Report 563 Views

အမျိုးသားရေးလှုပ်ရှားမှုနှင့် အမုန်းတရားတို့၏ စိန်ခေါ်ချက်များ

October 13th, 2022  •  Author:   Nyan Lynn Thit Analytica  •  1 minute read
Featured image

မြန်မာ့သမိုင်းတွင် လူမျိုးနှင့်ဘာသာကို ကာကွယ်ရန် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ အများအပြားရှိခဲ့ပြီး အကြောက်တရားနှင့် အမုန်းတရားကို အခြေခံသောလူမျိုးရေး/ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ စစ်အစိုးရအဆက်ဆက်တွင် ဝါဒဖြန့်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ပြီး အမုန်းစကားနှင့် ပဋိပက္ခများကို ထိန်းသိမ်းရန် ထိရောက်သော လုပ်ဆောင်မှုများ အားနည်းခြင်းကြောင့် အစုအဖွဲ့များကြားတွင် အမုန်းတရားများ ပိုမိုကြီးထွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ဗမာလူမျိုးများကို အမြင့်မြတ်ဆုံးအဖြစ် သတ်မှတ်ပြီး အခြားဘာသာဝင်များနှင့် လူမျိုးစုများအပေါ် နှိမ့်ချခွဲခြားဆက်ဆံခြင်း၊ အမုန်းစကားများဖြင့် လှုံ့ဆော်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်ဖိနှိပ်ခြင်းများ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်သည် ၄င်းတို့ကိုယ်ကို ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးနှင့် မြန်မာနိုင်ငံကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည့် အဖွဲ့အစည်းအဖြစ် ပုံဖော်လေ့ရှိပြီး အမျိုးသားရေးများဟု ခံယူထားသော အစုအဖွဲ့များက အစဥ်အမြဲ အားပေးထောက်ခံခဲ့ကြသည်။ အမျိုးသားရေးလှုပ်ရှားသူများကို စစ်တပ်၊ နိုင်ငံရေးပါတီအချို့၏ ကျောထောက်နောက်ခံပံ့ပိုးသူများနှင့် ၎င်းတို့ကြား ပတ်သက်ဆက်နွယ်မှုရှိကြောင်း ယူဆနိုင်သောအချက်များကို တွေ့ရပြီး အမျိုးသားအစွန်းရောက်အစုအဖွဲ့များအဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းလာပြီး လူထုကြားတွင် ပိုမိုထင်ပေါ်လာခဲ့သည်။ အမုန်းစကားနှင့် လှုံ့ဆော်ဝါဒဖြန့်မှုများ လူထုကြားတွင် စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင်လည်း စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးနှင့် ဘာသာရေးအစွန်းရောက်များ အထင်အရှား ပါဝင်လှုပ်ရှားလျက်ရှိသည်။

ဤစာတမ်းသည် အမျိုးသားရေးအစွန်းရောက်များ၏ လှုပ်ရှားမှုများနှင့် ဦးတည်ချက်များကို ဆန်းစစ်တင်ပြရန် ရည်ရွယ်ပါသည်။ အမျိုးသားရေးလှုပ်ရှားမှုများ အစပျိုးလာပုံ၊ မြန်မာစစ်တပ်၊ အမျိုးသားရေး/ဘာသာရေး အစွန်းရောက်များ၏ လှုံ့ဆော်လှုပ်ရှားမှု၊ ဝါဒဖြန့်မှုများက မြန်မာနိုင်ငံရှိ အစုအဖွဲ့များကြားတွင် အမုန်းတရားများ ကြီးထွားစေပြီး လူမျိုးရေး/ဘာသာရေး ပဋိပက္ခနှင့် အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ပုံများကို ဖော်ပြထားပါသည်။ ထို့အပြင် စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေး/ဘာသာရေး အစွန်းရောက်များ၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ တော်လှန်ရေးကာလအတွင်း ဦးတည်လှုပ်ရှားနေမှုများအကြောင်းကို ဦးစားပေးဆွေးနွေးသွားပါမည်။ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးလွန်ကာလတွင် ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်နိုင်သော လူမှုအသိုက်အဝန်းအသစ်တခု တည်ဆောက်ရာ၌ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အယူအဆနှင့် လှုပ်ရှားမှုများ၏ အန္တရာယ်ကြီးမားပုံကို လူထုနှင့် တော်လှန်ရေးအစုအဖွဲ့များ ပိုမိုသတိပြုသိရှိနားလည်စေရန် ရည်ရွယ်ပါသည်။

English version.


စာတမ်းအပြည့်အစုံကို ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ