ကုလအဖွဲ့အစည်းတွေ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု ချက်ချင်းရပ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၆၀၀ ကျော် ပူးပေါင်းတောင်းဆို

September 24th, 2022  •  Author:   BBC Burmese  •  1 minute read
Featured image

ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လက်အောက်ခံအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုပေးတာ ရပ်တန့်ဖို့၊ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ညှိနှိုင်းပူးပေါင်းတဲ့ တုံပြန်မှုလုပ်ဖို့ အရပ်ဖက်အဖွဲ့အစည်း ၆၃၈ ဖွဲ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို အိတ်ဖွင့်ပေးစာပေးပို့ပြီး မနေ့စက်တင်ဘာ ၂၃ ရက်က တောင်းဆိုခဲ့ကြပါတယ်။

စစ်အုပ်စုနဲ့ သဘောတူစာချုပ်ချုပ်အသစ်ချုပ်ဆိုတာတွေ၊ အသိအမှတ်ပြုမှုတွေ တင်ပြတာတွေကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြတောင်းဆိုထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၆၀၀ ကျော် နီးပါးရှိလာတဲ့ အချိန်အတွင်း စစ်ကောင်စီအနေနဲ့ ကလေးသူငယ် ၁၉၂ ဦးအပါအဝင် ပြည်သူ ၂၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ပြည်သူ ၁၂၀၀၀ ကျော်ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နေအိမ်မီးရှို့တာတွေနဲ့ အရပ်သားတွေရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်တာတွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်မှာထောက်ပြပြောဆိုထားပါတယ်။

ဒီအခြေအနေမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အကျပ်အတည်းဖြစ်အောင် ဖန်တီးခဲ့တဲ့ စစ်ကောင်စီနဲ့ ကုလလက်အောက်ခံအဖွဲ့အစည်းတွေ သဘောတူလက်မှတ်ရေးထိုးနေတာတွေကို စစ်ကောင်စီက လက်နက်သဖွယ် အသုံးချနေတာကြောင့် ကုလသမဂ္ဂရဲ့ ထိရောက်မှုကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

မကြာသေးခင်က ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာဆိုရင် စစ်ကောင်စီနဲ့ အတူရပ်တည်လိုက်ခြင်းဖြစ်တဲ့အပြင် မြန်မာပြည်သူတွေ အပေါ် နိုင်လိုမင်းထက်လုပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေ အဆုံးသတ်ဖို့ နဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီစနစ်တည်တောင်ဖို့ ကြိုး စားနေတဲ့ ခုခံတော်လှန်မှုတွေနဲ့ အနစ်နာခံမှုတွေကို မှေးမှိန်စေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြနေပြီး စစ်ကောင်စီနဲ့ အဆက်အဆံမလုပ်ဖို့ တိုက်တွန်းတောင်းဆိုတာကို ထုတ်ပြန်ထားပါတယ်။


Original post.