ရက်စက်ကြမ်းတမ်းသည့် နန်းတွင်းစစ်ကြောရေးတွင် ပျောက်ဆုံးသွားသူများ

April 21st, 2023  •  Author:   Myanmar Now  •  1 minute read
Featured image

မန္တလေးတွင် ဖမ်းဆီးခံရသည့် အာဏာသိမ်းမှုဆန့်ကျင်သူတချို့ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသဖြင့် ချစ်ခင်သူများက ထိုသူတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြသည်။

အကြည်ဓာတ်မျက်နှာပေးလေးနှင့် အမြဲပြုံးရွှင်နေတတ်သူ အမျိုးသမီးငယ်လေးတစ်ဦးသည် သီချင်းတစ်ပုဒ် ဆိုညည်းကာ စက်ချုပ်နေတတ်သည်။

ဆူညံနေသည့် စက်သံများက သီချင်းသံနှင့် စည်းချက်ကျနေသယောင် မနားတမ်း သီချင်းသီဆိုရင်း အဝတ်အထည်များကို ချုပ်လုပ်နေလေ့ရှိသူဖြစ်သည်ဟု ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ဆိုသည်။

“အာဏာသာ မသိမ်းခဲ့ရင် ညီမလေးက သူ့အလုပ် သူလုပ်၊ စက်ချုပ်နေမှာ။ ဒီအာဏာသိမ်းမှုက သူ့ဘဝကို နိုင်ငံရေးတက်ကြွသူဖြစ်အောင် တွန်းပို့လိုက်တာပဲ။ ထောင်ကျအောင် တွန်းပို့လိုက်တာပဲ” ဟု ထိုမိန်းကလေး၏ မိတ်ဆွေဖြစ်သော ကိုငယ်က ပြောသည်။

ကိုငယ်က  အသက် ၂၂ နှစ်အရွယ် မယုဝေမြင့်ဆိုသော မိန်းကလေး၏ အာဏာမသိမ်းမီက ဘဝဖြတ်သန်းမှုအကြောင်းကို မချိတင်ကဲ ပြန်ပြောပြနေခြင်းဖြစ်သည်။

ပုံစာ-စစ်ကောင်စီတပ်က ဖမ်းဆီးထားသော မအေးနန္ဒာစိုးနှင့် မယုဝေမြင့်။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါအမျိုးသမီးငယ်သည် မန္တလေးမြို့ အခြေအနေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သွားလာ လှုပ်ရှားမှုများ ဖော်ပြနေသည့် ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သော Voice Of Mandalay (Vomdy) ကို ဦးဆောင်ခဲ့သူများအနက်မှ တစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် ထိုအမျိုးသမီးငယ်သည် ဖမ်းဆီးခံရသည်မှာ ၆ လ ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်အထိ အိုးဘိုအကျဉ်းထောင်သို့ ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ၎င်း မပါဝင်လာသေးကြောင်း၊ မန္တလေးနန်းတွင်း စစ်တပ်စခန်းတွင် ရှိနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရကြောင်း ကိုငယ်က ဆိုသည်။

“အခုလက်ရှိ စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့ သိရတယ်။ သူက တီဘီရောဂါ ကူးစက်ခံထားရတယ်။ ချောင်းဆိုးရင် သွေးတွေပါတယ်ပေါ့။ အဲဒီလိုကြားရတယ်။ ဆေးကုသမှု ရမရတော့ မသိဘူး။ ဆေးရုံတွေဘာတွေ တင်ပေးပါစေလို့ ဆုတောင်းနေရတယ်” ဟု ၎င်းက ပြောသည်။

ရက်စက်ကြမ်းတမ်းရာတွင် နာမည်ကျော်သည့် နန်းတွင်းစစ်ကြောရေးတွင် ရှိနေသည့်အတွက် အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟု သူက ဆက်ပြောသည်။

“အတိုင်းအဆမရှိအောင်ကို စိတ်ပူပန်နေရတယ်။ သူတို့လက်ထဲဆိုတော့ သူတို့ ဘာများ လုပ်လိုက်ပြီလဲ၊ ဘယ်လိုဖြစ်နေပြီလဲလို့ အမြဲစိတ်ပူနေရတာပါ။ သူငယ်ချင်းဆိုပေမဲ့ ကိုယ့်ညီမလေးအရင်းလိုပါပဲ။ အရမ်းလည်း သတိရတယ်။ အဆင်ပြေပြေ ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းနေရတာပေါ့”

စက်ချုပ်သမလေးနှင့် အပြောင်းအလဲ

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများစွာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားရာ ထိုအထဲတွင် မယုဝေမြင့်တစ်ယောက်လည်း ပါဝင်ခဲ့သည်။

မန္တလေးသူ မယုဝေမြင့်သည် အောင်မြေသာစံမြို့နယ် အထက (၂၀) တွင် ၈ တန်း တက်နေစဉ် မိသားစုအခြေအနေများကြောင့် ကျောင်းမှ ထွက်၍ စက်ချုပ်ပညာ သင်ယူခဲ့သည်။

အဖမ်းမခံရမီအချိန်ထိ စက်ချုပ်သည့်အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့သည့် သာမန်အရပ်သူတစ်ဦးဖြစ်သည်ဟု ကိုငယ်က ပြောသည်။

“ညီမလေးက စိတ်ရင်းကောင်းတယ်။ ငယ်ငယ်ကတည်းက အဘိုးအဘွားတွေ၊ ဦးလေးတွေနဲ့ပဲ အနေများတယ်။ သူ့ထက် အကြီးတွေအပေါ်ဆိုရင် အငယ်ပီပီ ဆိုးချင်နွဲ့ချင်တယ်။ ပျော်ပျော်နေတတ်တယ်။ သူ့ရဲ့ဝါသနာက သီချင်းတွေ အော်ဆိုနေရတာ။ စက်ချုပ်ရင်း သီချင်းလေးတွေ အမြဲညည်းနေရှာတာ” ဟု သူက ဆိုသည်။

“သူနဲ့ အမှတ်တရကတော့ မုန့်တွေပတ်စားကြတာပေါ့။ ပိုက်ဆံလေးများရှိရင် မန္တလေးရဲ့ ဈေးပေါတဲ့၊ ကောင်းတဲ့ မုန့်ဆိုင်လေးတွေ ပတ်စားကြတာပေါ့”

ယင်းကဲ့သို့ အပူအပင်ကင်းကင်း လွပ်လပ်ပေါ့ပါးနေသည့် အရပ်သူလေး မယုဝေမြင့်ကို စစ်အာဏာသိမ်းမှုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် တွန်းပို့ခဲ့သည်။

ဆန္ဒပြကာလတစ်လျှောက် မြေပြင်စစ်ကြောင်းများတွင် အလုပ်ပျက်အကိုင်ပျက် အားတက်သရော ဦးဆောင်ပါဝင်ခဲ့သည်။ ထိုမျှမက အွန်လိုင်း လူမှုကွန်ရက်တွင် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရေးသားသူဖြစ်ရာ သူ့ကို “ကီးဘုတ်ဖိုက်တာ”ဟုလည်း အမည်ပေးထားကြောင်း ကိုငယ်က ဆိုသည်။

ကီးဘုတ်ဖိုက်တာ၏ လွတ်လပ်ပျော်ရွှင်သောဘဝနှင့် ရည်မှန်းချက်တို့ ပိုမိုဆုံးရှုံးသွားရသည့် အခြေအနေသည် ၂၀၂၂  စက်တင်ဘာလတွင် ရောက်လာသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၇ က တွေ့ရစဉ်။  (ဓာတ်ပုံ-Myanmar Now) 

ထိုနေ့က စက်တင်ဘာလ ၄ ရက်နေ့ဖြစ်သည်။ အောင်မြေသာစံမြို့နယ်၊ ၁၃ လမ်း (၈၆ နှင့် ၈၇ လမ်းကြား) မြောက်ပြင်ရပ်ရှိ နေအိမ်တစ်အိမ်သို့ စစ်ကား ၂ စီး ရောက်လာသည်။

“လမ်းထိပ်မှာ ကွမ်းယာရောင်းတဲ့ သူ့ဦးလေးလင်မယားကို သေနတ်ပြ ကားပေါ်တင်ပြီး အိမ်ကို လိုက်ပြခိုင်းတယ်။ အိမ်ရောက်တော့ အိမ်ပေါ် တက်သူတက်၊ အောက်မှာ ကင်းစောင့်သူကစောင့်၊ ခဏကြာတော့ ပုခုံးဖက်ပြီး အောက်ကို ခေါ်လာတယ်” ဟု ကိုငယ်က ထိုနေ့က အဖြစ်အပျက်ကို ပြောပြသည်။

“(မယုဝေမြင့်မှာ) ဖုန်း၂ လုံးရှိတာကို သူတို့ သိတယ်။ နောက်ဖုန်းတစ်လုံးက ဘယ်မှာလဲဆိုပြီး ပါးရိုက်တယ်။ မရှိပါဘူးလို့ပြောတော့ လိမ်လို့ကတော့ ဟိုရောက်ရင် သိမယ်ဆိုပြီး ကြိမ်းမောင်းခေါ်သွားတယ်”

ယင်းညပိုင်းမှာတွင် စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိကြသည့် တယ်လီဂရမ်စာမျက်နှာများက အမျိုးသမီးငယ်ကို ဖမ်းဆီးမေးမြန်းနေသည်၊ ရုပ်ရည်ချောမောသည့်အမျိုးသမီးငယ်ကို “ပြုစုယုယမှုများဖြင့် မေးမြန်းနေသည်” ဟု ရေးသားဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ စုဆောင်းပြုစုထားသည့် အကျဉ်းသားစာရင်းတွင် မယုဝေမြင့်ကို ထိန်းသိမ်းထားသည့်နေရာ၊ စွဲဆိုထားသည့် ပုဒ်မတို့နှင့် ပတ်သက်ပြီး အတည်ပြုချက်မရသေးကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ လူသိရှင်ကြားဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည့်ဖြစ်စဉ်များသည် စစ်အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း AAPP အသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။

“ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းပြီး ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ ရုံးထုတ်နေတဲ့အထိ မသိသေးသလို ထောင်ဒဏ်တွေချမှတ်ပြီးတာတောင် အခြားနည်းလမ်းတွေနဲ့ပဲ သိကြတာရှိပါတယ်။ ခုချိန်ထိ စစ်အုပ်စုက ထုတ်ပြန်တာမရှိသေးပါဘူး။  အခြား ရုံးလည်းမထုတ်၊ ဘယ်ရောက်နေသလဲ၊ သေသလားရှင်သလား မသိရတဲ့သူတွေလည်း မနည်းလှပါဘူး” ဟု ၎င်းက ပြောသည်။

မန္တလေးတွင် အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ဖမ်းဆီးပြီးလျှင် ထောင်သို့ မပို့သေးဘဲ စစ်တပ်က သီပေါဘုရင် စိုးစံခဲ့သော၊  ရက်စက်စွာ စစ်ဆေးသည်ဟု နာမည်ကျော်သော မန္တလေးမြို့နန်းတွင်းရှိ စစ်တပ်စခန်းသို့ ပို့ပြီး ညှဉ်းပန်းနှိပ်စက် စစ်ကြောမေးမြန်းလေ့ရှိသည်။ မယုဝေမြင့် အပါအဝင် ဖမ်းဆီးခံရသူ အများအပြားသည် ထိုစစ်ကြောရေးစခန်း ရောက်ပြီးမှ  သတင်းအစအန ပျောက်ဆုံးသွားသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် တတိယနှစ်ကျောင်းသူ မအေးနန္ဒာစိုး၏ အခြေအနေသည်လည်း အလားတူ ဖြစ်နေသည်။

တန့်ဆည်သူလေး မအေးနန္ဒာစိုး

မန္တလေးမြို့၏ ညီအစ်ကိုမြို့ဟု တချို့က တင်စားခေါ်ဝေါ်သော ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့တွင် စစ်တပ် အာဏာမသိမ်းမီကတည်းက စစ်အာဏာရှင်ကို တစိုက်မတ်မတ် ဆန့်ကျင်လာသူများထဲတွင် မအေးနန္ဒာစိုးလည်း ပါဝင်သည်။

သူသည် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် အသက် ၂၁ နှစ်အရွယ် တတိယနှစ်ကျောင်းသူဖြစ်ပြီး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌလည်း ဖြစ်သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုး။ (ဓာတ်ပုံ – ပေးပို့)

စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်အတွင်း ရွာငယ်လေးတစ်ရွာတွင် မွေးဖွားခဲ့သူ မအေးနန္ဒာစိုးသည် ကျောင်းတက်ရင်း နိုင်ငံရေးလေ့လာလှုပ်ရှားသူ၊ အဖိနှိပ်ခံလူထုနှင့် တောင်သူလယ်သမားအရေး တက်ကြွစွာဆောင်ရွက်သူအဖြစ် ကျောင်းသားလောကတွင် ထင်ရှားသည်။

ရိုးသားအေးဆေးပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးသည့် တောင်သူမိဘများ၏ သမီးဖြစ်သည့်အတွက် မအေးနန္ဒာစိုး၏ ဘဝဖြတ်သန်းပုံက ရိုးစင်းအေးချမ်းလွန်းသည်ဟု သူငယ်ချင်းဖြစ်သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဝေလင်းက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ထိုအမျိုးသမီးငယ် ပျောက်ခြင်းမလှပျောက်ဆုံးသွားသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

“သူ့အကြောင်း စဉ်းစားလိုက်ရင် ခုချိန်ထိ ငိုမိတုန်းပဲ။ အရမ်းလည်း သတိရတယ်။ အင်မတန်ခေါင်းမာတဲ့ ကောင်မလေး။ အနေတည်တဲ့ ကောင်မလေး” ဟု သူငယ်ချင်းဖြစ်သူ ဝေလင်းက ဆိုသည်။

“နဂိုကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်လာတဲ့သူ။ အာဏာသိမ်းပြီးတဲ့နောက် ဘယ်ပြောကောင်းမလဲ။ သူ့ဇာတိ သူ့မြို့ရွာ ဆန္ဒပြမှုတွေမှာ အားတက်သရော ဦးဆောင်ပါဝင်ခဲ့တယ်။ ဒါတွေကြောင့်ပဲ အငြိုးထားခံရတယ်နဲ့ တူပါတယ်ဗျာ”

မအေးနန္ဒာစိုး ဘယ်ရောက်နေလဲ

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ ဂဥက္ကဋ္ဌ မအေးနန္ဒာစိုးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

မန္တလေးမြို့မှ ဇာတိမြေသို့အပြန် စစ်ကိုင်း-မန္တလေးလမ်း စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွား မှန်လုံကားတစ်စီးပေါ်မှ ဆွဲချဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့ဖမ်းဆီးထားသူများကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်၍ စစ်ကြောရေးစခန်းတွင် အချိန်ကာလကြာမြင့်စွာ ညှဉ်းပန်းစစ်ဆေးလေ့ရှိရာ မအေးနန္ဒာစိုးကို စစ်ကြောရေးမှတစ်ဆင့် အကျဉ်းထောင်သို့ ရောက်ရှိလာမည်ဟုသာ အစောပိုင်းတွင် မိသားစုနှင့် မိတ်ဆွေများက မျှော်လင့်ထားကြသည်။

သို့သော် ၇ လကျော် ကြာလာသည့်အချိန် ၎င်းဖမ်းဆီးခံရစဉ်အချိန်က ဖမ်းဆီးခံရသူများဖြစ်သော ကျောင်းသားရဲဘော်များ အိုးဘိုထောင်သို့ ရောက်ရှိလာသော်လည်း မအေးနန္ဒာစိုး ပါဝင်ခြင်း မရှိသေးပေ။

ထိုမိန်းကလေးအတွက် စိုးရိမ်ဖွယ်ရာသတင်းစကားများသာ ကြားသိလာရသည်ဟု ကိုဝေလင်းက ဆိုသည်။

“သူ ပြင်းပြင်းထန်ထန်နှိပ်စက်ခံထားရတယ်။ နောက်ပြီး သူ့ကို ညဘက်မှာ သေဒဏ်ကျအကျဉ်းသားတွေနဲ့အတူ စစ်ကြောရေးကနေ ခေါ်ထုတ်သွားတယ်။ ဒါမျိုးတွေ ထောင်ထဲက (စစ်ကြောရေးမှ ထွက်လာသော) ရဲဘော်တွေဆီကနေ ကျွန်တော်တို့ကြားလာရတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

“အဲဒီနောက်ပေါ့။ သတင်းကလည်း ပြတ်သွားတယ်။ သေသွားပြီဆိုတဲ့သတင်းတွေလည်း ကြားလာရတယ်။ လူအားလုံးကလည်း သေသွားပြီလို့ ထင်နေကြတယ်။ တစ်နှစ်ခွဲလည်း ကြာခဲ့ပြီလေ။ ကျွန်တော်လည်း……”

စကားဆုံးအောင် မပြောနိုင်တော့ဘဲ ကိုဝေလင်းက အသံတိတ်ပြီး ကျိတ်ငိုရှိုက်သံသဲ့သဲ့ ထွက်လာသည်၊ ထို့နောက် သူက အားတင်းပြီး လေသံမာမာဖြင့် ပြောသည်။

“ဒီလောက်ဗျာ … အမျိုးသမီးငယ်တစ်ဦးကို အခုချိန်ထိ ဘာသတင်းအစအန၊ နောက်ဆုံး သေသွားရင်လည်း သေသွားပါတယ်ဆိုတဲ့အကြောင်းတောင် ပေးမသိတဲ့ စစ်တပ်ရဲ့လုပ်ရပ်က အင်မတန် အောက်တန်းကျတယ်။ အတော်နာကြည်းရတယ်။ ခွင့်လွှတ်စရာလည်း အကြောင်းမရှိဘူး”

မအေးနန္ဒာစိုးသတင်း မကြားရတော့သည်မှာ အချိန် ၈ လခန့် ရှိနေပြီဖြစ်ပြီး စစ်ကြောရေးတွင် ဆက်ရှိမရှိ၊ သေဆုံးခြင်း ရှိမရှိကို စုံစမ်းနေသည့်မိတ်ဆွေများက အတည်မပြုနိုင်တော့ပေ။

ရှေ့နေတစ်ဦး ပြောပြသည့် စစ်ကြောရေးဖြတ်သန်းရသူများ

မန္တလေးမြို့ နန်းတွင်းစစ်ကြောရေးစခန်းသည် နာမည်ကျော်အိုးဘိုထောင်၏ တောင်ဘက် ၂ မိုင်ခန့် အကွာတွင် တည်ရှိပြီး ထိုနေရာ၌ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသူ၊ အလောင်းပင် ပြန်မရသည့် လက်စဖျောက်ခံရသူ များစွာရှိနေသည်ဟု မန္တလေးမြို့ခံ ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အမည်ဆိုးဖြင့်ကျော်ကြားသော စစ်ကြောရေးစခန်းရှိရာ မန္တလေးနန်းတွင်းကို၂၀၂၀ ဒီဇင်ဘာ ၃၁ တွင် တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ဆောင်းနှင်းဖြူဟု လူသိများသည့် မန္တလေးမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်ဝင်းထွဋ် ရိုက်နှက်ဖမ်းဆီးခံရပြီး သုံးနာရီအကြာ အလောင်းထုတ်ယူခိုင်းသည့် ဖြစ်စဉ် ရှိခဲ့သည်။

သေဆုံးသည်ဟုလည်း အသိပေးမခံရ၊ ယနေ့အချိန်အထိလည်း အိုးဘိုထောင်သို့ ရောက်ရှိမလာသူများထဲတွင် ဆန္ဒပြလူငယ်ခေါင်းဆောင် ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုး၊ ခြေထောက်ဒဏ်ရာဖြင့် ရိုက်နှက်ဖမ်းဆီးခံရသည့် သင်္ဂဇာကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာ၊ ပစ်ခတ်ဖမ်းဆီးခံရသည့် မန္တလေးပြောက်ကျားတပ်ဖွဲ့ (GZP) မှ ရဲဘော်တေမိတို့လည်း ပါဝင်သည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် လက်လှမ်းမီသလောက်ပြုစုထားသည့်စာရင်းအရ စစ်ကြောရေးကို ဖြတ်သန်းပြီး အိုးဘိုထောင်သို့ ရောက်လာသူ တစ်ထောင်ကျော်အနက် အမျိုးသမီး ၃၃၆ ဦး ပါဝင်သည်၊ ထိုအမျိုးသမီးအများစုသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ ကျူးလွန်ခံရခြင်းတို့ကို အဆိုးရွားဆုံးကြုံတွေ့နေရသည်ဟု အထက်ပါရှေ့နေက ပြောသည်။

“အမျိုးသမီးတွေကိုဆိုရင် ခန္ဓာကိုယ်ကို ပွတ်သပ်တာ၊ သားပြောမယားပြော ပြောကြတာ၊ ကိုင်တွယ်တာတွေအပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပါ သူတို့ ကျူးလွန်နေကြတယ်။ နောက်ဆုံး လက်စဖျောက်ပစ်တဲ့ အခြေအနေတွေအထိကို ရှိနေတယ်” ဟု သူက ဆက်ပြောသည်။

“အထင်ရှားဆုံးပြောရရင် စစ်ကိုင်းက ကောင်မလေး မအေးနန္ဒာစိုးဆိုရင် ညဘက်ကြီးမှာ မျက်လုံးကို အဝတ်စည်းပြီး ခေါ်ထုတ်သွားတယ်။ အခုချိန်ထိ အိုးဘိုထောင်ကို ရောက်မလာခဲ့ဘူး။ ဘယ်သူမှလည်း စုံစမ်းခွင့် မရခဲ့ဘူး”

လူသတ်အကြမ်းဖက်နေသည့် စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံရသည့် မည်သူမဆို အချိန်မရွေး အသက်အန္တရာယ်ရင်ဆိုင်နေရကြောင်း အထက်ပါရှေ့နေက ဆိုသည်။

“အပြင်လောကမှာတောင်မှ ပြောင်ပြောင်တင်းတင်း ခေါင်းဖြတ်သတ်နေတာ၊ နှိပ်စက်သတ်ဖြတ်နေတာ။ သူတို့လက်ထဲမှာ ရောက်နေတဲ့သူတွေ၊ ချုပ်နှောင်ခံထားရသူတွေဟာ အချိန်မရွေး ကျူးလွန်ခံနေရပါတယ်။ လက်စဖျောက်ခံနေရပါတယ်”

စစ်ကြောရေးငရဲခန်း 

မြန်မာပြည်အထက်ပိုင်း မြို့ကြီးတစ်မြို့တွင် နေထိုင်သူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည်လည်း ၂၀၂၁ စက်တင်ဘာလအတွင်း ပြင်ဦးလွင်မြို့အဝင် ကျောက်ဖြူဂိတ်တွင် ကားပေါ်မှ ဆွဲချကာ ဖမ်းဆီးခံလိုက်ရသည်။

ထို့နောက် ၃၆ နာရီကြာ စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့ပြီးနောက် ထိုနှစ်ရက်လုံး ရိုက်နှက် နှိပ်စက်ခံရသည်၊ လက်နက်ကိုင်ကာကွယ်‌ရေးအဖွဲ့ဝင် ဟုတ်မဟုတ်၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိမရှိ ဆက်တိုက်ဆိုသလို မေးမြန်းကြသည်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုများလည်း ခံရပြီး နေ့နေ့ညည မသိရဘဲ မျက်လုံးအဝတ်စည်းလျက် နှိပ်စက်ခံရသည်၊ ကပ်လျက်အခန်းတွင်လည်း စစ်ကြော နှိပ်စက်နေသံများ အတိုင်းသားကြားနေရသည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီအတွင်း Myanmar Now ကို ပြောထားသည်။

ထို့နောက် အမှုဖွင့်ခံရပြီး အောက်တိုဘာလတွင် အိုးဘိုထောင်သို့ ရောက်ရှိခဲ့သည်။ ယင်းလအတွင်း စစ်ကောင်စီက ခြွင်းချက်ဖြင့် ပြန်လွှတ်သော လွတ်ငြိမ်းသက်သာခွင့်အစီအစဉ်တွင် ပါဝင်လာပြီး လွတ်မြောက်လာသောကြောင့် သူ့အတွေ့အကြုံများကို ပြန်မျှဝေခဲ့ခြင်း ဖြစ်သည်။

စစ်ထောက်လှမ်းရေးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဟု အသွင်ပြောင်းဖွဲ့စည်းထားသူများက ဦးဆောင်ကာ ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများရှိ စစ်ကြောရေးစခန်းများတွင် ၎င်းတို့ ဖမ်းဆီးထားသူများကို ညှင်းပန်းစစ်ကြောလေ့ရှိကြသည်။

ရန်ကုန်မြို့ရှိ ရေကြည်အိုင်စစ်ကြောရေးစခန်းသည်လည်း အမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကြောရေးစခန်းတစ်ခု ဖြစ်သည်။ အလားတူ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အောင်သပြေစစ်ကြောရေးစခန်းသို့ ရောက်ခဲ့သော အမျိုးသားတစ်ဦးကလည်း ထိုအတွေ့အကြုံများကို ပြန်ပြောပြပြီး သူက ထိုနေရာကို “သားသတ်ရုံ” ဟု အမည်တပ်သည်။

နာမည်ကျော်စစ်‌ကြောရေးစခန်းများအနက်မှ မန္တလေးနန်းတွင်းစစ်ကြော‌ရေးတွင် စစ်ထောက်လှမ်းရေးတို့က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် သုံးဦးကို စအိုအတွင်း ဝါးလုံးထိုးသွင်းသည်အထိ ကျူးလွန်ထားသည် ဆိုသောသတင်းများ ၂၀၂၁ နှစ်ကုန်တွင် ထွက်ပေါ်ခဲ့သည်။

နှစ် ၂၀၀ ကျော် သက်တမ်းရှိပြီး မန္တလေးတောင်ခြေရှိ ကမ္ဘာကျော် မန္တလေးနန်းတွင်း၌ ရှိနေသော စစ်ကြောရေးစခန်းနေရာသည် အသွားအလာကန့်သတ်ထားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာအတွင်း ဖြစ်သည်။

နန်းတွင်းစစ်ကြောရေးစခန်းကို ၂၀၂၁ ခုနှစ် မေလအတွင်းက ၆ ရက်ကြာ ရောက်ရှိခဲ့သော မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ရဟန်းတစ်ပါးက ထိုအခြေအနေကို ပြန်ပြောပြသည်။

နန်းမြို့တွင်း အခြေစိုက်သည့် စစ်တပ်အဆောက်အအုံများအနက် နွားချေးနံ့ မွှန်ထူနေသော အတွင်းဘက်အကျဆုံး အဆောင်တစ်ခု၌ ချုပ်နှောင်ခံခဲ့ရသည့် အခြေအနေသည် “လူ့ငရဲ” ဟု အထက်ပါ သက်တော် ၃၀ အရွယ် အရှင်မဏိသာရက မိန့်ခဲ့သည်။

ကံကောင်းသည်မှာ အခြားဖမ်းခံရသည့် လူပုဂ္ဂိုလ်များကဲ့သို့ ကာလရှည် နှိပ်စက်မခံရဘဲ စစ်ကြော မေးမြန်းခံရပြီးနောက် ၅ ရက်အကြာတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်သည်၊ ထို့နောက် ၎င်းနှင့် အခြားရဟန်းတစ်ပါးကို အိုးဘိုထောင်သို့ ပို့လိုက်ပြီး ဇွန်လအတွင်း လွတ်ငြိမ်းဖြင့် ပြန်လွတ်လာခဲ့သည်။

ဖမ်းဆီးခံရမှု၊ အဖမ်းခံရပြီး သတင်းအစအန ပျောက်ဆုံးနေမှု စသည့် အခြေအနေကို သတင်းတွင် မဖော်ပြစေလိုသော မိသားစုများလည်း ရှိတတ်သည်ဟု AAPP အသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။

“သတင်းမီဒီယာမှာ ပါလာတဲ့အတွက် အားသာချက်ကတော့ အသက်အန္တရာယ်ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တချို့ကို ဘယ်မှာရှိတယ်ဆိုတာကို တရားဝင်ထုတ်မပြောပေမဲ့ မိသားစုတွေဆီကို ပြန်အသိပေးတာမျိုး ရှိတတ်ပါတယ်။ သတ်ပစ်လိုက်ရင်တောင် မိသားစုကို ပြန်ပြောတာမျိုး ရှိတတ်ပါတယ်။ ပုသိမ်ထောင် အဓိကရုဏ်းကိစ္စမှာ အကျဉ်းသား သေသွားပြီဆိုတာ သတင်းမီဒီယာတွေမှာ ပါလာတဲ့အတွက် နောက်ဆုံးမှာ အာဏာပိုင်တွေက မိသားစုကို သေဆုံးသွားပြီ ဖြစ်ကြောင်း အသိပေးတာမျိုး ရှိခဲ့ပါတယ်” ဟု သူက ပြောသည်။

သတင်းတွင် ဖော်ပြကြလျှင် စစ်ကောင်စီက ပြန်လွှတ်ပေးတော့မည်မဟုတ်ဟူသော စိုးရိမ်ချက်ကြောင့် မိသားစုတချို့က သတင်းအမှောင်ချထားလိုခြင်း ဖြစ်သည်။

ထိုသို့ သတင်းကို ဖုံးဖိထားလျှင် အားနည်းချက်တစ်ခုမှာ ဖမ်းဆီးခံထားရသူသည် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြင်းပင်ဖြစ်သည်ဟု ဦးတိတ်နိုင်က ယူဆသည်။

“ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူများကို လက်စဖျောက်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောလိုက်သည်။


View the original