အထက်မြန်မာပြည်က တော်လှန်ပန်းတစ်ပွင့်

April 28th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ခင်ဘုန်းမို့

မနက်ခင်းတစ်ခုရဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ ပုံမှန်လည်ပတ်နေကျအတိုင်း စားသုံးသူတွေနဲ့စည်ကားနေတယ်။ ဆိုင်ထဲ မှာလည်း ဖန်ခွက်ချသံ၊ ဇွန်း၊ ခရင်းသံ၊ ကြော်လှော်သံတွေနဲ့ စကားပြောသံတွေနဲ့ဆူညံနေတယ်။

ထိုသို့ ဆူညံသံတွေကြား အမျိုးသမီးငယ်တစ်ဦးရဲ့ စူးစူးရဲရဲအသံတစ်ခုက ရုတ်ချည်းပေါ်ထွက်လာတယ်။

“ ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး ၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး ဒို့အရေး ၊ ငါတို့ကျောင်းသား ငါတို့ပြန်ပေး၊ ငါတို့ ပြည်သူ ငါတို့ပြန်ပေး၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အရေးတော်ပုံအောင်ရမည် ၊ အရေးတော်ပုံအောင်ရမည်” ဆိုတဲ့ အသံတွေပါ။

အကျီအနက်ရောင်နဲ့ ပန်းနုရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်သေးသေးသွယ်သွယ်ရှိတဲ့ အမျိုးသမီးငယ်ဟာ ရဲဝင့် တက်ကြွစွာနဲ့ လက်ဖက်ရည်ခွက်ကို ကိုင်မြောက်ရင်း စတင်ကြွေးကြော်လိုက်တာပါ။

အမျိုးသမီးငယ်ရဲ့ ကြွေးကြော်သံကြားတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေသူတော်တော်များများကလည်း လက်ဖက်ရည်ခွက် တွေကိုင်ကာ လိုက်ပါ ဟစ်ကြွေးရင်း လက်ဖက်ရည်ဆိုင်သပိတ်မှာ ပါဝင်ကြပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ ၂၀၂၁ မေလက မန္တလေးမြို့ရဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်း သားသမဂ္ဂများ (တကသ)က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။

လက်ဖက်ရည်ဆိုင်တစ်ခုရဲ့ သာမာန်မနက်ခင်းတစ်ခုကို စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုအသွင်ပြောင်းအောင် ပြည်သူ လူထုကိုလှုပ်နိုးရာမှာ တက်တက်ကြွကြွပါဝင်ခဲ့သူအမျိုးသမီးဟာ အသက်၂၄အရွယ် မအေးမြင့်အောင်အောင်ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးအစောပိုင်း နေ့ရက်တွေမှာထဲက မန္တလေးသပိတ်တွေမှာ မအေးမြင့်အောင် အောင်ကို မြင်တွေ့ရတယ်။ အမျိုးသမီးသပိတ်တွေရဲ့ရှေ့ဆုံးမှာလည်း မအေးမြင့်အောင်အောင်ရဲ့ပုံရိပ်ကို အထူးတလည် ရှာဖွေ ကြည့်စရာမလိုလှပါဘူး။

မန္တလေးသပိတ်တိုက်ပွဲတွေကအစပြုခဲ့တဲ့ မအေးမြင့်အောင်အောင်ရဲ့တော်လှန်ရေးခြေလှမ်းတွေဟာ လက်ရှိမှာတော့ အထက် မြန်မာပြည်ရဲ့လူထုသပိတ်တိုက်ပွဲတွေအထိ ခရီးနှင်နေခဲ့ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအကြား နိုင်ငံရေးသင်တန်းတွေ ပို့ချ နေခဲ့ပြီ။

အစောဆုံးဆန္ဒပြပွဲက အမျိုးသမီး

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပထမဆုံးဆန္ဒပြပွဲကို  ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးဆေးကျောင်းရှေ့မှာ လူငယ်တစ်စုက စတင်ခဲ့ကြတယ်။

ဒီဆန္ဒပြပွဲကို နွေဦးတော်လှန်ရေးမှာ အထင်ရှားဆုံးတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ ဒေါက်တာတေဇာဆန်းနဲ့ အတူ လူငယ်တစ်စုက စတင်ခဲ့တာဖြစ်တယ်။ အဲ့ဒီဆန္ဒပြပွဲမှာ မအေးမြင့်အောင်အောင်လည်းပါဝင်ခဲ့တယ်။

“တရားမှုတစ်ခုကိုတွန်းလှန်လိုတဲ့စိတ်တစ်ခုနဲ့ပဲဆန္ဒပြခဲ့တယ်။”လို့ မအေးမြင့်အောင်အောင်ကပြောပါတယ်။

မန္တလေးဆေးကျောင်းရှေ့ကစခဲ့တဲ့ မအေးမြင့်အောင်အောင်ရဲ့ တော်လှန်စိတ်ဟာ မန္တလေးလမ်းမပေါ်က သပိတ်တိုက်ပွဲတွေရဲ့ ရှေ့တန်းအထိ ခေါ်ဆောင်သွားပါတော့တယ်။

လူထုအားကောင်းခဲ့တဲ့ ဆန္ဒပြပွဲတွေကနေတစ်ဆင့် စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပုံစံပြောင်းဆန့်ကျင်လာကြတဲ့ ပြောက်ကျားသပိတ်တွေမှာလည်း မအေးမြင့်အောင်အောင်ပါဝင်ခဲ့တယ်။

ပြောက်ကျားသပိတ်တွေကိုဦးဆောင်တဲ့အခါ လူထုကိုစည်းရုံးရေးလှုံ့ဆော်မှုလုပ်ဖို့အချိန်နည်းတာ၊ စစ်ကောင်စီကလာရောက် ဖမ်းဆီးတဲ့အခါ ချက်ချင်းလူစုခွဲရတာ၊ ပထမစီစဉ်ထားတဲ့နေရာ အဆင်မပြေရင် နောက်တစ်နေရာမှာ သပိတ်လုပ်ရတာစတဲ့ အခက်အခဲတွေရှိတယ်လို့ မအေးမြင့်အောင်အောင်ကပြောပါတယ်။

မှတ်မှတ်ရရ လက်ဖက်ရည်ဆိုင်သပိတ်

မအေးမြင့်အောင်အောင်တစ်ယောက် ကိုယ်တိုင်ပါဝင်ခဲ့တဲ့ပြောက်ကျားသပိတ်တွေထဲကမှ မှတ်ဉာဏ်ထဲစွဲထင်နေတာကတော့ အထက်မှာဖော်ပြခဲ့တဲ့ လက်ဖက်ရည်ဆိုင်သပိတ်ဖြစ်တယ်။

ပြောက်ကျားသပိတ်တွေမှာက လူထုကိုစည်းရုံးရေးလုပ်ဖို့ စကားအများကြီးပြောချိန်မရတဲ့အတွက် လူထုစိတ်ဝင်တစား ပါဝင် လာအောင် တက်ကြွလှုပ်ရှားသူလူငယ်အင်အားစုတွေအနေနဲ့ နည်းလမ်းတွေစဉ်းစားကြရတယ်။ မန္တလေးမှာက လက်ဖက်ရည် ဆိုင်ပေါများတဲ့အတွက် လက်ဖက်ရည်သောက်ရင်း သပိတ်မှောက်ကြဖို့စိတ်ကူးရခဲ့ကြတယ်။

“ဆိုလိုချင်တာကရတဲ့နေရာမှာ ရတဲ့နည်းနဲ့တော်လှန်ကြဆိုတဲ့ဟာမျိုး နေရာဒေသကအရေးမကြီးဘူး။ ရတဲ့နေရာမှာရှိတဲ့ဟာနဲ့ ရတဲ့နည်းနဲ့တော်လှန်ကြဆိုတဲ့စိတ်ကို လူထုကိုပေးချင်တာ။” လို့ မအေးမြင့်အောင်အောင်ကပြောပါတယ်။ အဲဒီတုန်းကလည်း လက်ဖက်ရည်ဆိုင်ထဲက လူအကုန်နီးပါးသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မန္တလေးလက်ဖက်ရည်ဆိုင်သပိတ်ကတစ်ဆင့် ရန်ကုန်၊ထားဝယ်စတဲ့ဒေသတွေမှာ လူငယ်တွေက လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ထဘီအလံသပိတ်တိုက်ပွဲတွေရဲ့ ရှေ့တန်းက

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အမျိုးသမီးထုဦးဆောင်တဲ့ပြောက်ကျားသပိတ်တွေလည်း နွေဦးတော်လှန်ရေးမှာ ထွက်ပေါ် လာခဲ့တယ်။

အမျိုးသမီးထုဦးဆောင်ပြီးထဘီအလံလွှင့်ထူတဲ့ ပြောက်ကျားဆန္ဒပြပွဲတွေရဲ့ရှေ့တန်းမှာ မအေးမြင့်အောင်အောင် တစ်ယောက် ပါဝင်ခဲ့တယ်။

ပြောက်ကျားသပိတ်တွေက မန္တလေးမှာရော ရန်ကုန်မှာရော ဆက်တိုက်အားကောင်းလာကြတဲ့အခါမှာ နွေဦးတော်လှန်ရေး အစပိုင်းဖြစ်တဲ့ မတ်လတုန်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ထဘီအလံလွှင့်ထူတဲ့ ဆန္ဒပြပွဲတွေရှိခဲ့တာကို မအေး မြင့်အောင်အောင်နဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေက အမှတ်ရခဲ့ကြတယ်။ အဲ့ဒီတုန်းက အမျိုးသားတွေကိုယ်တိုင် ထဘီခေါင်း ပေါင်းပြီးပါဝင်ခဲ့တာတွေလည်းရှိခဲ့တယ်။

ဒီဖြစ်စဉ်တွေကိုအခြေပြုပြီး ပြောက်ကျားဆန္ဒပြပွဲမှာ Women empowerment(အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်မှု) ကို ပြကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထဘီတွေကို အလံလွှင့်ကာ အမျိုးသမီးတွေစုစည်းပြီး အမျိုးသမီးသပိတ်တွေထွက်ခဲ့ကြတယ်။

“ငါတို့အမျိုးသမီးတွေလည်းလုပ်နိုင်တယ်။ ဒီလောက်ခက်ခဲတဲ့အနေအထားကိုရအောင်ထွက်ကြမယ်။ အဲလိုပဲ အကျပ်အတည်း ကြားထဲကထွက်ခဲ့တယ်။” လို့ မအေးမြင့်အောင်အောင်က ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ချိတ်ဆက်အကြံ ပေးမှုနဲ့ မြို့ပြနဲ့ကျေးလက်အင်အားစုတွေစုဖွဲ့ပြီး အမျိုးသမီးမဟာမိတ်အင်အားစုကိုစတင်ဖွဲ့စည်းပြီးပါဝင်ဖြစ်ခဲ့တယ်။

မအေးမြင့်အောင်အောင်တစ်ယောက် ထဘီအလံသပိတ်တွေကိုဦးဆောင်ခဲ့တုန်းက တစ်ဖက်ကတော်လှန်စိတ် တက်ကြွသလို တစ်ဖက်မှာလည်း စိုးရိမ်မှုတွေအပြည့်ပါပဲ။ ဖမ်းဆီးခံရတဲ့အခါ ကိုယ်တိုင်ကဦးဆောင်သူတစ်ဦးဖြစ်နေတဲ့အတွက် တခြားသူ တွေရဲ့လုံခြုံရေးကိုလည်း စိတ်ပူမိခဲ့တယ်။

မအေးမြင့်အောင်အောင်အပါအဝင် အမျိုးသမီးသပိတ်ဦးဆောင်သူတွေဟာ သပိတ်တွေနဲ့အတူ အတွေးအခေါ် တော်လှန်ရေး ကိုပါ လူထုကိုပေးခဲ့ကြတယ်။

“ ခေတ်အဆက်ဆက်အမျိုးသမီးတွေကိုနည်းနာမျိုးစုံနဲ့ ချိုးနှိမ်ထားတဲ့အယူအဆအမှားတွေ အယူအဆအလွဲတွေ စံချိန်စံနှုန်း အမှားတွေကို တိုက်ဖျက်မယ်ဆိုတဲ့စိတ်နဲ့ သပိတ်တွေကတစ်ဆင့် ကြွေးကြော်ခဲ့ကြတယ်။” လို့မအေးမြင့်အောင်အောင်က ပြောပါတယ်။

မြို့ပြသပိတ်တိုက်ပွဲတွေမှ အညာလူထုသပိတ်တိုက်ပွဲသို့

သပိတ်တိုက်ပွဲရှေ့တန်းမှာပါဝင်နေတဲ့အတွက် စစ်ကောင်စီရဲ့အလိုရှိစာရင်းမှာပါခဲ့တယ်။ မအေးမြင့်အောင်အောင်နေထိုင်တဲ့ မဟာအောင်မြေမြို့နယ်က အဆောင်ကို ၂၀၂၂ ၊ ဇန်နဝါရီလ ၄ ရက်နေ့က အိမ်စီးကားသုံးစီး၊ အရပ်ဝတ်အင်အား ၂၀ ကျော် ဝင်ရောက်ရှာဖွေခဲ့တယ်။ မအေးမြင့်အောင်‌အောင်အခန်းကနေ ငွေကျပ်သိန်း ၂၀ ကျော်၊ Laptop တစ်လုံး၊ စာအုပ်တွေနဲ့ ဘွဲ့ လက်မှတ်တွေကိုသိမ်းဆည်းသွားခဲ့တယ်။

မြို့ဝင်မြို့ထွက်ဂိတ်တွေမှာဓာတ်ပုံပြပြီး ရှာဖွေတာတွေ၊လုံခြုံရေးအခက်အခဲရှိလာတဲ့အတွက် အညာဘက်ကိုခြေဆန့်ခဲ့တယ်။ အညာက ကျေးလက်သပိတ်တွေမှာပူးပေါင်းပါဝင်ပြီး ကျေးလက်လူထုကို လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေဝေမျှနေတယ်။

စစ်ကိုင်းတိုင်းက ကျေးလက်သပိတ်တွေရဲ့အရှေ့မှာလူထုကို နိုင်ငံရေးတရားဟောနေတဲ့အမျိုးသမီးတစ်ဦးအဖြစ် မအေးမြင့် အောင်အောင်ကို တွေ့ရပါတယ်။

လူထုသပိတ်တွေမှာပါဝင်ရင်းနဲ့တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို Code of Conduct(ကျင့်ဝတ်စည်းမျဉ်း) ၊ အခြေခံဖက်ဒရယ် လစ်ဇင်၊ တခြားနိုင်ငံရေးနဲ့ပတ်သက်တာတွေကို တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။

သပိတ်သမားတွေဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့မှုရှိသလို ပြည်သူလူထုနဲ့လည်း ထိတွေ့နေသူတွေ ဖြစ်တယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့က အင်တာနက်နဲ့သတင်းအချက်အလက်ရရှိမှု ခက်ခဲတာကြောင့် လက်ရှိနိုင်ငံရေးအခင်း အကျင်းတွေကို အလုံးစုံသိရှိမှုက လက်လှမ်းမီဖို့ခက်ခဲကြတယ်။

ဒါကြောင့် ရဲဘော်တွေကို လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ အခြေခံဖက်ဒရယ်အကြောင်းတွေကို ဝေမျှဖို့အကြောင်းဖန်လာခဲ့ တယ်။

“ ကျွန်တော်တို့က နိုင်ငံမှာ နိုင်ငံဟောင်းကိုဖြိုဖျက်ပြီး နိုင်ငံသစ်ကိုတည်ဆောက်တယ်။ နိုင်ငံသစ်ကဘယ်လိုနိုင်ငံမျိုးလဲဆိုရင် အားလုံးယုံကြည်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ပေါ့။ ဖက်ဒရယ်ဆိုတာဘာကြီးလဲပေါ့။ ငါတို့တည်ဆောက်မယ့် နိုင်ငံက ဘာကြီးလဲပေါ့။ တော်လှန်ရေးသမားတွေသိဖို့လိုတယ်။ ကာကွယ်ရေးအဖွဲ့တွေသိဖို့လိုအပ်တယ်။ အဲ့လိုရည်ရွယ်ချက်နဲ့ ကာ ကွယ်ရေးအဖွဲ့တွေဆီ ရောက်ဖြစ်တယ်။ ”လို့ မအေးမြင့်အောင်အောင်ကဆိုတယ်။

ဒါ့အပြင် ပြည်သူကနေပေါက်ဖွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေအနေနဲ့ Code of Conduct ကို နားလည်ဖို့ လို အပ်တဲ့အတွက် ဒီအကြောင်းအရာတွေကိုလည်းဝေမျှဖြစ်ခဲ့တယ်။

“ စည်းနဲ့ဘောင်နဲ့အထိန်းအကွပ်တွေရှိဖို့လိုအပ်တယ်။ အထိန်းအကွပ်တွေမဲ့သွားမယ်ဆိုရင် အပြစ်မဲ့ဥပဒေမဲ့ လူသတ်မှုတွေ ဖြစ်လာမယ်။ အပြစ်မဲ့ပြည်သူတွေကို ဥပဒေမဲ့သတ်ဖြတ်မှုတွေလုပ်လာနိုင်စရာရှိတယ်။ ဒါကိုထိန်းကျောင်းချင်တယ်။ အရမ်း လည်းစိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးဖြစ်တာကိုး။ ကိုင်ထားတာသည် လက်နက်တွေဖြစ်နေ တာကို ကျွန်တော်တို့အနေနဲ့ Gun Control (လက်နက်ထိန်းချုပ်ရေး)နဲ့ ပတ်သက်ပြီးစိုးရိမ်မှုရှိတယ်။” လို့ မအေးမြင့်အောင် အောင်က ပြောပါတယ်။

လျှောက်လှမ်းနေဆဲနိုင်ငံရေးခရီးရှည်  

အာဏာသိမ်းဖြစ်စဉ်နဲ့ကြုံပြီး တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါဝင်လာသူဖြစ်သလို မူလထဲကနိုင်ငံရေးစိတ်ဝင်စားခဲ့သူ ဖြစ် တယ်။ လက်ရှိမှာလည်း တော်လှန်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွပါဝင်နေပါတယ်။

နိုင်ငံရေးခရီးလမ်းကိုဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် မအေးမြင့်အောင်အောင်အနေနဲ့ စာတွေဖတ်တာ၊ နိုင်ငံရေးစီနီယာ အကိုတွေအမတွေ၊ဆရာဆရာမတွေ၊ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေဆီကနေ အတွေ့အကြုံတွေ လေ့လာရင်းသင်ယူနေတယ် လို့ သူကဆိုပါတယ်။

တော်လှန်ရေးခရီးလမ်းခုလတ်မှာတော့ လက်နက်ကိုင်တိုက်ပွဲဝင်သူတွေရှိသလို လွတ်မြောက်နယ်မြေကတစ်ဆင့် ပြည်ပနိုင်ငံ တွေမှာခိုလှုံရင်း ကျရာနေရာကပါဝင်နေသူတွေလည်းရှိပါတယ်။

မအေးမြင့်အောင်အောင်ကတော့ လက်နက်ကိုင်လမ်းစဉ်ကိုမရွေးချယ်ဘဲ သပိတ်သမားတစ်ဦးအဖြစ်ဆက်လျှောက်နေတယ်။

“ အစကတော့ လက်နက်ကိုင်ထဲဝင်မယ်ဆိုပြီးရွေးချယ်ခဲ့သေးတယ်။ နောက်ပိုင်းမှာစဉ်းစားတဲ့အခါမှာ ပိုအားသန်တာက သပိတ်တိုက်ပွဲတွေ ပိုအားသန်တယ်။ သပိတ်မှောက်ရတာပျော်တယ်ဆိုတော့ ကိုယ်လုပ်နိုင်တဲ့အရာကိုစဉ်းစားပြီးတော့ ကိုယ် လုပ်နိုင်တဲ့အရာအပေါ်မှာ အားကိုထည့်ပြီးတော့သုံးလိုက်မယ်။”လို့ မအေးမြင့်မြင်အောင်အောင်က သူ့ခံယူချက်ကိုပြောတယ်။

တော်လှန်ရေးမှာပါဝင်သူတိုင်းကြုံရလေ့ရှိတဲ့ စိတ်ဓာတ်ကျချိန်တွေကိုလည်း မအေးမြင့်အောင်အောင် တစ်ယောက်ဖြတ်သန်း ရတယ်။

နေ့စဉ်နဲ့အမျှစစ်ကြောင်းထိုးခံရတာ၊ ရွာတွေမီးရှို့ခံရတာ၊ ကျဆုံးသွားတဲ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေစတဲ့ အဖြစ် အပျက်တွေအပြင် နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကြောင့်လည်း စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ ဒီလိုအချိန်တွေကို ကျဆုံးသွားတဲ့သူတွေရဲ့မျက်နှာကို မြင်ယောင်ပြီးအားတင်းတယ်လို့ ဆိုတယ်။

“ဒီကျသွားတဲ့လူတွေကလုပ်ခဲ့တဲ့တော်လှန်ရေးကြီးပေါ့ ရပ်တန့်လိုက်လို့မရဘူး။” လို့ မအေးမြင့်အောင်အောင်ကပြောတယ်။

စိတ်ဓာတ်ရေးရာစိန်ခေါ်မှုတွေအပြင် ကျန်းမာရေးအခြေအနေ၊ လုံခြုံရေးအခြေအနေတွေကလည်း ခက်ခဲကြမ်းတမ်းပါသေး တယ်။

မြို့ပြမှာနေခဲ့တုန်းကလည်း မြို့ပြမှာနေတဲ့အလျှောက် လုံခြုံရေးကစိတ်မချခဲ့ရသလို အညာရောက်တဲ့အခါမှာတော့ လုံခြုံရေး စိတ်မပူရတော့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကို စိတ်ပူရပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချင်ခဲ့သူ  

မန္တလေးတိုင်းထဲက မြို့လေးတစ်မြို့မှာမွေးဖွားခဲ့တဲ့ မအေးမြင့်အောင်အောင်ရဲ့ငယ်ဘဝကတော့ ရိုးရှင်းခဲ့ပါတယ်။ တက္ကသိုလ် ဝင်တန်းကို ပြင်ဦးလွင်စိုးစံဘော်ဒါဆောင်က အောင်မြင်ခဲ့တယ်။ သီချင်းဆိုတာနဲ့ဂစ်တာတီးကို ဝါသနာပါတဲ့ မအေးမြင့်အောင် အောင်တစ်ယောက် တက္ကသိုလ်ကျောင်းပွဲတွေမှာလည်း သီချင်းဆိုဂစ်တာတီးရင်းနဲ့ဖြတ်သန်းခဲ့တယ်။

ဒါပေမယ့် မအေးမြင့်အောင်အောင်ဟာ နိုင်ငံရေးကို အာဏာမသိမ်းခင်ကတည်းက စိတ်ပါဝင်စားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သူက မန္တလေးတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကိုတက်ရောက်ရင်း ကျောင်းသားအရေးတွေမှာပါဝင်ခဲ့တယ်။ ဥပဒေနဲ့ပတ် သက်တဲ့ သရုပ်ပြတာတွေ၊ကျောင်းသားသမဂ္ဂဖွဲ့ဖို့ ပါဝင်ကူညီတာတွေရှိခဲ့တယ်။ အဲ့ဒီကာလတုန်းက ရခိုင်ကစစ်ဘေးရှောင် အမျိုးသမီးတွေအတွက်  လစဉ်သုံးပစ္စည်းတွေလှူတဲ့ အစီအစဉ်တစ်ခုကိုလည်း ဦးဆောင်ခဲ့သေးတယ်။

ကျောင်းသူဘဝမှာထဲက နိုင်ငံရေးစိတ်ဝင်စားတဲ့အတွက် ဒေါက်တာတေဇာဆန်းတို့ဦးဆောင်ဖွဲ့ထားတဲ့ ယုံကြည်ရာအသိပညာ ပြန့်ပွားရေးအသင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို လေ့လာခဲ့တယ်။

အဲဒီကာလတွေကစလို့ မအေးမြင့်အောင်အောင်တစ်ယောက် လွှတ်တော်နိုင်ငံရေးကိုစိတ်ဝင်စားကာ လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်ဖြစ်ချင်ခဲ့တယ်။

မြို့ပြတည်ဆောက်ရေးပိုင်းတွေ စည်ပင်၊လမ်းတံတား၊မြို့ပြဖွံ့ဖြိုးရေး၊ Public service (ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း) နဲ့ ပတ် သက် တာတွေကို စိတ်ဝင်စားခဲ့ တယ်။

“ General (ခြုံငုံ) လုပ်လို့ရတာဆို လွှတ်တော်ကိုယ်စားလှယ်ရှိတယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လုပ်ချင်တယ်ပေါ့။” လို့ မအေးမြင့်အောင်အောင်ကပြောတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ မန္တလေးကိုစမတ်စီးတီးအဖြစ်အကောင်အထည်ဖော်နိုင်ခဲ့တဲ့ မန္တလေးမြို့ တော်ဝန် ဦးရဲလွင်ကိုလည်းအားကျတဲ့အတွက် မြို့တော်ဝန်ဖြစ်ချင်ခဲ့ပြန်ပါသေးတယ်။

မအေးမြင့်မြင့်အောင်ဟာ ရှေ့နေဒါမှမဟုတ်တရားသူကြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေဘာသာရပ်ကို ရွေးချယ်ခဲ့ ပေမယ့် နောက်ပိုင်းမှာတကယ်စိတ်ဝင်စားတာက နိုင်ငံရေးဖြစ်ခဲ့တယ်။ လက်ရှိမှာတော့ မအေးမြင့်မြင့်အောင်ဟာ လူထု သပိတ်တိုက်ပွဲတွေရှေ့မှာ ရှိနေဦးမှာပါပဲ။

တော်လှန်ရေးအောင်တဲ့အခါ သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒကတော့ မိသားစုနဲ့ထမင်းလက်စုံစားကာ နိုင်ငံအနှံ့ခရီးထွက်ချင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင်သူက ရှေ့ဆက်ပြီးလျှောက်လှမ်းမယ့် နိုင်ငံရေးခရီးလမ်းနဲ့ပတ်သက်ပြီးလည်း ယခုလိုဆိုတယ်။

“ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ လုပ်ဖြစ်နေဦးမယ်လို့ထင်တယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားခဲ့တဲ့သူဖြစ်တယ်။ လက်ရှိ မှာ မြေပြင်မှာလည်းရောက်နေတယ်။ အညာနိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ပါဝင်နေတယ်။ ပြည်သူလူထုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ စိတ်ဝင်စားတယ်။ နောက်လည်းလုပ်ဖြစ်နေဦးမှာပဲ။”


View the original