08 August 2024
National Unity Government
မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နှင့် ပြည်ထောင်စုသားများ အားလုံးက ဒီမိုကရေစီရရှိရေးအတွက် ညီညွတ်စွာ ကြွေးကြော်ကြကာ တစ်ပါတီအာဏာရှင်စနစ်ကို တိုက်ထုတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ မီးရှူးတန်ဆောင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၈ ရက် ယနေ့တွင် (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ စစ်အာဏာရှင်က လူထုလိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီမျှော်လင့်ချက်ကို လျစ်လျူရှုကာ ယုတ် မာရက်စက်စွာ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခဲ့သောကြောင့် တိုင်းရင်းသား ပြည်သူ လူထုမှာ အသက်၊ သွေး၊ ချွေးပေါင်းများစွာကို စတေး၍ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြရသည့် လူထုအရေးတော်ပုံကြီးလည်း ဖြစ်ပါသည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့သည့် မော်ကွန်းတင်လောက်သော လူထုအရေးတော်ပုံကြီး ဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့ပါ သည်။
မြန်မာပြည်သူလူထုသည် ဒီမိုကရေစီအရေးနှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးတို့ အတွက် မဆုတ်မနစ်သော ဇွဲလုံလ၊ ခိုင်ကြည်ပြတ်သားသော သန္နိဋ္ဌာန်တို့နှင့် တွန်းလှန်တိုက်ပွဲ ဝင်လာရာ အာဏာကို အသွင်အမျိုးမျိုးပြောင်းပြီး မတရားသဖြင့် ရယူခဲ့ကြသည့် စစ်အာဏာရှင်စနစ် အဆက်ဆက်အား ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်တိုက်ပွဲမှစတင်ကာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ခုနှစ် အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်တိုက်ပွဲ၊ ၁၉၈၈ ခုနှစ် (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု (လှည်းတန်းအရေးအခင်း)၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည့်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယခုလက်ရှိ နွေဦး တော်လှန်ရေးရောက်သည့်တိုင် တိုက်ပွဲဝင်ဆဲဖြစ်သည်။ အထက်ပါ တိုက်ပွဲများအတွင်း အသက်ပေး လှူသွားကြသော ရဟန်း၊ရှင်လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းများ၏ကျေးဇူးကို အမျိုးသား ညီညွတ်ရေးအစိုးရက အစဉ်အမြဲအောက်မေ့လျက် ဂုဏ်ပြုဦးညွှတ်ပါသည်။
အာဏာရှင်အဆက်ဆက်သည် လူထုအပေါ်တွင် ဆိုးရွားလွန်းသော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကြသော်လည်း တရားဥပဒေအရ ထိုက်တန်သော အပြစ်ပေးအရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ကြသည်။ ယင်းသို့ ကင်းလွတ်ခွင့်ရခဲ့ခြင်း၏အကျိုးဆက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မဲဆန္ဒရှင်လူထု၏ ရွေးကောက်တင်မြှောက်မှုကို အသိအမှတ် မပြုဘဲ တိုင်းပြည် အာဏာကို မတရား သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်ပေသည်။ စစ်အာဏာရှင်နှင့် အပေါင်းအပါ တစ်သိုက်သည် ယနေ့ထက်တိုင် မရေမတွက်နိုင်သော စစ်ရာဇဝတ်မှုများအား အစဉ်တစိုက် ပြုမူ ကျူးလွန်လျက် ရှိသည်ကို မြန်မာပြည်သူများသာမက ကမ္ဘာကပင် သိရှိပြီးဖြစ်သည်။ ထိုစစ်ရာဇဝတ် မှုများကို တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား မဟာမိတ်၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူထုတိုက်ပွဲများဖြင့် စစ်မျက်နှာဘက်ပေါင်းစုံမှ ထိုးစစ်ဆင်၍ တွန်းလှန်တိုက်ပွဲဝင် လျက် ရှိရာ စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာပြီး အောင်ပွဲများ ရရှိလာနေပြီလည်းဖြစ်ပါသည်။
နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၃၆ နှစ် ကြာလာသည်ထိ ရှင်သန်နေဆဲဖြစ်သည့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲလျက် တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ မဝေးတော့သည့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုသည့် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.