ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် ၄ ဦးကို သေဒဏ်ပေးမှု – စစ်ကောင်စီကို အေအေ ဝေဖန်

July 25th, 2022  •  Author:   BBC Burmese  •  1 minute read
Featured image

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးခဲ့တာ မှန်ကန်တယ်ဆိုရင် ဒါဟာ နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းတို့က တိုက်တွန်းကူညီနေတဲ့ငြိမ်းချမ်းစွာဖြေရှင်းရေး နိုင်ငံရေးအလားအလာ လမ်းစကောင်းတွေကို ခြေနဲ့နင်းဖျက်တဲ့လုပ်ရပ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့ ဇူလိုင်လ ၂၅ ရက်မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

သေဒဏ်ကျခံရမယ့် အကျဥ်းသား ၄ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာမှာ ဒီနေ့ သတင်းထုတ်ပြန်လာတဲ့အပေါ် မိသားစု၊ဆွေမျိုး၊ လူထုတစ်ရပ်လုံးနဲ့ ထပ်တူ ဝမ်းနည်းခံပြင်းသလို မြန်မာ့အနာဂတ်နဲ့ ငြိမ်းချမ်းရေးကို ရင်လေးမိတဲ့အကြောင်း အေအေဘက်က အခုလိုပြောဆိုလာတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဒေါသတကြီးနဲ့ တုံ့ပြန်လာမယ့် နောက်ဆက်တွဲ အခြေအနေကို စိုးရိမ်တယ်လို့လည်း အေအေက ပြောပါတယ်။

စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးသူရဇော်တို့ကို ရက်စက်စွာ အခုလိုသေဒဏ်ပေးလိုက်ပေမဲ့ သူတို့လေးဦးထက် ပိုပြီး ရဲရင့်ကာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားတဲ့ အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာလိမ့်ဦးတယ်ဆိုတာ ယုံကြည်တဲ့အကြောင်း အေအေဘက်က သဘောထား ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ရှေ့ပြေးအသံအဖွဲ့ကတော့ စစ်ကောင်စီရဲ့အခုလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီး ဒီဖြစ်ရပ်မှာ လုံခြုံရေးကောင်စီအပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စစ်တပ်ကို ဟန့်တားရေး ပျက်ကွက်မှုဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုထားပါတယ်။


Original post.