လုပ်သက် ၂၉နှစ်ရှိ ဘက်ပြောင်းလာသူ တပ်ကြပ် ဘာပြောသလဲ

August 5th, 2022  •  Author:   U Zaw Min Oo , U Zaw Zaw , U Hein Soe and U Soe Win (CDM soldiers in Karen State)  •  1 minute read
Featured image

By Myanmar Now

စစ်ကောင်စီတပ်သား ၄ ဦး KNU သို့ ခိုလှုံလာ၊ PDF များကို ပြည်သူတွေအတွက် တိုက်ပွဲဝင်နေသည့်အဖွဲ့ ဟု ရှုမြင်ကြောင်းဆို

———

စစ်ကောင်စီတပ်တွင် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ကြပ်နှင့် တပ်သား ၃ ဦးသည် ကရင်အမျိုးသားအစည်းအရုံးKNU သို့ ဩဂုတ်လ ၅ ရက် ညနေပိုင်းတွင် ခိုလှုံလာကြသည်။

ခိုလှုံလာကြသူများတွင် လုပ်သက် ၂၉ နှစ်ရှိ တပ်ကြပ် ဇော်မင်းဦး၊ လုပ်သက် ၁၅ နှစ်ရှိ တပ်သား ဇော်ဇော်၊ လုပ်သက် ၈ နှစ်ရှိ တပ်သား ဟိန်းစိုးနှင့် လုပ်သက် ၆ နှစ်ရှိ တပ်သား စိုးဝင်းတို့ ဖြစ်ကြသည်။

တပ်ကြပ် ဇော်မင်းဦးက Myanmar Now ၏ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပတ်သက်သည့် မေးမြန်မှုကို “ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့အဖွဲ့” ဟု ရှုမြင်ကြောင်းဆိုသည်။ စစ်ကောင်စီအရာရှိများကမူ ယင်းတို့လက်အောက်ခံတပ်သားများကို PDF များသည် အဖျက်သမား၊ ရဟန်းသံဃာများကို သတ်ဖြတ်သူများ၊ ကျောင်းသား၊ ကျောင်းသူများကို သတ်သူများဟု ဝါဒဖြန့် သွေးထိုးပုံဖျက်ထားသည်ဟု တပ်ကြပ် ဇော်မင်းဦးက ပြောသည်။

သို့သော် လက်တွေ့တွင် ထိုသို့မဟုတ်ဘဲ ယင်းတို့၏ မွေးရပ်တွင် ကျန်ရစ်သည့် မိဘ၊ ဆွေမျိုးများထံမှ အခြေအနေမှန်ကို သိရသည်ဟု ဆိုသည်။

ထိုအခြေများကြောင့် မတရားကြောင်းသိရှိလာကာ KNU သို့ ခိုလှုံလာခြင်းဟုလည်းဆိုသည်။ ထိုသို့ ခိုလှုံဘက်ပြောင်းပါက KUN က သတ်ဖြတ်ကြောင်းလည်း စစ်ကောင်စီတပ်အတွင်း ဝါဒဖြန့်ထားသည်ဟု တပ်ကြပ် ဇော်မင်းဦးက ပြောသည်။ သို့သော် ထိုသို့မဟုတ်ဘဲ KNU က နွေးထွေးစွာ ကြိုဆိုကြောင်းလည်း ပြောသည်။


Original Post: Myanmar Now