ရှေ့ပြေးအသံအဖွဲ့သည် မြန်မာပြည်သူများ ရင်ဆိုင်နေရသော လူ့အခွင့်အရေးကိစ္စရပ်များကို မီးမောင်းထိုး ပြရန်နှင့် သုံးသပ်ရန်အတွက် အပတ်စဉ်သုံးသပ်ချက်များကို ရေးသားထုတ်ဝေလျက်ရှိပြီး စာဖတ်ပရိသတ် များအား လက်ရှိအခြေအနေများနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေများ တင်ပြခြင်းဖြင့် မြေပြင်မှ အသံများကို မြှင့်တင်ပေးလျက်ရှိပါသည်။
ရှေ့ပြေးအသံအဖွဲ့သည် အခွင့်အရေးကိုအခြေခံသော၊ လွတ်လပ်သော၊ ဆွေးနွေးတိုင်ပင်မှုရှိသော၊ ပူးပေါင်း ဆောင်ရွက်သော၊ လူထုပူးပေါင်းပါဝင်မှုရှိသောပုံစံများဖြင့် သုတေသနများပြုလုပ်ပြီး မြေပြင်အခြေအနေ များကို မီးမောင်းထိုးပြရန်နှင့် ဒေသခံလူထုဦးဆောင်သည့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များအတွက် မူဝါဒအကြံပြုတိုက်တွန်းချက်များပေးရန် စာတမ်းတိုများ၊ အစီရင်ခံစာများနှင့် ကုလသမဂ္ဂ၏ အထူး လုပ်ငန်းစဉ်များသို့ တင်ပြချက်များကို ပြုစုရေးသားထုတ်ဝေပါသည်။ မိမိတို့အဖွဲ့၏ သုတေသနလုပ်ငန်း ထိရောက်မှုကို မြှင့်တင်ရန်အတွက် အချက်အလက်များစုဆောင်းကောက်ယူသော သုတေသန ခရီးစဉ်များနှင့် အစည်းအဝေးများ ပြုလုပ်ခြင်းအပြင် စီမံကိန်းလုပ်ငန်းပြီးမြောက်ပြီးနောက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ရွာလူထုအသိုင်းအဝိုင်းများထံသို့ ပြန်လည်သွားရောက်သောခရီးစဉ်များ နှင့်/သို့မဟုတ် အစည်းအဝေးများပြုလုပ်ပြီး သုတေသနတွေ့ရှိချက်များကိုတင်ပြ၍ သုတေသနပါ အကြောင်းအရာနှင့် ၎င်း၏သက်ရောက်မှုများအပေါ် အကြံပြုချက်များရယူခြင်း နည်းလမ်းနှစ်သွယ်ကို ကျင်းသုံးသည်။
ရှေ့ပြေးအသံအဖွဲ့ သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာအဆင့်တွင် အရေးပေါ်အခြေအနေများနှင့် အရေးကြီးသောဖြစ်စဉ်များအား တုံ့ပြန်ဖြေရှင်းရာတွင် မြေပြင်မှ အသံများ၊ အချက်အလက်များနှင့် အကြံပြုချက်များကို မီဒီယာများသို့ ပေးပို့ပြီး အများပြည်သူ သိရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ရှေ့ပြေးအသံအဖွဲ့သည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးတွဲထုတ်ပြန် ကြေညာချက်များနှင့် ပေးစာများကို ပေါင်းစပ်ဆောင်ရွက်ခြင်း သို့မဟုတ် ထုတ်ပြန်ခြင်းများဖြင့် မြေပြင်မှ အသံများကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်ရန်နှင့် အာဆီယံ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရာတွင် လူ့အခွင့်အရေးအား အခြေခံသည့် ချဉ်းကပ်မှုကိုယူရန် စည်းရုံးလှုံ့ဆော်လျက်ရှိသည်။
ရှေ့ပြေးအသံအဖွဲ့သည် မိမိတို့၏လုပ်ဆောင်ချက်များကို မီဒီယာများအား ဖော်ပြစေခြင်းဖြင့် မြေပြင်မှ အသံများကို ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များတွင် ပိုမိုကျယ်ပြန့်စွာ မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဦးသိန်းစိန်အစိုးရက ၂၀၁၁ တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတည်ထောင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ MNHRC သည် ပြည်သူလူထု၏ နှစ်ရှည်လများ ယုံကြည်မှု နည်းပါးခြင်းကို အစဉ်တစိုက် ကြုံတွေ့ခဲ့ရသည်။ MNHRC သည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ (NHRIs) အားလုံး လိုက်နာရန်လိုအပ်သည့် နိုင်ငံတကာစံနှုန်းဖြစ်သော ပါရီအခြေခံမူများ (Paris Principles) နှင့်အညီ ကျင့်သုံးဆောင်ရွက်ရန် အမြဲတစေ ပျက်ကွက်ခဲ့ပြီး ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်ပတ်ရန် လိုအပ်သော လွတ်လပ်အမှီအခိုကင်းမှု အလွန်အမင်း ချို့တဲ့ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီးတွင် မြန်မာစစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်ပလက်ဖောင်း မှတစ်ဆင့် အမိန့်တစ်ခုထုတ်ပြန်ပြီး MNHRC ကို ထိန်းချုပ်လိုက်သည်။ MNHRC သည် တရားမဝင် စစ်အုပ်စု၏ လက်ဝေခံအဖြစ် ရပ်တည်လိုသည့်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီးသည်မှာ ထိုအချိန်ကတည်းကပင် ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာစစ်အုပ်စု၏ နိုင်ငံအနှံ့ ကျူးလွန်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို MNHRC သည် ယနေ့အချိန်အထိ နှုတ်ဆိတ်နေပြီး ဆက်လက်၍လည်း လျစ်လျူရှုထားဆဲ ဖြစ်သည်။
MNHRC သည် စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိသော အလုပ်မဖြစ်ထွန်းနေသည့် NHRI တစ်ခုထက်ပင် ပို၍ နေသည်။ ပါရီအခြေခံမူများနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်နေသည့် စစ်အုပ်စုအား အကာအကွယ်ပေးနေသောကြောင့် ၎င်းသည် မြန်မာစစ်အုပ်စု ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ်ပင် ရှိနေသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အကြီးဆုံးလူ့အခွင့်အရေးကွန်ရက်များထဲမှ တစ်ခုဖြစ်သော ကမ္ဘာလုံး ဆိုင်ရာနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Network of National Human Rights Institutions - GANHRI) က လွတ်လပ်အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ယုံကြည်ထိုက်မှုတို့ ဆက်လက် ကင်းမဲ့နေသော MNHRC ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်း၏ကွန်ရက်မှ ထုတ်ပယ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်၍ အတည်ပြုခဲ့သည်။ GANHRI ၏ဆုံးဖြတ်ချက် ထွက်ပေါ်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားညီညွတ်ရေးအစိုးရက MNHRC ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။
ဤစာမျက်နှာသည် ယခုဖျက်သိမ်းခံထားရသော MNHRC ၏ ထုတ်ဝေထုတ်ပြန်မှုများကို စုစည်းထားသည့် နေရာတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်၏ လူမဆန်သော ပြစ်မှုကျူးလွန်မှုများတွင် ပါဝင်ပတ်သက်နေသည့် ၎င်း၏အခန်းကဏ္ဍကို မှတ်တမ်းတင်ထားသည်။
ရှေ့ပြေးအသံအဖွဲ့၏ ပေါက်ဖွားရာဖြစ်သော မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့က ၂၀၁၁ ခုနှစ် မှစ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ပြုပြင်ပြောင်းလဲရေးကို ဦးတည် လုပ်ဆောင်လာခဲ့သကဲ့သို့ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ရှေ့ပြေးအသံအဖွဲ့က ထိုလုပ်ငန်းကို ဆက်လက် လုပ်ဆောင်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဤလုပ်ငန်းပိုမိုအားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ "မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ အလုပ်အဖွဲ့ (CSO Working Group on MNHRC Reform)” ဟုယခင်ကသိခဲ့ကြသော "လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (CSO Working Group on Independent National Human Rights Institution (Burma/Myanmar)” (အတိုကောက် “အလုပ်အဖွဲ့”)ကို ရှေ့ပြေးအသံအဖွဲ့က ဖွဲ့စည်းခဲ့သည်။ အလုပ်အဖွဲ့တွင် လက်ရှိ၌ ရှေ့ပြေးအသံအဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀ ဖွဲ့ ပါဝင်ပါသည်။ အလုပ်အဖွဲ့သည် ၂၀၁၉ ခုနှစ် စတင်တည်ထောင်ချိန်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်အထိတွင် MNHRC ကို ပါရီအခြေခံမူများနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာကျင့်သုံးသော၊ လွတ်လပ်အမှီအခိုကင်းသော၊ ပွင့်လင်းမြင်သာသော၊ ထိရောက်သော ကော်မရှင် ဖြစ်လာရန် တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်လာခဲ့သည်။
သို့သော် အာဏာသိမ်းရန်ကြိုးပမ်းမှုအပြီးတွင် MNHRC ၏ရပ်တည်ချက်နှင့် အရေးယူဆောင်ရွက်မှု ကင်းမဲ့နေခြင်းများက MNHRC ကို ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးများအား ထိထိရောက်ရောက်နှင့် လွတ်လပ်အမှီအခိုကင်းစွာ ကာကွယ်စောင့်ရှောက်ပေးမည့် လွတ်လပ်သည့် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနအသစ်တစ်ခုဖြင့် အစားထိုးရန် လိုအပ်ကြောင်းကို ပြသနေသည်။ ဤရည်ရွယ်ချက်ဖြင့် အလုပ်အဖွဲ့မှ လူ့အခွင့်အရေးကော်မရှင်အသစ်ဥပဒေမူကြမ်းကို ရေးဆွဲပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ထံ တင်သွင်းခဲ့သည်။ ထို့အပြင် အလုပ်အဖွဲ့သည် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဒေသတွင်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးကွန်ရက်များအား ၎င်းတို့၏ စံနှုန်းများနှင့် တာဝန်များကို ထိန်းသိမ်းရန်နှင့် စစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ၎င်းတို့၏ ကွန်ရက်များမှ ထုတ်ပယ်ရန် သို့မဟုတ် ဆိုင်းငံ့ထားရန် စည်းရုံးလှုံ့ဆော်တိုက်တွန်းလျက်ရှိသည်။
မိမိတို့အဖွဲ့သည် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကွန်ရက် (ANNI) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အလုပ်အဖွဲ့၏ ပေါင်းစပ်ဆော်သြသူအဖြစ်လည်းကောင်း ANNI နှင့် အနီးကပ်လက်တွဲလုပ်ဆောင်နေသည့်အပြင် အလုပ်အဖွဲ့နှင့် ANNI တို့အကြား လုပ်ငန်းများ ကိုလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းများတွင် အာရှဒေသရှိ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ၏ စွမ်းဆောင်ရည်ကို သုံးသပ်တင်ပြသည့် ANNI အစီရင်ခံစာ၏ မြန်မာနိုင်ငံဆိုင်ရာ အခန်းကဏ္ဍကို ရေးသားခြင်းလည်း ပါဝင်သည်။
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI)၊ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများ၏ အာရှပစိဖိတ်ဖိုရမ် (APF) နှင့် အရှေ့တောင်အာရှနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဖိုရမ် (SEANF) တို့သည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) များ၏ ကွန်ရက်များဖြစ်ကြပြီး ၎င်းတို့ အသီးသီးသည် နိုင်ငံတကာအဆင့်၊ ဒေသဆိုင်ရာနှင့် ဒေသခွဲဆိုင်ရာအဆင့်များတွင် လှုပ်ရှားဆောင်ရွက်လျက် ရှိသည်။ ဤကွန်ရက်များကို ထိရောက်မှုရှိပြီး ယုံကြည်ထိုက်သည့် NHRI များလိုက်နာရမည့် ပါရီအခြေခံမူများ (Paris Principles) ဟုခေါ်သော နိုင်ငံတကာစံနှုန်းများက လမ်းညွှန်ထားပြီး ၎င်းတို့၏ သက်ဆိုင်ရာဒေသများတွင် လူ့အခွင့်အရေးများကို ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် အဖွဲ့ဝင်အဖွဲ့အစည်းများအား ပံ့ပိုးကူညီရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က လွတ်လပ် အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ယုံကြည်ထိုက်မှုတို့ ကင်းမဲ့နေခြင်း၊ နှင့် ပါရီအခြေခံမူများကို လိုက်နာရန် ပျက်ကွက်နေခြင်းတို့ကို အမြဲတစေပြသနေခဲ့သည်။ ဤအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (ANNI) တို့က ထိုကွန်ရက်များအသီးသီးမှ MNHRC အား ဖယ်ရှားရန် သို့မဟုတ် ထုတ်ပယ်ရန် တို့အတွက် တိုက်တွန်းတောင်းဆိုလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ MNHRC သည် GANHRI ၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးဖြစ်ကာ ထိုသို့ထုတ်ပယ်ခံရခြင်းသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန် တာဝန်ယူတာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်တွင် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။ သို့သော် MNHRC သည် APF နှင့် SEANF တို့၏ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ထိုသို့ဆက်လက်ရှိနေခြင်းသည် NHRI ကွန်ရက်များ၏ အဆင့်အားလုံးတွင် ပါရီအခြေခံမူများကို စဉ်ဆက်မပြတ်လိုက်နာရာမှာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။
ဤစာမျက်နှာတွင် ရှေ့ပြေးအသံအဖွဲ့နှင့် အခြားသော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ နှင့်နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအစိုးရများမှ ထုတ်ဝေထားသော အစီရင်ခံစာများ၊ စာတမ်းတိုများ၊ တင်သွင်းလွှာများ၊ ထုတ်ပြန်ကြေညာချက်များ၊ ပေးစာများနှင့် သတင်းထုတ်ပြန်ချက်များ အပါအဝင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များစွာကို စုစည်းတင်ပြထားပါသည်။
Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။