မြန်မာနိုင်ငံကို လာရောက်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ နိုလင်းဟေဇာ၏ လုပ်ပိုင်ခွင့်အာဏာများ ရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့ ၈၆၄ ဖွဲ့က တောင်းဆိုလိုက်သည်။ ကုလအထူးသံ၏ မြန်မာခရီးစဉ်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအတွက် ထို အရပ်ဘက်အဖွဲ့များက ရှုတ်ချထားသည်။
ထို့အပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ကတိကဝတ်များကို ပြသရန် တပါတည်းအသိပေးထားသည်။
နိုလင်းဟေဇာ၏ ပထမဦးဆုံးခရီးစဉ်သည် ထိရောက်မှုမရှိဖြစ်ခဲ့သည့်အပြင် နိုင်ငံတကာရာဇဝတ်မှုများအား ချိုးဖောက် ကျူးလွန်နေသူများကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများကို ပို၍ပင် ဆိုးရွားနေစေသည်ဟု အသိပေးထားသည်။
ထို့ကြောင့် “ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရမည်။ ယင်းအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူလူထု၏ အကျိုးမျှော်ကိုးပြီး ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါင်းဆောင်မှုနေရာယူ လုပ်ဆောင်ရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်ရမည် ဖြစ်သည်”ဟု ဦးဆောင်တောင်းဆိုသည့် Progressive voice အဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် အသိပေးထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ နိုလင်းဟေဇာဘက်မှ ၎င်း၏ ခရီးစဉ်သည် အကြမ်းဖက်စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် မြန်မာပြည်သူများအတွက် ကုလ၏ စိုးရိမ်မှုကို ဖော်ပြခြင်းဖြစ်သလို ပဋိပက္ခနှင့် ဆင်းရဲဒုက္ခများကို လျှော့ချရန်အတွက် လာရောက်ခြင်းဖြစ်သည်ဟု အသိပေးထားသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကြောင့် ဝေဖန်များစွာ ခံနေရသည်။