ကျွန်တော် သူ့ကို မေ့နိုင်မယ်မထင်ဘူး – ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြောင်း မြန်မာစစ်သားတွေ ဝန်ခံ

July 22nd, 2022  •  Author:   BBC Burmese  •  1 minute read
Featured image

ရှားလက်အက်ဝုဒ်၊ ကိုကိုအောင်၊ ရေဘက်ကာ ဟန်းရှ်ကီး

ဘီဘီစီကမ္ဘာတစ်လွှား

မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူလူထုအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာကို စစ်တပ်ကို စွန့်ခွာ လာခဲ့ကြတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းမှုတွေအတွင်းမှာ ဝန်ခံခဲ့ကြပါတယ်။

သူ့တို့ကို အထက်အရာရှိတွေက ဘယ်လို ဘယ်ပုံ အမိန့်ပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်စေခဲ့တယ် ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် ထဲထဲဝင်ဝင် ပြောပြခဲ့ကြပါတယ်။

အခု သတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လိင်အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု အကြောင်းအရာတွေ ပါဝင်နေပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်သားဟောင်းတွေက အပြစ်မရှိတဲ့ ပြည်သူတွေဆီက လုယက်ဖို့နဲ့ နှိပ်စက်သတ်ဖြတ်ဖို့ အတွက် သူတို့ကို အထက်အရာရှိတွေက အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုမောင်ဦးဟာ လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ အတွက် စစ်တပ်က သူ့ကို ခေါ်ခဲ့တယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ မေလအတွင်းက ဘုန်းကြီးကျောင်း တကျောင်းထဲမှာ ခိုလှုံ ပုန်းအောင်းနေကြတဲ့ ပြည်သူတွေကို သူတို့ တပ်ရင်းက သတ်ဖြတ်ခဲ့ကြပါတယ်။

ယောက်ျားတွေ အကုန်လုံးကို ဖမ်းခိုင်းပြီးပစ်သတ်ခိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။ စိတ်မကောင်း အဖြစ်ရဆုံးက သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကိုပါ သတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ကြပ်တဦး အပါအဝင် စစ်တပ်ကို စွန့်ခွာလာခဲ့ကြတဲ့ တပ်သား ၆ ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်တွေနဲ့ အဖြစ်ဆိုးတွေကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လူတချို့ရဲ့ ပြောပြချက်တွေကို ကြည့်ရင် မြန်မာ စစ်တပ်ဟာ အာဏာကို ရနိုင်သမျှ စွဲကိုင်ထားနိုင်ဖို့ ကြိုးစားနေတာကို သိနိုင်မှာ ဖြစ်ပါတယ်။ အခုသတင်းထဲမှာ ဖော်ပြထားသူတွေ အားလုံးကို သူတို့ရဲ့လုံခြုံရေး အတွက် အမည်တွေ ပြောင်းထားပါတယ်။

စစ်တပ်ကို စွန့်ခွာလာကြတဲ့ ဒီစစ်သားတွေကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ အရပ်သားပြည်သူတွေနဲ့ ဖွဲ့စည်းထားကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေက ကာကွယ်စောင့်ရှောက် ပေးထားကြပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလက မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရဆီကနေ အာဏာသိမ်းခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြည်သူလူထုရဲ့ လက်နက်စွဲကိုင် တော်လှန်မှုတွေ အပါအဝင် စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေကိုလည်း ချေမှုန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်က မြန်မာပြည် အလယ်ပိုင်းက ရေမျက်ရွာမှာ စစ်ကောင်စီ တပ်ဖွဲ့တွေကို ရဟတ်ယာဉ် ၃ စင်းနဲ့ လာချပေးခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပစ်မိန့် ရထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမှာ ရှိနေခဲ့သူ ၅ ယောက်နဲ့ သီးခြားစီ ဘီဘီစီက တွေ့ဆုံနိုင်ခဲ့ရာမှာ သူတို့က အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်ပြောပြခဲ့ကြတာ ဖြစ်ပါတယ်။

တပ်ကြပ် ကိုအောင်က သူတို့ စစ်ကောင်စီ တပ်တွေဟာ ရွာထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြကြောင်းနဲ့ မြင်မြင်ရာ ယောက်ျား၊ မိန်းမ၊ ကလေးပါ မရှောင် အကုန်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ လူသူအရောက်အပေါက်နည်းတဲ့ တောတွင်း တနေရာမှာ ရောက်နေတဲ့ တပ်ကြပ် ကိုအောင်က သူတို့ကို မြင်မြင်ရာ အကုန်ပစ်ဖို့ အတွက် အထက်က အမိန့်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။

ရွာသူ ရွာသားတချို့က လုံခြုံမယ်လို့ ယူဆတဲ့ နေရာတွေမှာ ပုန်းနေခဲ့ကြပေမယ့် သူတို့နားကို စစ်ကောင်စီ တပ်သားတွေ ရောက်လာတဲ့ အခါမှာ ထပြေးကြကြောင်းနဲ့ စစ်ကောင်စီတပ်တွေကလည်း လိုက်ပစ်ခဲ့ကြတဲ့ အကြောင်း ပြောပါတယ်။

သူတပ်စိတ်က လူ ၅ ယောက်ကို ပစ်သတ်ပြီး မြှုပ်နှံခဲ့တယ်လို့ တပ်ကြပ်ကိုအောင်က ဝန်ခံခဲ့ပါတယ်။

နောက်ပြီး ရွာထဲက အိမ်ကြီး အိမ်ကောင်း မှန်သမျှကိုလည်း မီးရှို့ပစ်ဖို့ အမိန့်ပေးထားခဲ့တယ်လို့ သူက ဆိုပါတယ်။

အမိန့်ပေးထားတဲ့ အတိုင်းပဲ စစ်ကောင်စီ တပ်သားတွေက အဲဒီရွာထဲက အိမ်တွေကို မီးလိုက်ရှို့ ခဲ့ကြပါတယ်။

တပ်ကြပ် ကိုအောင်က သူ အိမ် ၄ လုံးကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။ အင်တာဗျူးခဲ့တဲ့ လူတွေရဲ့ အပြောအရ ရွာထဲမှာ အိမ်ခြေ ၆၀ လောက် မီးရှို့ ခံခဲ့ရပြီး တရွာလုံး နီးနီး ပြာပုံ ဘဝ ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

ရွာခံတွေ အတော်တော်များများက ရွာက ထွက်ပြေးခဲ့ကြပေမယ့် အကုန်လုံးတော့ မဟုတ်ကြပါဘူး။ ရွာအလယ်မှာ ရှိနေတဲ့ အိမ်တအိမ်ထဲမှာ လူရှိနေခဲ့ပါတယ်။

တပ်သား ကိုသီဟ ဟာ ဒီဖြစ်ရပ်တွေ မတိုင်ခင် ၅ လ လောက်ကမှ စစ်တပ်ထဲ ရောက်လာသူ ဖြစ်ပါတယ်။ တခြားစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလိုပဲ သူဟာလည်း တခြားလူတွေလိုပဲ အရပ်သားတွေထဲက ခေါ်လာခံရတာဖြစ်ပြီး ဘာသင်တန်းမှလည်း မတက်ရောက်ခဲ့ရဘူးလို့ ဆိုပါတယ်။ သူတို့ အရပ်မှာတော့ အငှားစစ်သားတွေလို့ ခေါ်ကြပါတယ်။

သူ့ကို တလကို မြန်မာကျပ်ငွေ ၂ သိန်းပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူက အဲဒီ အိမ်ထဲက အဖြစ်အပျက်တွေကို မှတ်မှတ်ထင်ထင် သတိရနေဆဲ ဖြစ်ပါတယ်။

အဲဒီအိမ်ကို သူတို့ မီးမရှို့ခင်မှာ အိမ်ရဲ့ သံတိုင်တွေ နောက်မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် မိန်းကလေး တဦးကို ကိုသီဟ တွေ့ခဲ့ရပါတယ်။

ဒီမိန်းကလေးရဲ့ အော်သံတွေကို သူ မေ့လို့ ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ခုထက်ထိ ကြားယောင်နေဆဲ ဖြစ်တယ်။ အသည်းနှလုံးထဲထိ အမှတ်ရသွားမယ့် အဖြစ်အပျက်တွေပါလို့ သူက ပြောပါတယ်။

ကိုသီဟက အထက်အရာရှိ ဖြစ်တဲ့ ဗိုလ်ကြီးဖြစ်သူကို အိမ်ထဲမှာ မိန်းကလေး တဦး ရှိနေကြောင်း ပြောပြတော့ မင်းကို မြင်သမျှအကုန်သတ်ဖို့ ပြောထားတယ်လေ လို့ ပြန်ပြောခဲ့ကြောင်းနဲ့ သူလည်း အဲဒီ အိမ်ခန်းထဲကို မီးကျည်နဲ့ပစ်ခဲ့ရကြောင်း ပြောပါတယ်။

အဲဒီ နေရာမှာ တပ်ကြပ်ကိုအောင်လည်း ရှိနေခဲ့ပြီး အဲဒီ အရှင်လတ်လတ် မီးရှို့ခံရတဲ့ မိန်းကလေးရဲ့ အော်သံတွေကို သူလည်း ကြားခဲ့ရပါတယ်။

တော်တော် ကြေကွဲစရာ ကောင်းပါတယ်။ အဲဒီ မီးလောင်နေတဲ့ အိမ်ထဲက မိန်းကလေးက ၁၅ မိနစ်လောက် အော်ပြီး အကူအညီတောင်းနေခဲ့တာပါလို့ သူက ပြောပါတယ်။

ဘီဘီစီက မိန်းကလေးရဲ့ မိသားစုကို ဆက်သွယ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ မီးလောင်ပျက်စီးနေတဲ့ အိမ်ရှေ့မှာ ဆွေမျိုးတော်စပ်သူ ဦးမြင့်က အဖြစ်အပျက်ကို ခုလို ပြောပြခဲ့ပါတယ်။

ဒီမိန်းကလေးဟာ စိတ်ကျန်းမာရေး ချို့တဲ့ သူ ဖြစ်တဲ့အတွက် မိဘ ဖြစ်သူတွေက အလုပ်သွားတဲ့အခါ အိမ်မှာ သူတယောက်တည်းသာ ကျန်နေခဲ့တတ်ကြောင်း ပြောပြပါတယ်။ သူအသက်ဘေးက လွတ်မြောက်ဖို့အတွက် ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ တပ်တွေက တားဆီးခဲ့ပြီး သူ့ကိုပါ မီးရှို့သတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဦးမြင့်က ပြောပြပါတယ်။


တကယ်တော့ ဒီလို စစ်ကောင်စီ တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဒီမိန်းကလေး တယောက်တည်းမဟုတ်ပါဘူး။

ကိုသီဟ ဟာ ငွေအတွက် စစ်တပ်ထဲ ဝင်ခဲ့တယ်လို့ ဆိုပေမယ့် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို မြင်တွေ့ရတဲ့ အခါနဲ့ သူ့ကိုပါ ဒီလိုကျူးလွန်ဖို့ အမိန့်ပေးခိုင်းစေတဲ့ အခါတွေမှာ အင်မတန် ထိတ်လန့် ခဲ့ရတယ်လို့ ပြောပါတယ်။

ရေမျက်ရွာထဲမှာ သူတို့ ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးငယ် တချို့ရဲ့ အဖြစ်တွေကိုလည်း သူက ပြောပြခဲ့ပါတယ်။

အထက်အရာရှိက အောက်လက်ငယ်သားတွေရဲ့ လက်ထဲကို ဒီမိန်းကလေးတွေကို ထိုးပေးပြီး မင်းတို့ ကြိုက်တာလုပ်ကြလို့ ပြောခဲ့ကြောင်း သူက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီမိန်းကလေးတွေကို မုဒိမ်းကျင့်ခဲ့ကြကြောင်း၊ သူတော့ မပါဝင်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ မိန်းကလေးတွေထဲက ၂ ဦးကို ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ပါတယ်။

မပပ နဲ့ မခင်ထွေးတို့ဟာ ထွက်ပြေးလာကြရင်း လမ်းမှာပဲ စစ်ကောင်စီတပ်သားတွေနဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဟာ ရေမျက်ရွာသူတွေ မဟုတ်ကြပါဘူး။ အဲဒီရွာမှာ ရှိတဲ့ အင်္ကျီချုပ်ဆိုင်ကို လာတာ ဖြစ်ပါတယ်။

သူတို့ ရေမျက်ရွာက မဟုတ်သလို PDF တပ်ဖွဲ့ဝင်တွေလည်း မဟုတ်ကြောင်း ပြောပြခဲ့ပေမယ့် သူတို့ကို ရွာထဲက စာသင်ကျောင်းထဲမှာ ၃ ည တိုင်တိုင် ချုပ်နှောင်ထားခဲ့ကြပါတယ်။

ချုပ်နှောင်ခံထားရစဉ်အတွင်း ညစဉ်ညတိုင်း မူးယစ်နေကြတဲ့ စစ်ကောင်စီ တပ်သားတွေက အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ကြပါတယ်။ သူ့မျက်နှာကို ပုဆိုးနဲ့ အုပ်ပြီး လှဲချ၊ အဝတ်တွေ ဆွဲချွတ်ပြီး မုဒိမ်းကျင့်ခဲ့ကြတယ်လို့ မပပ က ပြောပါတယ်။ သူ အော်ဟစ်ပြီး ရပ်ကြဖို့ တောင်းပန်နေပမယ့် စစ်ကောင်စီ တပ်သားတွေက သူ့ခေါင်းကို ရိုက်နှက်ကြပြီး သေနတ်နဲ့ပါ ချိန်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ညီမ ဖြစ်သူ မခင်ထွေးက သူတို့ကို သတ်ပစ်မှာ စိုးရိမ်တဲ့ အတွက် စစ်ကောင်စီ တပ်သားတွေ ပြုသမျှကို ငြိမ်ခံနေခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအကြောင်းတွေ ပြောပြနေတဲ့ အချိန်မှာ မခင်ထွေးဟာ တုန်ရီနေခဲ့ပါတယ်

မိန်းကလေးတွေဟာ ကြောက်လွန်းလို့ သူတို့အပေါ် ကျူးလွန်ခဲ့သူတွေကို စေ့စေ့တောင်မကြည့်ရဲခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် တချို့ဟာ အရပ်ဝတ် ဝတ်ထားပြီး တချို့ကတော့ စစ်ယူနီဖောင်းတွေ ဝတ်ထားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဒီလို မိန်းကလေးငယ်တွေကို ဖမ်းမိတိုင်း သူတို့ကို PDF ကို ထောက်ခံလို့ လုပ်တာ ဆိုပြီး မုဒိမ်းကျင့်ကြတယ်လို့ ကိုသီဟက ပြောပါတယ်။

ရေမျက်ရွာမှာ ၃ ရက်တာအတွင်း လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး မိန်းကလေး ၈ ယောက်ဟာလည်း မုဒိမ်းကျင့် ခံခဲ့ရတယ်လို့ သိရပါတယ်။


အငှားစစ်သား ကိုမောင်ဦးကတော့ စစ်ကိုင်းတိုင်းအတွင်းက အုတ်ဖို ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၂ ရက် က ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီ ရွာအတွင်းမှာ သူ့ရဲ့ ခြေမြန်တပ်မ ၃၃ က တပ်ဖွဲ့ဝင်တွေက ရွာသူ ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ် ဖြစ်ပြီးကာစ အခြေအနေတွေကို ရိုက်ကူးထားတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဗီဒီယိုကို ဘီဘီစီက ရရှိခဲ့ပါတယ်။ အဲဒီ ဗီဒီယို အပြင် ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်တွေနဲ့ သူပြန်ပြောပြတာတွေဟာလည်း ကိုက်ညီမှု ရှိတာကို တွေ့ရပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ ဆံပင်ဖြူနေပြီ ဖြစ်တဲ့ အမျိုးသား တဦး အပါအဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၉ ဦးရဲ့ ရုပ်အလောင်းတွေကို တန်းလျက်သား တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့ ပုံရိပ်တွေအရ ဆိုရင် ဒီလူတွေကို နောက်ကနေ တေ့ပြီး ပစ်သတ်ခဲ့ပုံ ရပါတယ်။


အဲဒီ အဖြစ်ဆိုးကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ရွာခံတွေနဲ့ ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ပြီး အဲဒီတုန်းက ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်းကို မေးမြန်းနိုင်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ တွေ့ရတဲ့ သက်ကြီးရွယ်အို အမျိုးသားကြီး တယောက်ရဲ့ ဘေးမှာ လဲကျနေတဲ့ အမျိုးသမီးငယ်ဟာ မမိုးမိုးဆိုသူ ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ သူ့ကလေးနဲ့ ရွှေတိုငွေစတွေ ပါတဲ့ အိတ်ကို သယ်လာခဲ့တာ ဖြစ်ပြီး သူ့ပစ္စည်းတွေကို မယူဖို့ စစ်သားတွေကို တောင်းပန်နေခဲ့တယ်လို့ ဆိုပါတယ်။

မမိုးမိုးဟာ ကလေးကိုလည်း ချီထားရတာ ဖြစ်ပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူ့အိတ်ကိုလည်း လုယူပြီး သူ့ကိုလည်း ပစ်သတ်ခဲ့တယ်၊ နောက် တခြား ယောက်ျားတွေကိုလည်း တန်းစီပြီး တယောက်ပြီး တယောက် ပစ်သတ်သွားခဲ့တယ်လို့ အဲဒီ အချိန်က ကိုယ်တိုင် ရှိနေခဲ့ပြီး အသက်မသေခဲ့တဲ့ မလှလှက ပြောပြပါတယ်။

ကလေးကတော့ မသေခဲ့ဘဲ အခုတော့ သူ့ကို ဆွေမျိုးသားချင်းတွေကပဲ စောင့်ရှောက် ပေးထားကြပါတယ်။

အဲဒီ စစ်ကောင်စီ တပ်သားတွေက သူတို့ လူ ၈ ယောက် ၉ ယောက်လောက်ကို သတ်ခဲ့တယ် ဆိုတာကို ဖုန်းဆက်ပြီး ကြွားနေကြတဲ့ အကြောင်း၊ သတ်ရတာ အရသာ ရှိကြောင်းနဲ့ အအောင်မြင်ဆုံး နေ့ ဖြစ်တယ်လို့ ပြောနေခဲ့တာကို ကြားခဲ့ရတယ်လို့ မလှလှက ပြောပါတယ်။

နောက်ပြီး သူတို့ ရွာကထွက်သွားတော့လည်း အောင်ပြီ အောင်ပြီနဲ့ ကြွေးကြော်ပြီး ထွက် သွားခဲ့ကြတယ်လို့ ပြောပါတယ်။

နောက် အမျိုးသမီးတယောက်ကတော့ ခင်ပွန်း ဖြစ်သူ အသတ်ခံခဲ့ရတာကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့ခင်ပွန်းကို ပေါင်ကို အရင်ပစ်ကြောင်း၊ ပြီးတော့ မှောက်ခိုင်းပြီး တင်ပါးကို ပစ်ကြောင်းနဲ့ အဆုံးမှာ ခေါင်းကို ပစ်ပြီး သတ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

သူ့ခင်ပွန်းဟာ ရိုးရာဓလေ့အတိုင်းသာ လုပ်ကိုင် စားသောက်နေတဲ့ ထန်းတက်သမား တယောက်ဖြစ်ပြီး PDF တပ်ဖွဲ့ဝင် တယောက် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခု သားတယောက်နဲ့ သမီးတယောက် ကျန်ခဲ့တာမို့ သူဘယ်လို လုပ်ကိုင်စားသောက်ရမလဲတောင် မသိတော့ဘူးလို့ ပြောပြပါတယ်။

ကိုမောင်ဦးကတော့ သူ့လုပ်ရပ်တွေအတွက် နောင်တ ရနေပါတယ်။ ဒီလို အဖြစ်မျိုးတွေကနေ ရှောင်ရှားနိုင်ကြဖို့ အတွက် အားလုံးသိအောင် သူပြောပြချင်တဲ့ အကြောင်းပြောပါတယ်။


ဘီဘီစီနဲ့ တွေ့ဆုံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးစလုံးက မြန်မာပြည် အလယ်ပိုင်းက ကျေးရွာတွေက အိမ်ခြေတွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒါဟာ တော်လှန်ရေးကို အထောက်အပံ့ မပေးနိုင်အောင် လုပ်တဲ့ ဗျူဟာတခု ဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ စစ်မျက်နှာပေါင်းစုံမှာ ရင်ဆိုင်ဖို့ မနိုင်မနင်း ဖြစ်လာနေပြီလို့ ပြောဆိုသံတွေ ကြားလာနေချိန်မှာပဲ အခုလို ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာ အတည်ပြု မှတ်တမ်းတင်နေတဲ့ Myanmar Witness အဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ဒီလိုမျိုး ရွာတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်ပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီလို မီးရှို့မှုတွေကလည်း ခပ်မြန်မြန်ကို တိုးလာနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေ အတွင်းမှာ မီးရှို့မှုပေါင်း ၄၀ ထက်မနည်း ရှိခဲ့ရာက မတ်လ နဲ့ ဧပြီလတွေ အတွင်းမှာ အနည်းဆုံး ၆၆ မှုအထိ တက်လာခဲ့တယ်လို့ ပြောပါတယ်။

တကယ်တော့ မြန်မာ စစ်တပ် ဒီလို မြေလှန်ပစ်တဲ့ မူကို သုံးနေတာ အခုမှ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာ အရေးမှာလည်း ဒီလိုပဲ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။

တောင်ပေါ် ဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဆိုလည်း ဒီလို အဖြစ်တွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ပါဘူး။ အခုဆို အဲဒီ တိုင်းရင်းသားတွေထဲက လက်နက်ကိုင် အဖွဲ့တချို့ကပါ စစ်အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ PDF တပ်ဖွဲ့တွေကို လေ့ကျင့်ပေးပြီး တော်လှန်ရေးမှာ ပါဝင် ကူညီပေးနေကြပါတယ်။

အခု စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပြောပြကြသလို မြန်မာစစ်သားတွေ အနေနဲ့ ပြည်သူ လူထု အပေါ်မှာ ထင်သလို လုယက်၊ သတ်ဖြတ်တာမျိုးတွေကို ခွင့်ပြုပေးထားတာဟာ ဆယ်စုနှစ်ပေါင်း တော်တော်ကြာနေပြီ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ပြောပါတယ်။

အဲဒီလို စစ်တပ်က ကျူးလွန်တဲ့ ဖိနှိပ်ရက်စက်မှုတွေအတွက် အရေးယူခံရတာဟာလည်း အင်မတန်မှ ရှားပါးပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ သူ့တပ်ဖွဲ့ဝင်တွေထဲက ထွက်ပြေးကြသူတွေနဲ့ PDF တွေ လက်ချက်နဲ့ သေဆုံးသူတွေ နေရာမှာ အစားထိုးဖို့ အတွက် အငှားစစ်သားတွေ၊ အရပ်လက်နက်ကိုင်တွေနဲ့ အင်အားပြန်ဖြည့်တာတွေ ပိုလုပ်လာနေရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းပြီးချိန် နောက်ပိုင်းကစပြီး စစ်တပ်နဲ့ ရဲ ကနေ ထွက်သွားကြတဲ့ အာဏာဖီဆန်ရေး လုပ်ကြသူ တပ်ဖွဲ့ဝင် ၁၀၀၀၀ လောက် ရှိပြီလို့လည်း စီဒီအမ် စစ်တပ်နဲ့ ရဲ တွေ ပါဝင်ဖွဲ့စည်းထားကြတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်တွင်းစစ်ရဲ့ စစ်မျက်နှာစုံမှာ ရင်ဆိုင်နိုင်ဖို့ မနိုင်မနင်း ဖြစ်နေပြီလို့ Centre for Strategic and International Studies နိုင်ငံတကာရေးရာနဲ့ မဟာဗျူဟာ လေ့လာရေး စင်တာ က မိုက်ကယ် မာတင်က ပြောပါတယ်။

အရာရှိတွေအကြားမှာရော အောက်ခြေက တပ်ဖွဲ့ဝင်တွေကြားမှာရော ပြဿနာတွေ ရှိနေတယ်၊ အကျအဆုံးတွေကလည်း များနေတယ်၊ စစ်သားသစ် စုဆောင်းရေးမှာလည်း ပြဿနာတွေ ကြုံနေသလို စစ်လက်နက် ပစ္စည်းတွေ ရဖို့မှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံအနှံ့မှာ နယ်မြေစိုးမိုးမှုတွေ ဆုံးရှုံးလာနေတွေကို ကြည့်ရင် သိနိုင်ပါတယ်လို့ မိုက်ကယ် မာတင်က ပြောပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့လို ဒေသတွေဟာ အစဉ်အလာအားဖြင့် မြန်မာစစ်တပ်အတွက် တပ်သားသစ် စုဆောင်းရာ နေရာတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူငယ်တွေဟာ စစ်တပ်ထဲ မဝင်ကြတော့ဘဲ PDF အဖွဲ့တွေထဲသာ ဝင်ကြပါတယ်။

တပ်ကြပ်ကိုအောင်ကတော့ စစ်တပ်က ရေရှည်မှာ နိုင်ဖို့ များတယ်လို့ ထင်ရင် ပြည်သူတွေဘက်ကို ဘယ်ပြောင်းမလဲဆိုပြီး သူ့ဘက်ပြောင်းလာရတဲ့အချက်ကို ပြောပြပါတယ်။

အခုဆို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ PDF တွေ အသတ်ခံရမှာ ကြောက်ပြီး စခန်းအပြင်တောင် တယောက်တည်း မထွက်ရဲကြတော့ဘူးလို့ ပြောပါတယ်။


အပြင်ထွက်ပြီဆိုရင် စစ်ကြောင်းပုံစံနဲ့ပဲ ထွက်နိုင်တော့ဘယ်။ စစ်တပ်က စိုးမိုးနေပါတယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ လို့ တပ်ကြပ်ကိုအောင်က ပြောပါတယ်။

ဒီသတင်းထဲမှာ ဖော်ပြထားတဲ့ ဘီဘီစီက စုံစမ်းသိရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကာင်စီရဲ့ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးခဲ့ပါတယ်။ သူ့ရဲ့ ပြန်ကြားချက်ထဲမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။ နောက်ပြီး ဒီစီးနင်း တိုက်ခိုက်မှုတွေဟာလည်း တရားဝင် ပစ်မှတ်ထားတဲ့ နေရာတွေ ဖြစ်ပြီး အသတ်ခံခဲ့ရသူတွေဟာလည်း အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

စစ်တပ်က ကျေးရွာတွေကို မီးရှို့တယ်ဆိုတာကိုလည်း ငြင်းဆိုထားသလို ဒီလို မီးရှို့မှုတွေကို PDF တွေက လုပ်နေတာသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာပြည်တွင်းစစ် ဘယ်တော့မှ အဆုံးသတ်နိုင်မယ်ဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီ စစ်ရဲ့ ဒဏ်ကြောင့် သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေမှာ စိတ်ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။

ငြိမ်းချမ်းရေးရဖို့ အချိန်ပိုကြာလေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံခဲ့ရတဲ့ မခင်ထွေးတို့လို ကူကယ်ရာမဲ့ အမျိုးသမီးတွေ ပိုများလာနိုင်ပါတယ်။

မခင်ထွေးက ဒီအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ သူဘယ်လိုမှ ဆက်လက်ရှင်သန်ချင်စိတ် မရှိတော့ကြောင်း၊ သူ့ကိုယ်သူ အဆုံးစီရင်ပစ်ဖို့ အထိ စဉ်းစားမိခဲ့ကြောင်းပါ ပြောပါတယ်။

ဒီအဖြစ်ဆိုးကြီးကို သူနဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းကိုလည်း မပြောပြဝံ့ဘူးလို့ ဆိုပါတယ်။

ဂရပ်ဖစ်- အက်ဂနီယာ အဒ်ဇကီယာ၊ အာဗင် ဆူပရီယာဒီနဲ့ ဒေဝီဆူယာ


Original post by BBC Burmese.