“တရားတဲ့သူသာ နိုင်ကြေး”- ဂျင်မီ

July 30th, 2022  •  Author:   U Kyaw Min Yu (aka) U Jimmy (88 Generation)  •  1 minute read
Featured image

ကိုဂျင်မီကို ၂၀၁၇ အောက်တိုဘာလက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့  

လွန်ခဲ့သော ၃၄ နှစ်မှစ၍ မြန်မာတွင် စစ်အာဏာရှင်စနစ်ရေချိန် မည်မျှဆိုးယုတ်နေပြီကို စိတ်၊ ရုပ်၊ ခန္ဓာနှင့် မိသားစုဘဝကို စတေး၍ ပြသခဲ့သည့် ကိုဂျင်မီ အသက်ပါ ပေးသွားရပြီ။

By Myanmar Now

စစ်အာဏာရှင် သုံးဆက်ကို တော်လှန်ရင်း လူ့သက်တမ်းသုံးပုံနှစ်ပုံကို ထောင်နံရံများအတွင်း ပေးဆပ်ခဲ့သူ ကိုဂျင်မီ (ခ) ဦးကျော်မင်းယုက ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် မိသားစုကို အချိန်ပေးတော့မည်ဟု ဆုံးဖြတ်ထားကြောင်း ဇနီးသည် မနီလာသိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ထိုရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သည့် စစ်အာဏာရှင် ၂၀၂၁တွင် ထပ်ပေါ်လာချိန်တွင် အထက်ပါ ပုဂ္ဂိုလ်ရေးရည်မှန်းချက်ကို နိုင်ငံရေးရဲဘော်ရဲဘက်လည်းဖြစ်သည့် သူတို့ဇနီးမောင်နှံ နှစ်ဦးသဘောတူ နောက်ရွှေ့သည်။

လွန်ခဲ့သော ၃၄ နှစ်၊ ၁၉၈၈ လူထုအံကြွမှုအတွင်း အသက် ၁၉ နှစ်အရွယ်မှစ၍ ဒီမိုကရေစီရေးအတွက် လှုပ်ရှားခဲ့သည့် ကိုဂျင်မီက မျက်မှောက်ခတ် အာဏာရှင်လက်သစ်ကို အရွယ်နှင့်မမျှ အန်တုနေသည့် လူငယ်များ၏ အနစ်နာခံမှုကို ကိုယ်ချင်းစာခဲ့သည်ဟု ဇနီးသည် မနီလာသိန်းက ပြောသည်။

“ကိုယ့်သားသမီးအရွယ်လေးတွေ ခေါင်းကို မှန်ပြီး ပစ်သတ်ခံနေရတဲ့အချိန်မှာ ဒီကလေးတွေတောင် ရှေ့က သေရဲနေတာ၊ ကိုယ်တွေ အသက် ၅၀ ကျော်ပြီ၊ ကိုယ်တွေရဲ့ ဘဝက တော်ပြီ” ဟု ကိုဂျင်မီက ပြောခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“မြို့ပေါ်မှာပဲ နေပြီးတော့ နိုင်သလောက်ကို ဆက်ပြီးလုပ်မယ်။ သေမယ်ဆိုလည်း သေလို့ရမဲ့ အနေအထားမှာရှိတယ်ဆိုတဲ့ စကားကို ပြောပြီးတော့ ရန်ကုန်မြို့ပေါ်မှာပဲ ရအောင်တိမ်းရှောင်တယ်။ လုပ်ဆောင်ခဲ့တယ်” ဟု မနီလာသိန်းက ဆက်ပြောသည်။

သို့သော် အာဏာသိမ်းပြီး ၉ လအကြာ ထိုနှစ် အောက်တိုဘာ ၂၃ တွင် စစ်ကောင်စီက ကိုဂျင်မီကို ဖမ်းမိသွားသည်။ လက်နက်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှု ပုဒ်မ ၆ ခုဖြင့် စွပ်စွဲ၍ သေဒဏ်ထိုက်သည်ဆိုကာ နောက်ထပ် ၉ လတိတိအကြာ ၂၀၂၂၊ ဇူလိုင် ၂၃၊ မိုးမလင်းမီတွင် ကိုဂျင်မီကို ရန်ကုန်မြို့ အင်းစိန်ထောင်၌ တိတ်တဆိတ် သတ်ဖြတ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေရသည်အထိ ဖြစ်ပေါ်နေသည့် မြန်မာတွင် စစ်အာဏာရှင်စနစ်ရေချိန် မည်မျှဆိုးယုတ်နေပြီကို ၅၃ နှစ်အရွယ်တွင် အသက်နှင့် ရင်း၍ သက်သေပြသွားသည့် ကိုဂျင်မီ၏ ရုပ်အလောင်းပင် မိသားစုက ပြန်မရခဲ့။

မကွပ်မျက်မီ တစ်ရက်အလို (ဇူလိုင် ၂၂) တွင် စစ်ကောင်စီက သတ်ဖြတ်တော့မည်ဟု မပြောဘဲ မလိမ့်တပတ်လုပ်၍ မိသားစုနှင့် မိနစ် ၂၀ ခန့် ပေးတွေ့စဉ်က သူ့အတွက် စိတ်မပူရန် ကိုဂျင်မီက မှာကြားပြီး တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု မနီလာသိန်းထံမှ သိရသည်။

“အားလုံးက သူ့အကြောင်းတရားနဲ့ သူလာတာဖြစ်တယ်။ သူသည် တရားထိုင်တယ်၊ သူ့တရားနဲ့ သူနေတယ်။ ဘယ်လိုသတင်းပဲကြားကြား သူ့အတွက် စိတ်မပူပါနဲ့ အားလုံး ကျန်းမာရေးဂရုစိုက်ပါတဲ့”

*ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲကာ ကြိုးပေးကွပ်မျက်ခဲ့

ကိုဂျင်မီကို တိတ်တဆိတ်ကွပ်မျက်ခဲ့သည့် ရန်ကုန်မြို့ အင်းစိန်ထောင်သို့ အဓိကဝင်ပေါက်။ ဓာတ်ပုံ-Myanmar Now  

ထောင်ထဲ၌ပင် တော်လှန်သူ

ကမ္ဘာကျော် အင်းလေးကန်တွင် နေထိုင်သည့် အင်းသားမျိုးဆက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ဖွား အပြုံးချိုချို၊ ဥပဓိရုပ်ကောင်းကောင်း ဦးကျော်မင်းယုကို ကိုဂျင်မီဟု လူသိများသည်။ ၁၉၈၈ ဒီမိုကရေစီရေး နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ရာမှ သူ၏ နိုင်ငံရေးဘဝ စသည်။

ထိုလှုပ်ရှားမှုကြောင့် မူလပထမ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာရပ်ဝန်းမှ ဆင်းသွားရုံဖြင့် မြန်မာ့စစ်တပ်အတွင်း လှိုက်စားနေသော အာဏာ မတော်လောဘ ရပ်မသွားကြောင်း ကိုဂျင်မီက ဘဝနှင့်ရင်း၍ အကြိမ်ကြိမ် ထင်ရှားစေသည်။

ဦးနေဝင်းကို ဆက်ခံသည့် အာဏာရှင်ဗိုလ်ချုပ်ကြီးများက ကိုဂျင်မီကို ၁၉၈၉၊ ၂၀၀၇ တို့တွင် နှစ်ကြိမ်တိုင် ဖမ်းဆီးသည်။ ဩစတြီးယားနိုင်ငံ ဗီယင်နာတွင် ၁၉၉၃ က ကျင်းပသည့် ကမ္ဘာ့လူ့အခွင့်အရေးညီလာခံသို့ အကျဉ်းထောင်အတွင်းမှနေ၍ ထောင်ဝတ်စုံတွင် လက်မှတ်ထိုးပို့မှုဖြင့် ထပ်တိုးသည့် ၁၂ နှစ်အပါအဝင် ထောင်ဒဏ်စုစုပေါင်းမှာ ၉၇ နှစ်အထိ ကိုဂျင်မီ ထောင်ဒဏ်ချခံရသည်။

၁၉၈၉ – ၂၀၀၅၊ ၂၀၀၇ – ၂၀၁၂ စုစုပေါင်း ၂၁ နှစ်ဝန်းကျင်ကို အင်းစိန်၊ သာယာဝတီ၊ တောင်ကြီး ထောင်များအတွင်း ဖြတ်သန်းစဉ်က ဦးနှောက်နှင့် ဘဝမသေစေရန် အာရုံစိုက် ကြိုးပမ်းခဲ့ရကြောင်း ကိုဂျင်မီက ပြောဖူးသည်။

နေ့စဉ် အချိန်ဇယားသတ်မှတ်၍ တရားထိုင်၊ စာဖတ်၊ အားကစားလုပ်၊ အပင်စိုက်၊ နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်းများကို သုံးခဲ့သည်ဟု ကမာရွတ်သတင်းဌာနနှင့် ၂၀၁၉ တွင်ပြုလုပ်သည့် မေးမြန်းခန်းတစ်ခုတွင် သူက ပြောပြသည်။

“အလုပ်လုပ်တာ စနစ်ကျတယ်၊ သူသည် အမြဲတမ်း ရပ်တည်ချက်၊ ယုံကြည်ချက်အပေါ်မှာ ခိုင်မာတဲ့သူ ဖြစ်တယ်” ဟု မနီလာသိန်းက မှတ်ချက်ပြုသည်။

လူငယ်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – EPA   

ရာထူးအာဏာ ငြင်းဆန်သူ

ဇနီးသည် မနီလာသိန်းပြောသည့် ထိုဂုဏ်ပုဒ်ကို ကိုဂျင်မီ ၁၉ နှစ်အရွယ်၊ ၁၉၈၈ ကတည်းက အလုပ်အတူတွဲ ကိုဝ (ခ) ဦးရဲနိုင်အောင်ထံမှလည်း ကြားရသည်။ နိုင်ငံလုံးဆိုင်ရာလူထုအုံကြွမှုအပြီး ဒီမိုကရေစီရေးအတွက် ဆက်လက် လှုပ်ရှားရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ထူထောင်စဉ်က သူတို့နှစ်ဦး ပါသည်။

ပါတီတွင် ကိုဂျင်မီက စည်းရုံးရေးတာဝန်ခံ၊ ကိုဝက တွဲဖက်အတွင်းရေးမှူးဖြစ်သည်။ ၁၉၉၀ တွင် ရွေးကောက်ပွဲလုပ်၍ နိုင်ငံအုပ်ချုပ်မှုကို အရပ်ဘက်သို့ လွှဲမည်ဆိုသော စစ်တပ်၏ မက်လုံးကို ကိုဂျင်မီက ထိုစဉ်ကပင် မယုံခဲ့ဟု ကိုဝထံမှ သိရသည်။

လက်တွေ့တွင်လည်း ထိုရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အနိုင်ရချိန်တွင် စစ်တပ်က အာဏာလွှဲမပေးခဲ့။

ထိုသို့ နိုင်ငံရေးမျှော်တွေးတတ်သည့် ကိုဂျင်မီကို လူ့ဘောင်သစ်ဥက္ကဋ္ဌ ကိုမိုးသီးဇွန် ရာထူးစွန့်၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ချိန် လစ်လပ်ပါတီခေါင်းဆောင်နေရာအတွက် အများက ကမ်းလှမ်းရာ ငြင်းပယ်သည်ဟု ကိုဝက ဆက်ပြောသည်။

ပါတီအတွင်း တော်လှန်ရေးလမ်းစဉ်ဖြင့်ပါ တွဲဖက်လုပ်ဆောင်လိုသူ၊ နိုင်ငံရေးသီးသန့် အဖြေရှာလိုသူ ဟူ၍ သဘောထားကွဲကြရာတွင် နှစ်ဖက်လက်ခံနိုင်သည့် ခေါင်းဆောင်မှုကို စဉ်းစားကြသည့်အခါ အားလုံးထဲတွင် အငယ်ဆုံးဖြစ်သည့် ကိုဂျင်မီက တစ်ပြေးသည်။

သို့သော် ဒီမိုကရေစီအတွက် နိုင်ငံရေးနည်းလမ်းတစ်ခုတည်းဖြင့် အဖြေရှာနိုင်မည်မဟုတ်ဟု သူယုံကြည်၍ တာဝန်မယူနိုင်ကြောင်း ကိုဂျင်မီက တုံ့ပြန်သည်ဟု ကိုဝထံမှ သိရသည်။

“သူက နေရာမက်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူယုံကြည်တာကို ပွင့်ပွင့်လင်းလင်း ချပြ ပြောဆို လုပ်ကိုင်တတ်တဲ့ လူစားမျိုး”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးမုန်တိုင်း ခေတ္တငြိမ်သက်ခဲ့သည့် NLD ဒုတိယအကြိမ်နိုင်သော ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ချိန်တွင်ပင် ကာလရှည်နိုင်ငံရေး မဟာမိတ်ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို ကိုဂျင်မီက ရာထူး၊ အာဏာနှင့် ဝေးရာတွင်သာ နေလိုကြောင်း အကြောင်းပြန်သည်။

ထိုစဉ်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီကို အန်တုနေသည့် အမျိုသားညီညွတ်ရေးအစိုးရ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးထံမှ ထိုသတင်းစကားကို ပြန်သိရသည်။

“NLD က အာဏာရပြီးတဲ့အခါကျတော့ အဖွဲ့အစည်းတွေဘာတွေ ပြန်ဖွဲ့စည်းတဲ့အခါ သူတို့ (၈၈မျိုးဆက်) ကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နေရာပေးတယ်။ ငြိမ်းချမ်းရေးကော်မရှင်တို့ဘာတို့မှာ နေရာပေးတယ်။ ဒါကိုတော့ သိခဲ့တယ်။ အဲတုန်းကလည်း သူက မလုပ်ခဲ့ဘူး။ နေရာမယူခဲ့ဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ – ၂၀၂၀ အတွင်း အခမ်းအနားတစ်ခုတွင် ရင်းရင်းနှီးနှီးတွေ့ဆုံနေသည့် ကိုဂျင်မီ။ ဓာတ်ပုံ- မောင်သိန်း(ဒဿနိက)  

ငါးဖိန်း

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ကိုဂျင်မီ ထောင်ကျစဉ် အင်းစိန်ထောင်၌ နှစ်ကြိမ်ဆုံဖူးသူ ဦးမိုးဇော်ဦးက ကိုဂျင်မီမှာ နှစ်လိုဖွယ်ကောင်းပြီး အများကို ပျော်ရွှင်စေတတ်သူဟု မှတ်ချက်ပြုသည်။

၁၉၈၉ တွင် ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်ရှိ လူ့ဘောင်သစ်ပါတီ ရုံးဖွင့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဟောပြောမှုဖြင့် ထိုခေတ်က အာဏာရှင်တို့က ကိုဂျင်မီကို အကျဉ်းထောင်နှင့် ပထမဆုံးအကြိမ် မိတ်ဆက်ပေးရာတွင် ၎င်းတို့ဆုံခဲ့ကြခြင်းဖြစ်သည်။

“ထောင်ထဲမှာ အမြဲပြောတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲ၊ အမှုတွဲဆိုပြီး အမြဲတမ်း ဂုဏ်ယူပြီး ပြောတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

အနုပညာကို စိတ်ဝင်စားပြီး ကဗျာရေး၊ သီချင်းဆိုသလို၊ ထောင်တွင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ သတင်းဖလှယ်မှုများတွင် တက်ကြွစွာ ဦးဆောင်သည့် ကိုဂျင်မီကြောင့် အကျဉ်းထောင်အတွင်း မပျင်းခဲ့ရ။

“ဂီတာတွေ ဘာတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်တဲ့အခါကျတော့ ထောင်ထဲမှာ ရေချိုးတဲ့ ပလတ်စတစ်ပုံးရယ် သစ်သားပြားရယ် ငါးမျှားတဲ့ ကြိုးရယ် စသဖြင့် အားလုံးကိုပေါ့နော်။ ဂီတာရအောင် လုပ်တယ်။ အဲဒီဂီတာနဲ့ သူသီချင်းဆိုတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

“အားလုံးနဲ့ တည့်အောင်ပေါင်းတယ်။ အားလုံးက စနောက်ပြောင်ပြီး သူရှိနေရင် မပျင်းရဘူးပေါ့နော်။ စိတ်ဓာတ်မကျအောင် စိတ်မညစ်အောင် လုပ်နိုင်စွမ်းရှိတယ်။ သူက ထူးခြားတယ်လို့ ပြောရမယ်။ အများကြားမှာ ထူးခြားတယ်”

“အားလုံးကလည်း သူ့ကို ခင်ကြတယ်။ အားလုံးကလည်း သူနဲ့တွေ့ရင် ပျော်မယ်။ သူက ရယ်စရာတွေ ပြောမယ်။ နောက်ပြောင်မယ်။ သူ့ရဲ့ပုံစံက ရွှင်ရွှင်ပျပျနဲ့ အားလုံးကို စည်းရုံးနိုင်တယ်။ လူတွေကို ပျော်ရွှင်တက်ကြွအောင် လုပ်ပေးနိုင်တယ်။ နိုင်ငံရေးအရဆိုရင် တက်ကြွတယ်။ အဲဒီလိုလူမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ ထိုကာလက အကျဉ်းထောင်အတွင်း ချစ်ခင်သော လူအများက ကိုဂျင်မီကို မှည့်ခေါ်ကြသော လူသိနည်းသည့် နာမည်ပြောင်တစ်ခုလည်းရှိသည်။ အင်းလေးကန်တွင်သာရှိသည့် ငါးမျိုးစိတ်ကို အစွဲပြု၍ အင်းသားဖြစ်သည့် ကိုဂျင်မီကို ချစ်စနိုးဖြင့်“ ငါးဖိန်း”ဟု ခေါ်ကြသည်။

“ကျွန်တော်တို့ဆို နောက်ပြီး ငါးဖိန်းလို့ ခေါ်တာပေါ့လေ။ အသံက အောင်လည်းအောင်၊ ကောင်းလည်းကောင်းတော့ သီချင်းတွေလည်း ဆိုတတ်တယ်။ ကဗျာတွေလည်း တော်တော်ရေးတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

အကျဉ်းထောင်မှ ဒုတိယအကြိမ် ပြန်လွတ်လာသည့် ကိုဂျင်မီကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်းရုံးတွင် ၂၀၁၂ ခုနှစ်က ပြုလုပ်သည့် သင်္ကြန်ကာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-သီဟမောင်  

အနုပညာ၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ထုံမွမ်းသူ

၂၀၂၁ နိုင်ငံရေးမုန်တိုင်းမထန်ခဲ့လျှင် ကဗျာ၊ စာပေ၊ သီချင်းရေး၊ သီချင်းဆို ဝါသနာပါသည့် ကိုဂျင်မီက သူဝါသနာပါရာ အနုပညာအလုပ်များဖြင့် ဘဝကို အေးဆေးစွာ ဖြတ်သန်းနေလိမ့်မည်ဟု ဦးမိုးဇော်ဦးက ယုံသည်။

“နိုင်ငံရေးတို့ဘာတို့ဆိုတာက ယုံကြည်ချက်အရ လုပ်တာ၊ ကျွန်တော်ထင်တယ်၊  နိုင်ငံရေးတာဝန်ပေးတဲ့ အခါကျတော့ မယူဘူး။ သူရဲ့ပုံစံကိုက ကိန်းကြီးခန်းကြီးပုံစံမဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ပဲ”

“သူဘာလုပ်ပေးရမလဲ၊ တိုင်းပြည်အတွက် လုပ်စရာရှိတာတွေကို ထိထိရောက်ရောက်နဲ့ လုပ်တယ်။ အနုပညာနဲ့ နေချင်တယ်။ သူ့ဘဝကို အနုပညာနဲ့ပဲ ကုန်ဆုံးချင်တဲ့သဘောကို တွေ့ရပါတယ်” ဟု ဦးမိုးဇော်ဦးက သုံးသပ်သည်။

၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ သီးသန့်အခန်းတွဲတိုက်တစ်ခုတွင် တစ်နှစ်နီးပါး အတူနေခဲ့ရသည့် NLD ၏ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုစည်သူမောင်ကလည်း ကိုဂျင်မီ၏ အနုပညာပိုးနှင့် ချစ်ခင်ကြင်နာတတ်မှုကို အသိအမှတ်ပြုသည်။

ထိုနှစ် ဇွန် ၁၆ ရက် ၎င်း၏ ၁၉ နှစ်ပြည့်မွေးနေ့ ည ၈ နာရီကျော်၊ အကျဉ်းထောင်အတွင်း သီးသန့်တိုက်ခန်းများ၌ ရှိနေစဉ် နှစ်ခန်းကျော်မှ ကျွန်တော့်ညီငယ်တစ်ယောက်အတွက်ဆိုသည့် ကိုဂျင်မီ၏ အသံထွက်ပေါ်သည်။ သူ့အတွက် မွေးနေ့အမှတ်တရ “မွေးချင်း” အမည်ရ သီချင်းတစ်ပုဒ်ဆိုပြသဖြင့် ကြည်နူးခဲ့ရဖူးသည်ဟု ကိုစည်သူမောင်က ပြောသည်။

“မွေးချင်းဆိုတဲ့ စကားလေးကို အရင်စရွတ်တယ်။ (သီချင်းက) နည်းနည်းတော့ Rock and Roll လို ပုံစံဆန်တယ်။ .. သီချင်းစာသားတော့ မမှတ်မိဘူး။ သူက တစ်ခါတည်းဆိုတာ။ ခဏခဏဆိုနေရင်တော့ မှတ်မိလောက်ပါတယ်”။

“သူကလည်း အနုပညာဆန်တဲ့ နိုင်ငံရေးသမားတစ်ယောက်ပဲ။ ကဗျာလည်းစပ်တယ်၊ ကဗျာဆရာ ဘုန်းသုခတဲ့” ဟု ၎င်းက ဆက်ပြောသည်။

လက်တွေ့တွင်လည်း ကိုဂျင်မီက တောင်ကြီးထောင်တွင် ချုပ်နှောင်ခံထားရချိန် ၂၀၁၀အတွင်း ဝတ္ထုတစ်ပုဒ်ရေးခဲ့သည်။ နိုင်ငံရေးသမား၏ အချစ်ဇာတ်လမ်းကို တည်၍ အင်းလေးကန်ထိန်းသိမ်းရေး ပညာပေး ရသဝတ္ထုတစ်ပုဒ်ကို သူက ရေးဖွဲ့ခြင်းဖြစ်သည်။

“လမင်းစန္ဒာ အင်းလေး ကန်သာ” အမည်ရ ထိုစာအုပ်ကို ထောင်မှ သူပြန်လွတ်လာချိန် ၂၀၁၂၊ အောက်တိုဘာတွင် ပုံနှိပ် ဖြန့်ချိသည်။ ၂၀၂၁ အာဏာသိမ်မှုမတိုင်မီအထိ ဘာသာပြန်၊ ဝတ္တုနှင့် ကဗျာစာအုပ် စုစုပေါင်း ၈ အုပ်ထက်မနည်းကို ကိုဂျင်မီက ထုတ်ဝေခဲ့သည်။

၂၀၂၀ မတိုင်မီ နိုင်ငံရေးအခမ်းအနားတစ်ခုတွင် ဟောပြောနေသည့် ကိုဂျင်မီ။ ဓာတ်ပုံ – မောင်သိန်း (ဒဿနိက)  

နိုင်ငံရေးဂုဏ်ကြီးရှင်

ကိုဂျင်မီ၏ နိုင်ငံရေးဖြတ်သန်းမှုတစ်လျှောက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများနှင့် လက်တွဲခဲ့ပြီး အကွဲအပြဲများအကြား တည်ကြည်စွာဖြင့် ယုံကြည်ရာဘက်ရွေးခဲ့သလို၊ သဘောဆန္ဒမတူသူများကိုလည်း တိုက်ခိုက်ခြင်းမပြုဟု ကျော်စောသည်။

ကိုဂျင်မီ၏ ထိုကောင်းကွက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတူထောင်ခဲ့သူ ကိုဝ၊ ၁၉၈၈မှ ပြည်သူ့ပါတီ မထူထောင်ခင် ၂၀၁၈ အထိ နိုင်ငံရေးရဲဘော်ရဲဘက်အဖြစ် နီးကပ်စွာ လက်တွဲခဲ့သည့် ဦးကိုကိုကြီးတို့က အသိအမှတ်ပြုသည်။

စစ်အာဏာသိမ်းမှု ၂၀၂၁ တွင် တစ်ကျော့ပြန်လာရာ ဦးကိုကိုကြီးက နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမည်ဆိုသောမူကို ကိုင်စွဲသည်။ ကိုဂျင်မီကမူ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရန် ဒီတစ်ကြိမ်တွင် ရသည့်နည်းဖြင့် လုပ်မည်ဟု အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။

“နိုင်ငံရေးကွဲလွဲမှုအပေါ်မှာ ပုဂ္ဂလိကဆန်တဲ့အထိတော့ ကိုဂျင်မီ ကိုယ်တိုင်မဖြစ်ခဲ့ဘူး” ဟု ဦးကိုကိုကြီးက မှတ်ချက်ပြုသည်။

နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးမဟာမိတ် ကိုဂျင်မီမှာ ဘာသာရေးကိုင်းရှိုင်း၍ မေတ္တာသုတ်ကို ပုံမှန်ရွတ်ဆိုသလို ပင်ကိုယ်အားဖြင့် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေတတ်သူဟု မိတ်ဆွေဟောင်းကြီးက ဆက်ပြောသည်။

“သူ့ရဲ့စိတ်ခံစားမှု၊ သူ့ရဲ့ နိုင်ငံရေးရွေးချယ်မှုအရ ဒီလိုဖြစ်သွားရပေမဲ့လို့ သူ့ရဲ့ ပင်ကိုယ်စရိုက်က တိရိစ္ဆာန်လေးတွေတောင်မှ သတ်တဲ့ ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။

ကိုဂျင်မီ (ခ) ဦးကျော်မင်းယု၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း  

သမီးလေးကို ကြိုတင်တောင်းပန်ထားခဲ့သူ

ထိုသို့ ယုံကြည်ရာကို မည်သည့်အကြောင်းဖြင့်မှ မဖောက်ဖျက်ခဲ့သည့် ကိုဂျင်မီက လွန်ခဲ့သော ၁၅ နှစ်ကပင် မိသားစုအပေါ် သူ၏ တာဝန်ပျက်ကွက်နိုင်မှုကို ကြိုတွေးထားသည်။ နိုင်ငံရေးရဲဘော်ရဲဘက် မနီလာသိန်းနှင့် လက်ထပ်ပြီး နှစ်နှစ်အကြာ ၂၀၀၇၊ ဇနီးသည် ရင်သွေးလွယ်ထားရချိန်တွင် သူက စိတ်ကူးတစ်ခုရခဲ့သည်။

“ဒီအဖေ၊ အမေရဲ့ သားသမီးအဖြစ် ဝင်လာပြီဆိုရင်တော့ ဒုက္ခတွေကြုံရလိမ့်မယ်။ အဲဒီဒုက္ခတွေအတွက် ဒီအဖေ အမေကို နားလည်ပေးပါလို့ ကြိုပြီးတောင်းပန်ထားတယ်” ဟု လွန်ခဲ့သည့်သုံးနှစ် ကမာရွတ်သတင်းဌာနနှင့် တွေ့ဆုံရာတွင် ကိုဂျင်မီက ပြောပြဖူးသည်။

၂၀၀၇ တွင် သူတို့ဇနီးမောင်နှံ၏ တစ်ဦးတည်းသောသမီး လူ့လောကထဲ ရောက်လာပြီးနောက် လေးလအကြာတွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် မိခင်ရော၊ ဖခင်ပါ ထောင် ၆၅ နှစ် သတ်မှတ်ခံရသဖြင့် ကိုဂျင်မီ၏ ကြိုတင်တွေးဆချက် မှန်ကန်ခဲ့သည်။

၂၀၁၂ မိခင်ရော၊ ဖခင်ပါ ပြန်လည်လွတ်မြောက်လာပြီးနောက်တွင်မှ သမီးနှင့်အတူ ဆုံခွင့်ပြန်ရသည်။ ထိုကာလအတွင်း ကိုဂျင်မီက သမီးငယ်ကို အကောင်းအဆိုး အကြောင်းအကျိုးကို နားလည်သည့် လူသားဆန်သူတစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်သည်ဟု မနီလာသိန်းက ပြောသည်။

“နိုင်ငံရေးအရဆိုလည်း ရဲဘော်ရဲဘက်၊ ကျွန်မရဲ့ခေါင်းဆောင်တစ်ယောက်ပါ။ အိမ်ထောင်ဖက်ဆိုရင်လည်း ခင်ပွန်းကောင်းတစ်ယောက်ပါ။ သမီးလေးအတွက်ဆိုရင်လည်း သူဟာ ဖခင်ကောင်းတစ်ယောက်အဖြစ် အမြဲတမ်းတာဝန်ကျေခဲ့ပါတယ်”

ကိုဂျင်မီနှင့် မနီလာသိန်း။ ဓာတ်ပုံ- မောင်သိန်း(ဒဿနိက)   

သို့သော် နိုင်ငံရေး မုန်တိုင်းဂယက်ငြိမ်လျှင် မိသားစုဘဝကို ပို၍ ဦးစားပေးတော့မည်ဆိုသော သူတို့ ဇနီးမောင်နှံ၏ တူနှစ်ကိုယ်သဘောတူညီချက်မှာ စစ်အာဏာရှင်၏ အဆုံးစွန်ဆုံးရက်စက်မှုကြောင့် ရေစုန်မျောရပြီ။

ထင်ရှားသည့် နိုင်ငံရေးသမား ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် အရပ်သားနှစ်ဦးကို သေဒဏ်ပေးသည့် အာဏာရှင်ပေါက်စ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လုပ်ရပ်က အာဏာရှင်သုံးဆက်တွင် အရိုင်းစိုင်းဆုံးသော လုပ်ရပ်ဖြစ်သည်ဟု အသက် ၇၇ နှစ်ရှိ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

သေဒဏ်ကို အတည်ပြုနိုင်သည့် သမ္မတကို စစ်ကောင်စီက ဖမ်းထားသဖြင့် ထိုအမိန့်မှာ တရားမဝင်ကြောင်း၊ ကွပ်မျက်တော့မည်ကို ကာယကံရှင်နှင့် မိသားစုကို ပေးမသိဘဲ တိတ်တဆိတ်လုပ်ဆောင်ခဲ့ခြင်း၊ အလောင်းပြန်မပေးခြင်း၊ ကြည့်ခွင့်မရခြင်းတို့မှာ မည်သည့်ဥပဒေနှင့်မှ မညီဟု ၎င်းက ပြောသည်။

“သူ (မင်းအောင်လှိုင်) ပေးဆပ်ရလိမ့်မယ်။ ဘယ်နေလို့ရမလဲ။ လူသတ်ထားတာလေ။ လူသတ်ခွင့်မရှိဘဲနဲ့ လူသတ်ဖို့ အတည်ပြုတဲ့အတွက် မြင့်ဆွေ (စစ်တပ်ခန့် ဒုသမ္မတ) နဲ့ မင်းအောင်လှိုင်ကတော့ သူတို့က ၃၀၂ (၁) လူသတ်မှုကို ကျူးလွန်တာပဲ” ဟု ဦးကြီးမြင့်က ပြောသည်။

ကိုဂျင်မီ၏ ဇနီး မနီလာသိန်းကမူ စစ်ကောင်စီက ရာဇဝတ်သားကဲ့သို့ မည်သို့ပင်စွပ်စွဲပါစေ ခင်ပွန်းသည်၏ နိုင်ငံချစ်စိတ်၊ ဒီမိုကရေစီရေးအတွက် မမှိတ်မသုန်ကြိုးပမ်းမှုများအတွက် ဂုဏ်ယူသည်ဟု ပြောသည်။ စိတ်ဓာတ်၊ ယုံကြည်ချက် တည်ကြည်သည့် ကိုဂျင်မီကိုယ်တိုင်ပင်လျှင် ကြုံခဲ့ရသည့် အခြေအနေကို တော်လှန်ရေးကို ရှေးရှု၍ ဖြတ်သန်းခဲ့လိမ့်မည်ဟု သူက ပြောသည်။

“သူ့လုပ်ဆောင်မှုအတွက် သူလိပ်ပြာသန့်တယ်။ အဲဒီအတွက် သူတွေ့ကြုံလာရတဲ့ တစ်ဖက်က လုပ်ဆောင်မဲ့ အကြောင်းတရားတွေ (သတ်ဖြတ်မှု) အတွက် သူစိတ်မှာပြင်ဆင်မှုရှိတယ်လို့ ကျွန်မ ယုံကြည်တယ်ရှင့်” ဟု မနီလာသိန်းက ပြောသည်။

“တော်လှန်ရေးအပေါ်၊ လူထုတွေအပေါ်မှာ သစ္စာတရားနဲ့ ရပ်တည်သွားခဲ့တယ်။ သူ့သမိုင်းကို သူရှင်သန်အောင် လုပ်တာဖြစ်တဲ့အတွက် ကျွန်မတို့အားလုံးရဲ့ လူထုရဲ့ ရင်ထဲမှာ သူက ဘယ်တော့မှ မသေဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာတွင် ကြုံနေရသည့် စစ်အာဏာရှင်စနစ် ပပျောက်ရေး ခရီးရှည်ကြီး မည်မျှကြမ်းတမ်းသည်ကို ကိုဂျင်မီ လူငယ်ကျောင်းသားခေါင်းဆောင်ဘဝကတည်းက ကဗျာတစ်ပုဒ်ဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

ပြည်သူနှင့် တိုင်းပြည်ကို လက်နက်အားကိုးဖြင့် နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်နေသည့် စစ်တပ်ကို တော်လှန်နေကြသူများ၊ တော်လှန်ရေးအားပေးထောက်ခံသူ ပြည်သူအများအကြား စိတ်ခွန်အားအပြည့်ပါသည့် ထိုကဗျာမှာ ထင်ရှားသည်။

စစ်အာဏာရှင်အဆက်ဆက်၏ တိုင်းပြည်ကို ဥပဒေမဲ့ အနိုင်ကျင့်သည့် လုပ်ရပ်ကို စကားလုံးများဖြင့် ပြောင်မြောက်စွာ ခြိမ်းခြောက်နေဆဲဖြစ်သည့် ထိုကဗျာ၏ ခေါင်းစဉ်က “တရားတဲ့သူသာ နိုင်ကြေး”။

ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ကိုယ်တိုင်ရွတ်ဆိုထားသည့် “တရားတဲ့သူသာ နိုင်ကြေး”ကဗျာ။ NHW Channel 


Original Post: Myanmar Now