CDM လှုပ်ရှားမှု ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် တည်ဆောက်ရေး လှုပ်ရှားမှုအဖြစ်သို့ ဆင့်ကဲပြောင်းလဲ လာ

May 25th, 2023  •  Author:   Myanmar Labour News  •  1 minute read

မေ ၂၅၊ ၂၀၂၃

CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ စစ်အုပ်စု လုပ်ရပ်အပေါ် တုံ့ပြန်တာ ဒါမှဟုတ် တာဝန် မထမ်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်တာကနေ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် တည်ဆောက်ရေး လှုပ်ရှားမှုအဖြစ်ကို ဆင့်ကဲပြောင်းလဲ လာတယ်လို့ အရပ်ဖက်အဖွဲ့အစည်း ၁၉ ဖွဲ့က ပူးပေါင်းထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီအစီရင်ခံစာအမည်ကို အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု – မြန်မာ့နွေဦး တော်လှန်ရေး၏ အုတ်မြစ် တစ်ခု၊ စစ်အုပ်စု အာဏာသိမ်းရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှ အင်အားစု လို့ အမည်ပေးထားပြီ အစီရင်ခံစာမိတ်ဆက်တာကို ဒီကနေ့ မေ ၂၅ ရက်မှာ ပြုုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရင်က မရှိခဲ့ဖူးတဲ့ လူထုလှုပ်ရှားမှုတွေထက် ပိုမိုခိုင်မာအားကောင်းပြီး မတူကွဲပြားတဲ့ ပါဝင်မှု ပိုမို စုံလင်သည့် လူထုအင်အားတွေက တစ်ဆင့် ဆင့်ကဲ ပြောင်းလဲခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
CDM လှုပ်ရှားမှုက စစ်အုပ်စုကို ခုခံတွန်းလှန်နေရုံသာမက နိုင်ငံအသစ်တစ်ခုကိုလည်း ဖန်တီးဖော်ဆောင် နေသလို CDM မှာ ပါဝင်သူတွေက လွတ်လပ်ပြီး ဒီမိုကရက်တစ် မြန်မာနိုင်ငံ ဖြစ်ပေါ်လာရေးကို ဘဝတွေ၊ သားသမီးတွေရဲ့ ဘဝတွေကို စတေးခဲ့ကြသူတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါပေမဲ့ CDM တွေမှာ လုံခြုံရေးနဲ့ အသက်အိုးအိမ်ဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုနေရတယ်လို့ ဆိုထားပါတယ်။
NUG ၊ CRPH၊ တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းတွေ၊ CSOတွေ၊ ရန်ပုံငွေရှာဖွေပေးနေသူတွေနဲ့ နိုင်ငံခြား ရောက် မြန်မာပြည်သူတွေက CDM တွေကို ကူညီပေးနိုင်ရေး အားထုတ်မှုများ ရှိနေပေမဲ့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေဆဲလို့ ဆိုပါတယ်။
လက်နက်ကိုင် တော်လှန်ရေးဆင်နွဲနေတဲ့ PDFတွေနဲ့ NUG တို့ရှိနေပေမဲ့ CDM တွေဟာ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး အာဏာကို လည်ပတ်နိုင်စွမ်း မရှိဖို့ အဓိကကျတဲ့ အကြမ်းမဖက်လှုပ်ရှားမှု အစိတ်အပိုင်း ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာ့နွေဦး တော်လှန်ရေးရဲ့ နိုင်ငံတကာ မဟာမိတ်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ (Human Rights Defender – HRD) အဓိပ္ပာယ် ဖွင့်ဆိုချက် တွေအတိုင်း CDM မှာ ပါဝင်သူတွေကို HRD တွေအဖြစ် အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးဖို့ ဒီအစီအရင်ခံစာမှာ ဆွေးနွေးတင်ပြထားပါတယ်။


View the original