ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံနှင့့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားကြေညာချက်

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ အားစတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ပြည်သူရွေးချယ်တင်မြှောက်သော အရပ်သား အစိုးရသစ်လက်ထက်တွင် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရရှိနိုင်ရန် ညီလာခံကြီးကို အစပြုနိုင်ခဲ့ခြင်းအတွက် မိမိတို့မှ များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

(၂၁) ရာစုပင်လုံညီလာခံကြီးမှ စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရှိသည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရန်အတွက် အောက်ပါအချက်များကို ဖြည့်ဆည်းလုပ်ဆောင်ခြင်းဖြင့် အနှစ်သာရ ပြည့်ဝသော အလှည့်အပြောင်း ဖြစ်စဉ်ကြီးတစ်ခုကို ဖော်ဆောင်နိုင်မည်ဟု မိမိတို့အရပ်ဘက်အဖွဲ့အစည်းများမှ အခိုင်အမာ ယုံကြည်ပါသည်။

(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ၏ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်များအတွက် အပြန်အလှန်လေးစားယုံကြည်မှုကို အကျည်းတန်ပျက်ပြားစေမည့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်တန့်ပြီး ညီလာခံ စတင်သည့်နေ့တွင် နှစ်ဘက်တပ်များမှ တရားဝင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်။

(၂) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနယ်မြေနှင့် ဆက်စပ်နယ်မြေများအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုဘဝလုံခြုံရေးကို ဖော်ဆောင်ရာတွင် အစိုးရ ၊ တပ်မတော် နှင့်  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးညှိုနှိုင်းဆွေးနွေး၍ ငြိမ်းချိမ်သောနည်းဖြင့် အဖြေရှာပေးရန် ။

(၃) ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုပြီး   ပါဝင်လာနိုင်ခွင့်မရသေးသည့် အဖွဲ့အစည်းများ အား နောက်တစ်ကြိမ် ကျင်းပမည့်ညီလာခံတွင် ပါဝင်လာနိုင်ရန် အစိုးရနှင့် တပ်မတော်မှ သဘောထားကြီးစွာဖြင့် စေ့စပ်ညှိနိူင်း အကောင်အထည်ဖော်ပေးရန်။

(၄) ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) သဘောတူညီချက်အရ အရပ်ဘက်အဖွဲ့အစည်းများအား ကဏ္ဍစုံတွင် ပါဝင်ကူညီ ဆွေးနွေး ခွင့်ပြုပေးရန်နှင့် အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီဆောင်ရွက် နိုင်ရန် အတွက် အဓိကအဟန့်အတားဖြစ်နေသော မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ အား ပယ်ဖျက်ပေးပါရန်နှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးပါရန်။

(၅) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံအား ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အတူတကွတည်ဆောက်နိုင်မည့် အနှစ်သာရပြည့်ဝသော ညီလာခံတစ်ခု ဖြစ်လာ စေရန်အတွက် လိုအပ်သော အခင်းအကျင်းဟူသမျှကို ဆွေးနွေး ညှိနှိုင်းဖော်ဆောင်သွားရန်နှင့် ဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း (UNDRIP) ကို လိုက်နာအကောင် အထည် ဖော်ရန်။

အထက်ပါအချက်များကို အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်းဖြင့် မြန်မာနို်င်ငံရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ရေရှည်တည်တံ့ စစ်မှန်ပြီး ငြိမ်းချမ်းသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဆောင်ကျဉ်းပေးနိုင်သည့် တန်းတူညီမျှရေးကို အာမခံသော အနှစ်သာရကို  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံမှ ဖော်ဆောင်နိုင်ပါစေဟု မိမိတို့ အရပ်ဘက်အဖွဲ့အစည်း များမှ ဆန္ဒပြုလိုက်ပါသည်။

မိမိတို့အနေဖြင့်လည်း ရည်ရှည်တည်တံ့သောရလဒ်များ သမိုင်းမော်ကွန်းများ ပေါ်ထွန်း လာရေးအတွက် သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ

020304

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia