၉ လသား သားဦးကို ပွေ့ဖက်နမ်းရှိုက်ခွင့်မရဘဲ ကွပ်မျက်ခံခဲ့ရသည့် ဖခင်

27 July 2022

Ko Aung Thura Zaw (Hlaingthaya Township)

၉ လသား သားဦးကို ပွေ့ဖက်နမ်းရှိုက်ခွင့်မရဘဲ ကွပ်မျက်ခံခဲ့ရသည့် ဖခင်

ကိုအောင်သူရဇော်

ဥပဒေမဲ့ပေါ်လာသည့် စစ်ကောင်စီက ဥပဒေနှင့်မညီဘဲ ကွပ်မျက် သတ်ဖြတ်မှုကြောင့် ရန်ကုန်၊ လှိုင်သာယာမှအမျိုးသားမှာ ရင်သွေးငယ်နှင့် ထိတွေ့ဖူးခြင်းမရှိဘဲ သေကွဲကွဲခဲ့ရသည်။ 

By Myanmar Now

ဇူလိုင် ၂၃ လင်းအားကြီးအချိန် အင်းစိန်ထောင်အတွင်း ကွက်မျက်ခံခဲ့ရသူများတွင် လူသိနည်းသည့် ကိုအောင်သူရဇော်လည်း ပါဝင်သည်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ကိုအောင်သူရဇော် ဖမ်းဆီးခံရစဉ်က ဇနီးဖြစ်သူ မထက်မှာ ကိုယ်ဝန် ၂ လဖြင့် ကျန်ရစ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက သူ့ကို ကြိုးပေးသတ်ဖြတ်လိုက်ချိန်တွင် “မြတ်ဘုန်းခန့်”ဟု အမည်ရသည့် သားဦးလေးမှာ တစ်နှစ်သားအရွယ်ပင် မရှိသေးပေ။ မိသားစု တွေ့ဆုံခွင့် ပိတ်ပင်ထားသဖြင့် သားလေး မွေးသည်ကိုသာ သိရှိခဲ့ရပြီး ကလေးမျက်နှာကို ထောင်တွင်းသို့ ရောက်လာသည့် ဓာတ်ပုံများတွင်သာ မြင်တွေ့ခွင့် ရရှိခဲ့သည်။ သားကို ကိုယ်တိုင်ကင်ပွန်းတပ်ခွင့်၊ ပွေ့ဖက်နမ်းရှိုက်ခွင့်မရခဲ့ဘဲ စစ်ကောင်စီ၏ ကြိုးပေးခြင်းကို ခံခဲ့ရသည့် ဖခင်တစ်ဦးဖြစ်လာသည်။

ထောင်တွင်းက ပေးစာ

ကိုအောင်သူရဇော် ထောင်တွင်းရောက်ရှိနေချိန်တွင် ကိုယ်ဝန်ဆောင် မထက်လည်း လှိုင်သာယာ စက်ရုံတစ်ရုံတွင် မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ခဲ့ရသည်။

တွေ့ခွင့်မရသည့် အခြေအနေတွင် ထောင်အတွင်းနှင့် အပြင် စာအဆက်အသွယ်ရှိခဲ့သည်။

ကိုအောင်သူရဇော်က ဇနီးဖြစ်သူ မထက်ကို ငါးပူတင်းဟု ရံဖန်ရံခါ ချစ်စနိုးခေါ်တတ်ပြီး စာထဲတွင်လည်း ထိုသို့ သုံးနှုန်းသည်ဟု ဆိုသည်။

ထောင်ထဲမှ ဖခင်ဖြစ်သူက အနာဂတ်တွင် သားလေးအတွက် အလုပ် ပိုကြိုးစားမည်ဟု စာရေးလာဖူးကြောင်း သိရသည်။

“အထဲမှာ ကုန်နေရတဲ့အချိန်တွေအတွက် အပြင်ရောက်ရင် ကြိုးစားပြီး အလုပ်တွေလုပ်ရမှာ ငါးပူတင်းလေးရယ်၊ နင်နဲ့တူအောင် ဆုတောင်းပေး၊ ငါ့နဲ့တူရင် အရပ်ပုပြီး အသားညိုမှာ၊ နင်နဲ့တူရင်တော့ အရပ်ရှည်ပြီး အသားဖြူမှာ” ဟု စာတွင် ဖော်ပြထားကြောင်း သိရသည်။

ကိုယ်ဝန်ရင့်လာသည့် နောက်ပိုင်းတွင်လည်း မီးဖွားရန် ပြင်ဆင်ရခြင်း၊ ငွေကြေးမပြေလည်ခြင်း၊ ပဲခူးတိုင်း ဒိုက်ဦးထောင်သို့ ရောက်နေသည့် ခင်ပွန်းထံ သွားရောက်ရန် ဝေးလွန်းခြင်းစသည့် အခက်အခဲများကို ဇနီးသည် ရင်ဆိုင်ခဲ့ရသည်။

“သူမရှိတော့တဲ့အချိန်တည်းက သိပ်ခက်ခဲတာပဲ၊ ကိုယ့်မိဘတော့ရှိတယ်၊ ကိုယ့်မိဘတွေကလည်း ပြေလည်တဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူး” ဟု မထက်က ပြောသည်။

သားလေးမွေးပြီးနောက် လသားအရွယ်ကလေးငယ်ကို မိသားစုဝင်များထံ အပ်နှံ ထိန်းစေပြီး စားဝတ်နေရေးအတွက် မထက် စက်ရုံတွင် အလုပ်ဆင်းရပြန်သည်။

ထို့ကြောင့် ဇူလိုင် ၂၂ တွင် စစ်ကောင်စီက သေဒဏ်ကျခံထားရသူတချို့ကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရုတ်တရက်ပေးလာရာ မထက်က လုပ်ငန်းခွင်တွင် ရောက်နေသည်။

ခင်ပွန်းသည် ကွပ်မျက်ခံရသည်ဟူသော သတင်းမှာ ၂၅ ရက်နေ့ စစ်ကောင်စီသတင်းစာတွင် ပါလာသဖြင့် သတင်းစာဖတ်ပရိသတ်ကြား အုတ်အော်သောင်းတင်းဖြစ်သွားသော်လည်း လုပ်ငန်းခွင်ရောက်နေပြန်သည့် မထက်က ချက်ချင်းမသိခဲ့ဟု ဆိုသည်။

“အလုပ်ပြန်ဆင်းလာမှ သိရတယ်၊ သူ့အမေက ဖုန်းခေါ်ထားလို့ ပြန်ခေါ်ပြီး အမေဘာဖြစ်လို့လဲ မေးတော့ အမေက နင့်ယောက်ျား မရှိတော့ဘူးတဲ့” ဟု မထက်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများက ကိုအောင်သူရဇော်ကို ၂၀၂၁ ဧပြီတွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည့် ၁၅ လအတွင်း ဇနီးသည်က သူ့ကို တွေ့ခွင့်မသာခဲ့သလို သူကလည်း ဇနီးဖြစ်သူကို တွေ့ခွင့်မရခဲ့ပေ။

မိသားစုဝင်တို့က ထောင်သို့ သွားပြီး ပစ္စည်းပို့ခွင့်ရှိသော်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ကိုမူ အဖမ်းအဆီး ဆက်တိုက်လုပ်နေသော စစ်ကောင်စီက ကိုဗစ်အကြောင်းပြပြီး ပိတ်ထားဆဲဖြစ်သည်။

နွေဦးတော်လှန်ရေး သူရဲကောင်းများ

ကိုအောင်သူရဇော် မြင်တွေ့ခွင့်မရခဲ့သည့် သားဖြစ်သူ မောင်မြတ်ဘုန်းခန့်မှာလည်း ၉ လ အရွယ်သို့ ရောက်လာပြီဖြစ်သောကြောင့် စကားလုံး ၂ လုံးပါသည့် အသံထွက်များဖြစ်သော ဖေဖေ၊ မေမေဟု စတင်ကာ စကားပြောကျင့်တော့မည်ဖြစ်သည်။  အရာဝတ္တုများကို စူးစမ်း၊ မိခင်၊ ဖခင်တို့နှင့် ကစားသည့် အရွယ်သို့ ရောက်ပြီဖြစ်သည်။ သို့သော် ထိုကလေးကို ကစားပေးမည့် အဖေမရှိတော့၊ ဖေဖေဟု ခေါ်ရမည့် ဖခင်မရှိတော့ပေ။

“သားလေးရဲ့ အသံကြားတဲ့အခါကျတော့ သူ့အဖေမရှိတော့ဘူးဆိုတဲ့ အသိနဲ့ သားလေးကို သနားတာပဲ။ အချိန်တန်တဲ့အခါ သူများအဖေတွေ သူတို့သားသမီးကို တီတီတာတာ လုပ်တာတွေ့ရင် သားလေးမှာ အဖေမရှိတော့တာ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်” ဟု မထက်က ဆို့ဆို့နင့်နင့် ငိုယိုပြောဆိုသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အဆိုတော် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့သည် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ဥပဒေအရ ကွပ်မျက်ခြင်းဖြစ်ကြောင်း ဥပဒေချိုးဖောက်ပြီး အာဏာသိမ်းထားသည့် စစ်ကောင်စီက ကာကွယ်ပြောဆိုသည်။

ကွပ်မျက်ခဲ့သည့် အချိန်နှင့် နေ့ရက်ကို လျှို့ဝှက်ထားခြင်း၊ မိသားစုကို ကြိုတင်အသိမပေးခြင်း၊ အလောင်းပြန်မပေးခြင်း စသည့် ဥပဒေနှင့် မညီညွတ်သော အချက်များနှင့် ပတ်သက်သည့် ဝေဖန်မှုများကိုမူ စစ်ကောင်စီက အကျဉ်းထောင်အာဏာပိုင်တို့၏ အဆုံးအဖြတ်ဖြစ်သည်ဟုသာ ဖြေရှင်းချက် ထုတ်ခဲ့သည်။

ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် မီဒီယာများ၏ ၂၀၂၁ ခုနှစ် သတင်းဖော်ပြချက်တွင် လှိုင်သာယာမြို့နယ် အမှတ် (၇) ရပ်ကွက်နေ မဝင်းသန္တာဆွေဆိုသူကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားသည်။

သို့သော် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ထားသည့် နိုင်ငံတကာကမူ ဥပဒေမဲ့ အမှုစစ်ဆေး စီရင်မှု၊ ကွပ်မျက်သတ်ဖြတ်မှုများအတွက် စစ်ကောင်စီကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့တွေဟာ မတရားသဖြင့် ပြစ်ဒဏ်တွေပေးခံလိုက်ရပြီး မတရားသတ်ဖြတ်ခံလိုက်ရတယ်၊ ဒီနွေဦးတော်လှန်ရေးရဲ့ ပထမဆုံး ကြိုးပေးသတ်ဖြတ်ခံလိုက်ရတဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကိုအောင်သူရဇော်၏ ဇနီးဖြစ်သူ မထက်ကလည်း သားဖြစ်သူ မောင်မြတ်ဘုန်းခန့် အရွယ်ရောက်လာပြီး အဖေဖြစ်သူအကြောင်း အမေးရှိလာပါက အဖြေပေးမည်ဟု ပြောသည်။

“အမှန်အတိုင်းပဲပေါ့၊ ဖုံးကွယ်ထားလို့မှ မရတာ” ဟု မထက်က ပြောလိုက်သည်။


Original Post: Myanmar Now

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia