ထူးချွန်ဆရာဝန် ဒေါက်တာကျော်ကျော်သက်ကို အကြမ်းဖက် ဥပဒေနဲ့ ထောင် ၇ နှစ် ထပ်မံချမှတ်

August 31st, 2022  •  Author:   Dr. Kyaw Kyaw Thet (Mandalay Region)  •  1 minute read
Featured image

မန္တလေး ဆေးတက္ကသိုလ်က ထူးချွန်ဆရာဝန် ဒေါက်တာ ကျော်ကျော်သက်

By BBC Burmese

မန္တလေး ဆေးတက္ကသိုလ်က ထူးချွန်ဆရာဝန် ဒေါက်တာ ကျော်ကျော်သက်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကိုကျော်ကျော်သက်ကို ဘာကြောင့်အခုလို အမိန့်ချလိုက်ရသလဲဆိုတာ တရားသူကြီးက တရားရုံးမှာ တိတိကျကျ ဖတ်ပြမသွားပဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်စပ်မှု၊ အွန်လိုင်းကနေ ဆေးပညာတွေ မျှဝေမှုတို့ကြောင့် အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့သာ ကိုကျော်ကျော်သက်ရဲ့ မေးမြန်းမှုကို အကျုံးချုံးပြောပြသွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီအမှုနဲ့ ပတ်သက်လို့ စစ်ဆေးရာမှာ တရားလိုတွေဘက်က သက်သေအထောက်အထား တိတိကျကျ မပြနိုင်ပဲ စစ်ကြောရေးရဲ့ ထွက်ချက်တခုတည်းနဲ့သာ ဒီအမှုကို အမိန့်ချသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်လူနာတွေကို ဆေးကုသပေးနေမှု၊ အွန်လိုင်းကနေ ဆေးပညာဗဟုသုတတွေ မျှဝေပေးနေတဲ့ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ နေအိမ်ကနေ ရိုက်နှိက်ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးမှာ ထိုးကြိတ်နှိပ်စက်မှုတွေလည်း ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

တနှစ်နီးပါးကြား ဖမ်းဆီးစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့မှာတော့ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဒေါက်တာကျော်ကျော်သက်ကို မဟာအောင်မြေတရားရုံးကနေ ပထမဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါက်တာ ကျော်ကျော်သက်ကို စစ်ကောင်စီက အမှု ၂ ခုနဲ့ ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်ထားပေမယ့် သက်သေခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပဲ အမိန့်ချခဲ့တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) အမှုအတွက်တော့ အယူခံဝင်သွားမယ်လို့ ဒေါက်တာကျော်ကျော်သက်နဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။  

English version.


Original Post: BBC Burmese