်စွာ ပြုမူဆက်ဆံပြီး ပြန်လည်ထူထောင်ရေးဆီ ဦးတည်တဲ့ အကျဉ်းထောင်စနစ်တစ်ခုဆီ ရောက်ရှိဖို့ ဖြစ်ပါတယ’’ ဟု Rafendi Djamin က ပြောသည်။
နောက်ခံအခြေအနေ
၂၀၁၅ ဇူလိုင်လတွင် အကျဉ်းထောင်များ ဥပဒေမူကြမ်း တစ်ရပ်ကို မြန်မာလွှတ်တော်တွင် တင်သွင်းခဲ့သည်။ ယင်း၏ရည်ရွယ်ချက်မှာ ‘‘ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး’’၊ ‘‘မှုခင်းထပ်မံ မကျူးလွန်စေရန်’’ ကာကွယ်ရေး နှင့် အကျဉ်းသားများ ပြစ်ဒဏ်မှ လွတ်မြောက်သည့် အချိန်ကို ရည်မှန်း၍ ပြန်လည်ထူထောင်ရေးများ စီစဉ်ပေးနိုင်ရန် ဖြစ်သည်။ အကျဉ်းထောင်များ ဥပဒေမူကြမ်းသည် ၁၈၉၄ ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ၊ ၁၉၀၀ ခုနှစ် အကျဉ်းသားများ ဥပဒေ၊ နှင့် ၁၉၂၀ ခုနှစ် အကျဉ်းသားများ ခွဲခြားသတ်မှတ်ခြင်း ဥပဒေ၊ တို့အား ရုပ်သိမ်း၍ အကျဉ်းထောင် အခြေအနေများနှင့်ပတ်သက်ပြီး ရှေးဆန်ပြီး ခေတ်မမီတော့သည့် ဥပဒေမူဘောင်ကို အစားထိုးရန် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က သိရှိသလောက်ဆိုလျှင် အကျဉ်းထောင်များ ဥပဒေမူကြမ်းကို လွှတ်တော်သည်ပြည်ထဲရေးဝန်ကြီးဌာနထံသို့ ပြင်လည် ပြင်ဆင်ရန်အတွက် ပြန်ပို့ထားပြီး ဖြစ်သည်။
အကျဉ်းထောင်များ ဥပဒေမူကြမ်းသည် လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က သတ်မှတ်ထားသည့် ဦးစားပေးဥပဒေများစာရင်းတွင် ပါဝင်သည်။
ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
ထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.