သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေ့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၅ ရက်
အကြောင်းအရာ။ ။ နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများအား မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ပြုပါရန်။
လေးစားအပ်ပါသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှင့်/ခင်ဗျား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရွှင်လန်းပါစေကြောင်း မိမိတို့မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အောက်ဖော်ပြပါ မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများသည် နယ်စပ် ဒေသများတွင် အခြေစိုက်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနှင့် လူ့အခွင့်အရေး တို့အတွက် မိမိတို့ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်နေသူများ ဖြစ်ကြပါသည်။
၁၉၆၂ ခုနစ်မှစ၍ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုုင်း နိုင်ငံရေးဖိနှိပ်မှု များကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ကျော်၍ နယ်စပ်ဒေသများသို့ ရောက်ရှိလာသော မျိုးဆက် အသီးသီးမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တိုင်းရင်းသားလူငယ် အမျိုးသမီးအင်အားစု များသည် ၁၉၉၅ ခုနှစ်ကျော်များမှ စတင်၍ နယ်စပ်ဒေသအသီးသီးရှိ လွတ်မြောက်နယ်မြေများကို အခြေခံကာ တိုင်းပြည်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးနှင့် စည်းရုံးလှုံ့ဆော်ရေး ကိစ္စရပ်များကိုု ဦးတည် ဆောင်ရွက်ရန် ရည်ရွယ်၍ အရပ်ဘက်အဖွဲ့အစည်းများအဖြစ် စတင်ဖွဲ့စည်း လှုပ်ရှားလာခဲ့ကြ ပါသည်။
ဤသို့ တိုင်းရင်းသား တန်းတူရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေး လှုပ်ရှားရာတွင် ၁၉၉၀ ရွေးကောက်ပွဲအပြီး ရောက်ရှိလာကြသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများအား ထောက်ခံဝန်းရံရင်း ဟန်ချက်ညီစွာ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။
တစ်ချိန်တည်းတွင် လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အသိပညာ မြှင့်တင်ခြင်း၊ လေ့ကျင့်ခြင်း၊ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစု များအကြား ယုုံကြည်မှုတည်ဆောက်ခြင်း၊ ဘုံလုပ်ငန်းစဉ်များဖော်ထုတ်၍ ပူးပေါင်း ဆောင်ရွက်မှု များ လုပ်ဆောင်ခြင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွ့ံဖြိုးရေးအတွက် ညှိနှိုင်းတိုင်ပင် ခြင်းနှင့် သုတေသနနှင့် အကြံပြုစာတမ်းများ ရေးသားထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
နယ်မြေဒေသအလိုက်သော်လည်းကောင်း၊ အကြောင်းအရာအလိုက်သော်လည်းကောင်း လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံဖိနှိပ် အကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အနိုင်ကျင့်စော်ကားမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သားအသုံးပြုမှု၊ မြေယာသိမ်း ဆည်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက် မှုများအား ဖော်ထုတ်ခြင်း၊ ဝေဖန်ထောက်ပြခြင်း၊ အစီရင်ခံစာများရေးသားဖြန့်ဝေခြင်း၊ ချိုးဖောက် သူများအား အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာသို့ သွားရောက်၍ စည်းရုံးလှုံ့ဆော် တိုက်တွန်း မှုများ ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု၊ သဘာဝသယံဇာတ များ အလွန်အကျွံ ထုတ်ယူနေမှုအား တားဆီးရေးလှုပ်ရှားမှုများ စသည်တို့ကိုလည်း စဉ်ဆက် မပြတ် လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မြန်မာ့အရေးကို ကမ္ဘာမှ ပို၍စိတ်ဝင်စားလာပြီး ထောက်ခံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိခဲ့ပါသည်။
ထို့အပြင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူလူထုများ၊ နယ်စပ်ဒေသရှိ ဒုက္ခသည် လူထုများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ ကလေးငယ်များ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဝန်ဆောင်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး၊ အမျိုးသမီး နိုင်ငံရေး စွမ်းရည်မြင့်မားရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး ပညာပေး လှုပ်ရှားမှုများလည်း ဆောင်ရွက်ခဲ့ကြပါသည်။
သို့သော်လည်း စစ်အစိုးရအဆက်ဆက်က မိမိတို့နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းများကို ဆန့်ကျင်ဘက် အဖွဲ့အစည်းများအဖြစ် သဘောထားကာ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ကြရပါသည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် အမည်မည်း စာရင်းဝင်များကို အကန့်အသတ်ဖြင့် ပယ်ဖျက်သည်ဟု ကြေညာခဲ့သော်လည်း ဥပဒေဖြင့် တရားဝင်ထုတ်ပြန်ကြေညာ ပေးခြင်းများ မရှိခဲ့ပါ။ တိုင်းပြည်သို့ ပြန်လာပြီး မိမိရပ်ရွာလူထုအသိုင်း အဝိုင်းတွင် ပညာပေးလုပ်ငန်းများ၊ စွမ်းရည်မြှင့် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင်လည်း သတင်းတပ်ဖွဲ့များ၏ အမြဲလို စောင့်ကြည့်နေမှုများ စုံစမ်းမေးမြန်းမှုများ ကန့်သတ်တားဆီးမှုများ ကြံုတွေ့နေရပါသည်။
မိမိတို့ နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများသည် ယခုလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရ လက်ထက် အသွင်ကူးပြောင်းရေးကာလ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွင် မိမိတို့ လေ့လာဆည်းပူးခဲ့သော ကျွမ်းကျင်ရာ လုပ်ငန်းများအလိုက် ကျရာအခန်းကဏ္ဍများမှ ၀ိုင်းဝန်း ပါ၀င်ဆောင်ရွက်ကြရန် ဆန္ဒပြင်းပြစွာ ခံယူထားကြပါသည်။ နယ်စပ်တွင် အခြေစိုက်စဉ်ကာလ အတွင်း စွမ်းရည်မြှင့်တင်ရေးများ၊ ပညာပေးလေ့ကျင့်တည်ဆောက်မှုများ ပြင်ဆင်ထားသည်ဖြစ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးတို့အတွက် ပိုမိုအားကောင်းလာစေရန် ၀ိုင်းဝန်းအားဖြည့်ပေးနိုင်မည့် အင်အားစုများအဖြစ် မိမိတို့မှ ခံယူပါသည်။
ထိုသို့သော အကြောင်းအရာများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော လူထုအစိုးရအနေဖြင့် မိမိတို့နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များမှ လုံခြံုစွာ ပြန်လာနိုင်ရေးနှင့် မူလနိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိနိုင်ရေးအပေါ် အလေး အနက်ထား စဉ်းစားပေးပါရန်နှင့် လိုအပ်သောလမ်းညွှန်မှုများ အမြန်ဆုံးချမှတ်ပေးပါရန် လေးစား စွာ တင်ပြအပ်ပါသည်။ ယခုအချိန်ထိ အမည်မည်းစာရင်းတွင် ပါဝင်နေသူများစာရင်းကိုလည်း တရားဝင်ထုတ်ပြန်ပေးစေလိုပါသည်။
မိမိတို့အနေဖြင့် အသွင်ကူးပြောင်းရေးကာလအတွင်း ကြိုးပမ်းလိုသည့် ကိစ္စရပ်များ၊ အကြံပြုချက်များကိုလည်း စာတမ်းပြုစုနေပါသည်။ ဤစာတမ်းအပါအဝင် မိမိတို့တင်ပြမှုကို ကိုယ်စားလှယ်အဖွဲ့ လာရောက်၍ တင်ပြခွင့်ပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများကိုယ်စား
နိုင်ကဆုမွန် စောအဲလက်စ် မသွယ်ဇင်တိုး
+၆၆ (၀) ၈၁ ၃၆၅ ၉၁၄၀ +၆၆ (၀) ၉၉ ရ၄၀ ရ၄၄၃ +၆၆ (၀) ၈၉ ရ၅၅ ၃၀၇၁
လက်မှတ်ထိုးတင်ပြသော နယ်စပ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများမှာ –
(၁) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး
(၂) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
(၃) မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများပညာရေးကော်မတီ
(၄) မြန်မာနိုင်ငံဆေးပညာရှင်များအသင်း
(၅) နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့
(၆) မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
(၇) တိုင်းရင်းသားလူမျိုးများလူထုဖွံံ့ဖြိုးရေးဆုံရပ်
(၈) မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
(၉) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
(၁၀) ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်
(၁၁) ကရင်လူ့အခွင့်အရေးအဖွဲ့
(၁၂) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)
(၁၃) ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မတီ (မြန်မာနိုင်ငံ)
(၁၄) မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်
(၁၅) ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့
(၁၆) တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
(၁၇) ရောင်ခြည်ဦးအလုပ်သမားရေးရာ
(၁၈) ကော်သူးလေအလုပ်သမားများသမဂ္ဂ
(၁၉) ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ ့
(၂၀) ရခိုင်မြစ်ချောင်းများကွန်ရက်
(၂၁) ကရင်နီဒုက္ခသည်ကော်မတီ
(၂၂) ကရင်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့
(၂၃) ကရင်ပြည်တွင်းဒုက္ခသည်များဆိုင်ရာကော်မတီ
(၂၄) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
(၂၅) ကရင်အမျိုးသမီးအစည်းအရုံး
(၂၆) ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း
(၂၇) ပလောင်အမျိုးသမီးအစည်းအရုံး
(၂၈) ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ
(၂၉) ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး
(၃၀) ကရင်နီအမျိုးသမီးအစည်းအရုံး
(၃၁) ထားဝယ်အမျိုးသမီးသမဂ္ဂ
(၃၂) မြန်မာ့အမျိုးသမီးသမဂ္ဂ
(၃၃) ပအိုဝ်းအမျိုးသမီးသမဂ္ဂ
(၃၄) ရခိုင်အမျိုးသမီးများအစည်းအရုံး
(၃၅) လားဟူအမျိုးသမီးအစည်းအရုံး
(၃၆) ကယန်းအမျိုးသမီးများအစည်းအရုံး
(၃၇) မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့
(၃၈) ကရင်ကျောင်းသားကွန်ရက်အဖွဲ့
(၃၉) မယ်တော်ဆေးခန်း
(၄၀) Wunpawng Ninghtoi
အိတ်ဖွင့်ပေးစာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.