ရုရှားထံက လက်နက်နဲ့ကျောထောက်နောက်ခံပြုမှု စစ်ကောင်စီဝယ်ယူ

July 17th, 2022  •  Author:   Radio Free Asia  •  1 minute read
Featured image

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေကတော့ ရုရှားဆီက လက်နက်နဲ့ကျောထောက်နောက်ခံပြုမှုတွေ ဝယ်ယူနေပြီလို့ Aljazeera သတင်းက ဖော်ပြပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေ ရုရှားနဲ့ဆက်ဆံရေးထူထောင်ထားပေမယ့် ကမ္ဘာ့နိုင်ငံအများစုကတော့ သူတို့နဲ့ဆက်ဆံရေး ကြဲပါးလှပါတယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မြန်မာနဲ့ရုရှားဟာ အထီးကျန်နိုင်ငံတွေ ပိုဖြစ်လာနေတာပါ။

မကြာခင်ရက်ပိုင်းကတော့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ မော်စကိုကို ရောက်ရှိလာခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံကြား နျူကလီယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်တပ်ချင်းဆက်ဆံရေး မြဲမြံခိုင်မာဖို့လည်း မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ ကတိပြုခဲ့ကြကြောင်း မြန်မာစစ်ကောင်စီသတင်းစာက ဖော်ပြပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့၊ ရုရှားကတောင် ရှောင်လွှဲခဲ့တာပါ။ ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကို ဆက်လက်ခန့်အပ်ထားပါတယ်။ မြန်မာစစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းခဲ့ချိန်ကစလို့ ရုရှားကို အကြိမ်ကြိမ် သွားရောက်ခဲ့ပေမယ့် သမ္မတ ပူတင်နဲ့ တွေ့ခွင့်မရသေးပါဘူး။

အနောက်နိုင်ငံအတော်များများက မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးအကျိုး အမြတ်တွေကို ပိတ်ဆို့အရေးယူထားတာဖြစ်ပေမယ့် ရုရှားနဲ့တရုတ်က မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတာပါ။ စစ်တပ်ဟာ အဲဒီလက်နက်တွေနဲ့ ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်နေရာမှာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်း ပြည်သူနှစ်ထောင်ကျော် အသတ်ခံခဲ့ရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Progressive Voice လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း – ပူတင်အစိုးရဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို အားပေးကူညီနေကြောင်း၊ နေ့စဉ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကနေ အပြစ်ကင်းလွတ်နေကြောင်း ပြောဆိုပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်အနေနဲ့ ပြည်သူတွေ အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံမှုနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလိုအခြေ အနေဟာ တိုက်လေယာဉ်တွေမရှိဘဲ စစ်ကောင်စီတပ်တွေကို ဖက်ပြိုင်ခုခံနိုင်ခဲ့တာဖြစ်လို့ အံ့အားသင့်စရာဖြစ်ကြောင်းလည်း လေ့လာသူတွေက ဆိုပါတယ်။

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ Anthony Davis ကလည်း စစ်တပ်ရဲ့ လက်ရှိ တန်ပြန်ချေမှုန်း‌ရေးဟာ ရုရှားနဲ့ ဆိုဗီယက်ခေတ်လေကြောင်းတိုက်ခိုက်မှု၊ ထောက်ပံ့ရေးလမ်းကြောင်းတွေ၊ ရွှေ့ပြောင်းသယ်ယူရေးနဲ့တပ်ဖွဲ့တွေ အရွှေ့အပြောင်းအပေါ် မူတည်နေကြောင်း၊ စိတ်ချရတဲ့ အပိုပစ္စည်း ထောက်ပံ့ရေးနဲ့လေ့ကျင့်ရေးတွေ မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး၊ တိုက်ပွဲတွေကြောင့် ပြည်သူ ခုနစ်သိန်းဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီလအစောပိုင်းကလည်း မှာယူထားတဲ့ ရုရှားလုပ် Su-30 ဂျက် တိုက်လေယာဉ် ၆ စီးထဲက နှစ်စီး မတ်လအတွင်း လျှို့ဝှက်ရောက်ရှိလာခဲ့ကြောင်း Aljazeera သတင်းက ဆိုပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ လတ်တလော သတင်းတစ်ရပ်အရ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ဒီနှစ်ဇန်နဝါရီလနဲ့ မတ်လအတွင်း ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ရှိခဲ့ပြီး၊ စစ်တပ်က ရုရှား MIG 29 နဲ့ Yak – 130 ၊ တရုတ်လုပ် F-7s နဲ့ K-8s တိုက်လေယာဉ်တွေ သုံးစွဲခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီအတွင်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့ရုရှားခရီးစဉ်အတွင်း၊ နျူကလီယား အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ပွဲဆူသွားခဲ့ပါသေးတယ်။ အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး စွမ်းအင်ပညာရှင်တစ်ဦးဖြစ်တဲ့ လန်ဂရေ က – မြန်မာနိုင်ငံမှာ နျူကလီယား ပညာရှင် တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း ပြောဆိုလိုက်ပါတယ်။


Original post.