မြစ်ကြီးနားမြို့အနီးတွင် ဒေသခံ အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ်

September 19th, 2022  •  Author:   Ko La Maddy (Myitkyina Township)  •  1 minute read
Featured image

ပစ်ခတ်သတ်ဖြတ်မီးရှို့ခံရသော အသက် ၃၅ နှစ်အရွယ်ရှိ ကိုလာမာဒီး။ (ဓာတ်ပုံ-ပေးပို့)

အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်သည့် စစ်ဗိုလ်နှင့် တပ်ကြပ်ကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးကာ KIA လက်အပ်လိုက်ပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

By Myanmar Now

ယမန်နေ့ (စက်တင်ဘာ ၁၈) က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် စစ်တပ်က ဒေသခံ အမျိုးသားတစ်ဦးကို ပစ်သတ်ကာ မီးရှို့သွားသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ ဆွမ်ပရာဘွမ်လမ်းမကြီးအနီးရှိ အူဗျစ်ရွာမှ အသက် ၃၅ နှစ်အရွယ် ကိုလာမာဒီးဆိုသူမှာ ယမန်နေ့ နံနက် ၉ နာရီခန့်က နေအိမ်မှ မြစ်ဆိပ်အသွားလမ်းတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးကာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်သတ်ပြီးနောက် စစ်တပ်က အူဗျစ်ရွာအတွင်း စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက်တွင် ကိုလာမာဒီး၏ အလောင်းကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု အူဗျစ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုကတော့ သင်္ဂြိုဟ်ပြီးပြီတဲ့။ ဒီနေ့မှာ အိမ်ရှင်တွေရော မိဘတွေရော၊ အသင်းတော်ကနေရော ဆုတောင်းပြီး‌မှ သင်္ဂြိုဟ်ပြီးပြီတဲ့” ဟု ၎င်းက ဆိုသည်။

ကိုလာမာဒီးမှာ တောင်ယာနှင့် တံငါအလုပ်ကိုင်သူဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မျှ ပတ်သက်မှု မရှိဘဲ အကြောင်းမဲ့ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အူဗျစ်ရွာနှင့် အနီးအနားရှိ သွားလာသူများကို စစ်ဆေးမေးမြန်းခဲပြီး ရွာကို မီးရှို့ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယခုလ ၁၇ ရက်ကလည်း မေခ၊ မလိခမြစ်ဆုံအနီးရှိ စစ်ကောင်စီဂိတ်မှ ဆိုင်ကယ်ဖြင့်လာသည့် စစ်ဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦးက အင်ဂွမ်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကိုလည်း ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လာရောက်ခေါ်ဆောင်သွားကြောင်း၊ ထို့နောက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့မှာ ပုံမှန်သတင်းပို့တာ ဘာညာရှိမှာပေါ့၊ အဲဒီမှာ သတင်းမရတော့ စစ်ကြောင်းထိုးပြီး လိုက်ရှာတဲ့ သဘောပဲ။ ဒီမနက်လည်း ဒွမ်ဂန်းရွာကို ဝင်စစ်နေတယ် ကြားတယ်” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားက ပြောသည်။

ယနေ့နံနက်တွင် ဒွမ်ဂန်းရွာကို စစ်ကောင်စီတပ်က ဝိုင်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရွာခံများကို ကိုးကားပြီး အူဗျစ်ရွာဒေသခံ အမျိုးသမီးကလည်း ပြောသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားတွင် ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုများပြုလုပ်နေပြီး အာဏာသိမ်းပြီးနောက် အရပ်သား ၂၀၀၀ ကျော် သတ်ဖြတ်ခံထားရသည်။


Original Post: Myanmar Now