ရေမွန် – ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ

December 10th, 2022  •  Author:   Progressive Voice  •  1 minute read
Featured image

ဒီနေ့ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ဖက်ဆစ်တွေရဲ့ဖြိုခွင်းမှုတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက မြန်မာနိုင်ငံမှာ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖိနှိပ်ခံလူနည်းစုတွေရဲ့ ကြိုးစားရုန်းကန်မှုတွေကို အားပေးထောက်ပံ့ဖို့ ကျနော်တို့ပျက်ကွက်ခဲ့ကြတာရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုတာ ကျနော့်လိုပဲ လူတော်တော်များများက လက်ခံယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီနဲ့ ဖက်ဆစ်ဝါဒကြားက ပဋိပက္ခဟာ ဒီတစ်နိုင်ငံပြီးရင် နောက်တစ်နိုင်ငံမှာ ထပ်ဖြစ်နေတာကြောင့် ဒီအချိန်မှာ မြန်မာနိုင်ငံမှာဖြစ်နေတာတွေဟာ ကမ္ဘာလုံးဆိုင်ရာဖြစ်စဥ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလို့ ကျနော်တို့ လက်ခံထားပါတယ်

ကျနော်က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးပမ်းမှု မဖြစ်ခင်တုန်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဝါဏိစ္စဗေဒ လေ့လာခဲ့ပါတယ်။ အခုတော့ ကျနော်ဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခုခံနေတဲ့ မြန်မာနိုင်ငံက အခြား CDM ကျောင်းသားတွေလိုပဲ တက္ကသိုလ်ပြန်မတက်ဖို့ ဆုံးဖြတ်ထားတဲ့ CDM ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။

ကျနော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထားဝယ်မြို့အနီးနား ရွာတစ်ရွာက အသက် ၂၂ နှစ်အရွယ် သာမန်လူငယ်တစ်ယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူအများစုလိုပဲ ကျနော့်ဘဝနောက်ကြောင်းက ဆင်းရဲပါတယ်။ ကျနော် ၁၁ နှစ်အရွယ်မှာ ကျနော့်အမေ ဆုံးပါးသွားခဲ့တယ်။ အကြီးဆုံးအစ်ကိုက ကလေးဘဝမှာ နေမကောင်းဖြစ်ရာကနေ အကြားအာရုံ ဆုံးရှုံးသွားခဲ့တယ်။ ကျနော်ဟာ ငယ်စဥ်ကတည်းက လယ်ထဲမှာ၊ ထိုင်းနိုင်ငံက စက်ရုံတစ်ရုံမှာနဲ့ ရန်ကုန်မြို့မှာ Foodpanda ပို့တဲ့စက်ဘီးသမားအဖြစ် အလုပ်လုပ်ခဲ့ရပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေအတွင်းမှာ ကျနော့်အဖိုးဟာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်စဥ် ကွန်မြူနစ်တွေရဲ့ ပုန်ကန်ထကြွမှုကို တိုက်ခိုက်နှိမ်နှင်းရင်း ကွယ်လွန်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က ထားဝယ်မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပေမယ့် အရမ်းကြီးတော့ မကြာခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တက္ကသိုလ်မတက်ခင်မှာတင် အပြောင်းအလဲတွေ ဖြစ်လာပြီး လူတော်တော်များများ အင်တာနက်တွေ ရလာတယ်။ ကျနော်တို့လူငယ်တော်တော်များများဟာ ရိုဟင်ဂျာတွေကို စစ်တပ်က ဘာတွေလုပ်နေလဲဆိုတာ ကြားသိရချိန်မှာ ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ကြဘူး။ တက္ကသိုလ်ရောက်တော့ ရိုဟင်ဂျာ လူမျိုးသုဥ်း သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ ကျောင်းသားသမဂ္ဂထဲကို ကျနော်ဝင်ချင်လာတယ်။ ဒါပေမယ့် သမဂ္ဂထဲ ဝင်ရလောက်အောင် နိုင်ငံရေးအကြောင်း လုံလုံလောက်လော် မသိသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးအကြောင်းကို စာအုပ်တွေဖတ်ပြီး လေ့လာချင်လာတယ်။ ကိုဗစ်ကပ်ဘေးကြီးဖြစ်ပြီး ဒီအာဏာသိမ်းဖို့ကြိုးစားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ချိန်အထိကို အဲဒါက ကျနော်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်အဖြစ် ရှိနေတုန်းပဲ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ အနာဂတ်တွေနဲ့ လောကကြီးတစ်ခုလုံးကို ကျနော်တို့ဆီကနေ ဆွဲယူစုတ်ဖြဲလိုက်ပြီး ကျနော်တို့ကို အမှောင်ထဲပြန်တွန်းပို့တော့မယ်လို့ ခံစားလိုက်ရတယ်။ ဘာလုပ်ရမလဲတော့ မသိသေးဘူး။ အာဏာသိမ်းဖို့ကြိုးစားပြီး တစ်ရက်အကြာမှာပဲ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျနော်တို့ရဲ့ အသိုင်းအဝိုင်းသေးသေးလေးကို နှိုးဆော်ဖို့ ကျနော်ရယ် သူငယ်ချင်းတချို့ရယ် အတူဆုံပြီး ဒီမိုကရေစီရေးရာ သီချင်းတွေ ကျနော့်ဂစ်တာနဲ့ တီးပြီး ဆိုခဲ့ကြတယ်။ ရက်နည်းနည်းကြာတော့ လူတွေ လမ်းပေါ် စုရုံးလာတယ်။ လမကုန်ခင်ထိ ထားဝယ်က လမ်းတွေမှာ နေ့တိုင်း မြို့ပေါ်နေပြည်သူတွေနဲ့ အနီးအနားရွာတွေက ပြည်သူတွေနဲ့ ပြည့်သိပ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ နုတ်ယူပြီး အမျိုးသားရေးအစွန်းရောက်ဝါဒနဲ့ တရားဝင် ခွင့်ပြုပေးထားတဲ့ အခွင့်ထူးခံတွေ၊ တရားမမျှတမှုတွေ ကင်းစင်တဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးသရွေ့ တိုက်ပွဲဝင်တာ မရပ်ဘူးဆိုပြီး သန္နိဌာန်ချခဲ့ကြတယ်။

အဲဒီနောက်တော့ စစ်သားတွေက ကျနော်တို့ လူအုပ်တွေကို သေနတ်အစစ်နဲ့ ပစ်တော့တာပဲ။

အဲဒီနေ့ဟာ ကျနော်တို့အားလုံးအတွက် အလှည့်အပြောင်းတစ်ခုပဲ။ အဲဒီနောက်ပိုင်း ပိုခက်ခဲတဲ့ နေ့တွေလည်း နောက်ထပ်အများကြီး ရှိခဲ့တယ်။ တချို့နေ့တွေမှာဆို ကျနော်ဟာ ငရဲကျနေသလိုပဲ၊ အထူးသဖြင့် အဲဒီနေ့နဲ့ အဲဒီနေ့နောက်ပိုင်း မြင်တွေ့ရတဲ့ လူသေအလောင်းတွေကို ကျနော်မှတ်မိတဲ့ အခါမျိုးတွေမှာဆိုရင် ဒီကမ္ဘာဂြိုဟ်ပေါ်မှာ ဆက်ပြီးအသက်မရှင်ချင်တော့ဘူး။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ မရမချင်း တိုက်ပွဲဝင်တာမရပ်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ သံန္နိဌာန်ကိုတော့ ကျနော်တို့ ဘယ်တော့မှ မမေ့ဘူး။ အဆိုးဆုံးနေ့တွေမှာတောင် ဖက်ဆစ်အနည်းငယ်လောက်က လိုက်ဟန့်တားနေတဲ့ ကျနော်တို့နိုင်ငံရဲ့ တောက်ပတဲ့အနာဂတ်ကို ဘယ်တော့မှ မစွှန့်လွှတ်ခဲ့ဘူး။

စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းတာတွေ လုပ်ပြီးနောက် လူတော်တော်များများက လက်နက်စတင် ကိုင်လာတယ်။ ဒါပေမယ့် အကြမ်းမဖက်လူထုလှုပ်ရှားမှုအတွက် အခန်းကဏ္ဍတစ်ခုကတော့ ရှိနေရဦးမယ်လို့ ကျနော် ယုံကြည်တယ်။ ကျနော်ဟာ ရွာပေါင်းစုံက ကျနော်နဲ့ သဘောထားတူသူတွေရယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ရဲဘော်တွေရယ်နဲ့ ပေါင်းပြီး သပိတ်မှောက်ဆန္ဒပြတာတွေ လုပ်တယ်။ ကျေးလက်ဒေသတွေမှာ စစ်ကောင်စီက အင်တာနက်ဖြတ်လိုက်ပြီးနောက် The Revolution စာစဥ်ကို စထုတ်ဝေခဲ့တယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ လူတွေသိအောင် ဖြန့်ဝေဖို့ ရွာတွေကို သွားခဲ့တယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်နိုင်ဖို့အတွက် ကျနော်တို့ အန္တရာယ်ထဲမှာ တောက်လျှောက် ဆက်နေခဲ့သလို နေလည်း နေနေတုန်းပါပဲ။ ဒါပေမယ့် သပိတ်မှောက်ဆန္ဒပြပွဲတွေကို လုပ်နိုင်ရင် လုပ်နိုင်သလို  ထပ်တလဲလဲ လုပ်သွားမယ်။ သပိတ်ထွက်တဲ့ တခါတုန်းကဆိုရင် ကျနော်တို့ လူစုနေတုန်းမှာ စစ်အုပ်စုတပ်သားတွေက သပိတ်ကို လာဖမ်းတာကြောင့် ကျနော် အဖမ်းခံရမလို ဖြစ်ခဲ့ဖူးတယ်။ အဲတုန်းက ကောင်မလေးတစ်ယောက်က ကြောင်ပြီး ရပ်ကျန်နေလို့ သူ့ကို ပြန်သွားခေါ်ရတယ်။ စစ်သားတွေက ကျနော်တို့နဲ့ မလှမ်းမကမ်းကိုတောင် ရောက်နေပြီး ကျနော်တို့ကို ရပ်ဖို့ လှမ်းအော်တယ်။ သူတို့အော်တော့ ကျနော်လည်း သူ့လက်ကိုဆွဲပြီး ထွက်ပြေးတော့တာပဲ။

ထားဝယ်မှာ နောက်ဆုံးတစ်ခေါက် ပျောက်ကြားသပိတ်လုပ်ဖို့ ကြိုးစားတုန်းက ရဲတွေက သေနတ်နဲ့ပါ ပစ်တယ်။ ကျနော်တို့ဘေးက ကျည်ဆန်တွေ ဖြတ်သွားတော့ ကျနော်တို့အားလုံးလည်း ကြောက်ကြောက်နဲ့ ပြေးကြတယ်။ ကံကောင်းတာက ကျနော်တို့ထဲက တစ်ယောက်မှ မထိသလို အရပ်သားတွေလည်း မထိဘူး။ ကျနော်တို့ကတော့ တက်တက်ကြွကြွ လုပ်ဆောင်နေဆဲပဲဖြစ်ပေမယ့် လှုပ်ရှားမှုတစ်ခုနဲ့ တစ်ခုကြားမှာ ညအနည်းငယ်တည်းဖို့ ကျနော်တို့ကို လက်ခံထားမယ့်သူ ဒါမှမဟုတ် ပုန်းခိုစရာတဲလေးပဲဖြစ်ဖြစ် ရှာရတာတော့ တော်တော်လေး မကြာခဏ ရုန်းကန်နေရပါတယ်။ ကျနော့်ရဲဘော်တော်တော်များများက အဖမ်းခံလိုက်ရပါပြီ။ သူတို့ ပုန်းခိုနေတဲ့အိမ်ကို ဝင်စီးတုန်းက ရဲဘော်တချို့ဟာ အနောက်ပေါက်ကနေ ထွက်ပြေးပြီး  ကပ်သီလေး လွတ်မြောက်လာခဲ့တာပါ။ မနှစ်တုန်းကလည်း စစ်သားတွေ ကျနော့်ရွာကို လာဝင်စီးတဲ့အခေါက် တချို့ရှိခဲ့တယ်။ လွတ်အောင်ပြေးဖို့ အချိန်ရခဲ့ပေမယ့် အဲဒါပြီးတော့ ထိတ်လန့်နေတဲ့စိတ် ပြန်ကောင်းလာဖို့ အချိန်အတော်ကြာ ယူခဲ့ရတယ်။ အဲဒီနောက်ပိုင်း ကျနော် အိမ်မပြန်နိုင်တော့ဘူး။ စစ်အုပ်စုကတော့ ကျနော်တို့ မိသားစုဝင်တွေကို နှောင့်ယှက်ပြီး ကျနော်တို့ကို ရှာဖို့ ကြိုးစားနေတုန်းပဲ။ ကျနော့်အဒေါ် အဖမ်းခံရတယ်။ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း ဖက်ဆစ်စစ်သားတွေ လုပ်ကြံသတ်ဖြတ်တာခံရပြီး သူတို့အိမ်တွေလည်း လုယက်ဖျက်ဆီးမီးရှို့တာ ခံရတယ်။

ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်မှာ တော်လှန်ရေးသမားတချို့ကို အရင်တုန်းက နေခွင့်ပေးခဲ့တဲ့ သက်ကြီးရွယ်အို လင်မယားနှစ်ယောက်ရဲ့အိမ်ကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သူတို့က ဦးလေးကြီးနဲ့ အဒေါ်ကြီးတို့ကို ကြိုးချည်ပြီး သတ်ပစ်လိုက်ကြတယ်။ ကော်မတီဝင်တွေအနေနဲ့ ကျနော်တို့ အဲဒီကိုသွားပြီး ရုပ်အလောင်းတွေကို ရွှေ့ရတယ်။ ငိုနေတဲ့ လူကြီးတွေ၊ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေကို ကြိုးစားနှစ်သိမ့်ရတယ်။ အဲဒီလူတွေကို မြင်ရချိန်မှာ ခံစားရတဲ့ နာကျင်မှုက မဖော်ပြတတ်အောင်ပဲ။ ဘယ်လိုမှ စိတ်ထဲက ထုတ်လို့မရဘူး။ ညရဲ့ အမှောင်ထဲမှာ ကျနော့်ရဲဘော်တွေ ငိုတာ ကြားရတယ်။ ဒါပေမယ့် တခြားသူတွေအတွက် ပိုလို့တောင် ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ သောင်းနဲ့ချီတဲ့လူငယ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အရာအားလုံးကိုထားခဲ့ပြီး တောထဲထွက်လာခဲ့ကြတယ်။ ကျနော်တို့ နိုင်ငံရဲ့ အခြားနေရာတွေ ပြည်မဘက်တွေမှာလည်း လူထုတစ်ရပ်လုံးက တော်လှန်ပုန်ကန်နေသလို တရားမဝင် စစ်အုပ်စုကလည်း နေ့တိုင်းရွာတွေကို မီးရှို့လို့ လူပေါင်းသိန်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီ။

ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတိုင်းရင်းသားများစွာဟာ ဒီလိုကြောက်မက်ဖွယ်ရာတွေနဲ့ ဒီထက်ဆိုးတာတွေကို ဆယ်စုနှစ်တွေနဲ့ချီပြီး ကြုံတွေ့နေခဲ့ကြရတယ်။ အဲဒီလိုကိစ္စတွေကို ဒီလောက်ထိ ဖြစ်ခွင့်ပြုခဲ့တာအတွက် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ဒီနေ့ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ဖက်ဆစ်တွေရဲ့ဖြိုခွင်းမှုတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက မြန်မာနိုင်ငံမှာ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖိနှိပ်ခံလူနည်းစုတွေရဲ့ ကြိုးစားရုန်းကန်မှုတွေကို အားပေးထောက်ပံ့ဖို့ ကျနော်တို့ပျက်ကွက်ခဲ့ကြတာရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုတာ ကျနော့်လိုပဲ လူတော်တော်များများက လက်ခံယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီနဲ့ ဖက်ဆစ်ဝါဒကြားက ပဋိပက္ခဟာ ဒီတစ်နိုင်ငံပြီးရင် နောက်တစ်နိုင်ငံမှာ ထပ်ဖြစ်နေတာကြောင့် ဒီအချိန်မှာ မြန်မာနိုင်ငံမှာဖြစ်နေတာတွေဟာ ကမ္ဘာလုံးဆိုင်ရာဖြစ်စဥ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလို့ ကျနော်တို့ လက်ခံထားပါတယ်။ စစ်အုပ်စုဟာ မျိုးဆက်တွေနဲ့ချီပြီး အကြမ်းစားအာဏာကို လက်ဝါးကြီး အုပ်နိုင်ခဲ့ပေမယ့် အခြေခံအားဖြင့် ချိနဲ့တဲ့ အာဏာရှင်စစ်အုပ်စုဖြစ်တယ်၊ ဘယ်နေရာမှာမှ လူကြိုက်များတဲ့ ထောက်ခံမှုမရှိတဲ့ စစ်ဇာတ်သွင်းထားတဲ့ လူ့အတန်းအစားတစ်ခုသာ ဖြစ်တယ်ဆိုတာ လူတွေကို နားလည်စေချင်ပါတယ်။

ကျနော်တို့ နိုင်ငံတကာအထောက်အပံ့သာရရင် စစ်အုပ်စုကို အနိုင်ရနိုင်ပါတယ်။

ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်နဲ့သာဆို ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူးဆိုတာနဲ့  ကျနော်တို့က သူတို့ကို မနိုင်သေးသရွေ့ ဒါမှမဟုတ် သူတို့က ကျနော်တို့ကို မသတ်နိုင်သေးသရွေ့ တိုက်ပွဲဝင်တာကိုတော့ နိုင်ငံတကာ အထောက်အပံ့ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဘယ်တော့မှ ရပ်မသွားဘူးဆိုတာ နိုင်ငံတကာကို သိစေချင်ပါတယ်။ နိုင်ငံတကာအထောက်အပံ့ ကင်းမဲ့မှုဟာ ဖိနှိပ်ခံလူနည်းစုရဲ့ ရုန်းကန်မှုကို အားပေးထောက်ခံဖို့ ကျနော်တို့ ပျက်ကွက်ခဲ့လို့ ဒီနေ့ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေ ကြုံလာရတဲ့အထိ  အဖြစ်တွေကို ထပ်ဖန်တလဲလဲ ထပ်ကျော့စေမှာဖြစ်တာကြောင့် နိုင်ငံတကာအထောက်အပံ့တွေ မရှိမှာကို ကျနော်တို့ တကယ်စိတ်ပူပါတယ်။ ကျနော်တို့က ကမ္ဘာကြီးရဲ့ အကူအညီကို လိုအပ်နေပါတယ်။

ကျနော်အနေနဲ့ ကမ္ဘာကြီးကို မေးချင်တာကတော့ ‘ကျနော်တို့ အလွယ်တကူ အနိုင်ရနိုင်တဲ့အချိန်မှာ မြန်မာနိုင်ငံဟာ အကူအညီ မရခဲ့ဘူးဆိုရင် ဖက်ဆစ်ဝါဒီတွေက နောက်ထပ်နိုင်ငံတွေကို သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ရင် ဘာဖြစ်လာမလဲ” ဆိုတာပါပဲ။

– ရေမွန်၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ