ဦးဖြိုးဇေယျာသော် ဇနီး – “ကျွန်မ သူနဲ့ ပြန်တွေ့ရမှာ။ အဲဒါကို ကျွန်မ ယုံကြည်တယ်။ ပြန်တွေ့ကိုတွေ့ရမယ်”

June 24th, 2022  •  Author:   Ko Phyo Zayar Thaw and Ma Thazin Nyunt Aung (Yangon Region)  •  1 minute read
Featured image

ဦးဖြိုးဇေယျာသော်ကို စစ်တပ်က ၀င်ရောက်စီးနင်းဖမ်းဆီးချိန်မတိုင်ခင်မိနစ်ပိုင်းအထိ ခင်ပွန်းသည်နဲ့ အတူရှိခဲ့ပြီး စစ်တပ်၀င်စီးနင်းချိန်မှာတော့ မသဇင်ညွန့်အောင် လွတ်မြောက်ခဲ့ပါတယ်။ – THAZIN NYUNT AUNG FACEBOOK   

By BBC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ်ဟောင်း နိုင်ငံရေးသမား ဦးဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအ၀င် လေးဦးကို ချမှတ်ထားတဲ့ သေဒဏ်ကို အမှန်တကယ်စီရင်မယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြောလာခဲ့ပါတယ်။ ဒီသေဒဏ်စီရင်မိန့်ကို မပြုလုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ကောင်စီကို ဖိအားပေးတိုက်တွန်းမှုတွေရှိနေပေမဲ့ စစ်တပ်ကတော့ ဒီသေဒဏ်ကို အမှန် တကယ်စီရင်မယ်လို့ မကြာမကြာအတည်ပြုထုတ်ပြန်နေပါတယ်။

ဒါကြောင့် ဒီသေဒဏ်စီရင်မိန့်နဲ့ပတ်သက်လို့ မိသားစုရဲ့တုံ့ပြန်မှု၊ တစ်ခါ ဥပဒေကြောင်းအရ သက်ဆိုင်သူတွေဘက်က လိုက်ပါဆောင်ရွက်ခွင့်ရှိမရှိတို့ကို အဖမ်းဆီးမခံရခင် မိနစ်ပိုင်းအချိန်အထိ ဦးဖြိုးဇေယျာသော်နဲ့ အတူရှိခဲ့တဲ့ သူ့ရဲ့ဇနီး မသဇင်ညွန့်အောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဖြိုးဇေယျာသော်ကို သေဒဏ်စီရင်တော့မယ်ဆိုတဲ့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို စသိသိချင်းမှာ ဒါကို စိတ်ထဲမှာ ဘယ်လိုတုံ့ပြန်မိပါသလဲ။

သူတို့အဲဒီလိုကြေညာလိုက်တဲ့သတင်းကို စပြီးသိလိုက်ရတဲ့အချိန်မှာ အရင်းနှီးဆုံးလူတစ်ယောက်အနေနဲ့ တော်တော်လေးတုန်လှုပ်မိတယ်။ ဒေါသထွက်တယ်။ ဒေါသထွက်တယ်ဆိုတာ ငါတို့ကို ဒီလောက်ထိ ဖိနှိပ်ချုပ်ချယ် နှိပ်စက်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေ နှစ်ပေါင်းများစွာလုပ်ခဲ့ပြီးပြီ၊ အခု ဒီနွေဦးတော်လှန်ရေးက အဆိုးဆုံးပဲ။ ကျွန်မတို့ရှေ့ဆက်ပြီးတော့ အနုပညာသမားတစ်ယောက်အနေနဲ့ အိပ်မက်တွေရှိတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ဆိုလည်း ရည်မှန်းချက်တွေအိပ်မက်တွေ လူတိုင်းလူတိုင်းမှာ အများကြီးရှိကြတယ်။ အဲဒါတွေ အကုန်လုံးကို ရိုက်ချိုးဖျက်ဆီးပြီးတော့ မတရားအာဏာသိမ်းလိုက်တဲ့အပြင် ဆန္ဒထုတ်ဖော်တဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ ထောင်ချတယ်။ တဖြည်းဖြည်းတစ်နေ့ထက်တစ်နေ့ ဆိုးလာတယ်။ အခု ဒီလိုကြေညာချက်တွေ ဆက်ထုတ်ပြီးတော့ ကျွန်မတို့ ပြည်သူလူထုကို ‘နင်တို့စိတ်ဆင်းရဲသထက် စိတ်ဆင်းရဲအောင် နင်တို့ကို နှိပ်စက်ညှင်းပန်းမယ်’ ဆိုတဲ့ပုံစံမျိုး အနိုင်ကျင့်ခံရတယ်လို့ ထင်တယ်။ အဆိုးဆုံးအဆင့်ကိုရောက်လာတယ်လို့ ခံစားရလို့ တော်တော် ဒေါသထွက်တယ်။ တုန်လှုပ်တယ်ဆိုတာ ကြောက်ပြီးတုန်လှုပ်တာမဟုတ်ဘူး။ ကျွန်မတို့ကို အဆိုးဆုံးအခြေအနေဆီ တွန်းပို့နေပြီလို့ ခံစားရတယ်။ ပြီးတော့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက အများကြီးပဲလေ။

စစ်တပ်ဘက်ကတော့ ဒီသေဒဏ်နဲ့ပတ်သက်လို့ အယူခံအဆင့်ဆင့်တင်ပြီးတာကို ပယ်ချခဲ့တာလို့ဆိုတယ်။ မိသားစုဘက်ကရော ဒီစီရင်မိန့်နဲ့ပတ်သက်လို့ ဥပဒေကြောင်းအရကြိုးစားခွင့်ရခဲ့ပါသလား။ ရှေ့နေရှေ့ရပ်တွေနဲ့ လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ပါသလား။

နို၀င်ဘာ ၁၈ ရက်နေ့တည်းက သူတို့ ဖမ်းသွားတာအခုဆို ၇ လပြည့်ပါပြီ။ တစ်လတစ်ခါပြည့်တိုင်း ကျွန်မ ပို့စ်တင်တယ်။ လူတွေသွေးအေးမသွားဖို့။ သူတို့အခုကြေညာတဲ့ကြေညာချက်တွေ ဘာတစ်ခုမှ မဟုတ်မမှန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၁ နို၀င်ဘာ ၁၈ ကနေ ဒီနေ့အထိ အဆက်သွယ်မရဘူး။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရဘူး။ သူ့မိသားစုနဲ့လည်း အဆက်အသွယ်မရဘူးလို့ ကျွန်မကြားသိရသလို ကျွန်မကိုယ်တိုင်လည်း သူ့မိသားစုနဲ့ အဆက်အသွယ် မရပါဘူး။ ကျွန်မတို့အားလုံး ဘာမှမသိရ၊ မမြင်ရပါဘူး။

တကယ့်ကိုတစ်ဖက်သတ်ကြီးအမိန့်ချ တစ်ဖက်သတ်ကြီးပြောဆိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ – မသဇင်ညွန့်အောင် – TZNA FACEBOOK   

ကျွန်မ နီးစပ်ရာ အသိုင်းအ၀ိုင်းနဲ့ ရှေ့နေအသိုင်းအ၀ိုင်း၊ မတရား အကျဥ်းကျခံနေရ တဲ့အသိုင်းအ၀ိုင်းဘက်တွေ ကိုစုံစမ်းတယ်။ ကျွန်မ လိုက်ပြီးဆက်သွယ်တယ်။ ဒါပေမဲ့ လုံး၀ကို တွေ့ခွင့်မပေးတဲ့အပြင် အခုချိန်အထိ စစ်ကြောရေးမှာလား ၊ အင်းစိန်မှာလား ဘယ်မှာမှန်းတောင် ကျွန်မတို့ မသိရဘူး။ သူတို့ပြောတဲ့ အယူခံ၀င်တယ်၊ တွေ့ခွင့်ပေးတယ်ဆိုတာ အကုန်လုံး ဘာမှမဟုတ် မမှန်ပါဘူး။ တကယ့်ကိုတစ်ဖက်သတ်ကြီးအမိန့်ချ တစ်ဖက်သတ်ကြီးပြောဆိုနေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ တွေ့ခွင့်ရတယ် ဆက်သွယ်ခွင့်ရတယ်ဆိုရင်တစ်မျိုးလေ။ ခုဟာက ဘာမှကိုမသိရတာ။ စပြီးခေါ်သွားတုန်းက ကျန်းကျန်းမာမာသန်သန်စွမ်းစွမ်းပဲ။ သူတို့ထုတ်ပြတဲ့ဓာတ်ပုံမှာ နှစ်ယောက်စလုံးက ပိန်နေတယ်။ ကျွန်မတို့ အားလုံးနဲ့အတူတူ တွေ့ခွင့်ရတာ သိခွင့်ရတာ ဒါပဲ။ ကျန်တာဘာမှမရှိဘူး။ ကျွန်မကိုလည်း ဖမ်းဆီးချင်တဲ့အတွက် ရှောင်လာရတဲ့အခြေအနေမှာ လုံး၀အဆက်အသွယ်မရဘူး။ ကျွန်မ အကူအညီတောင်းခံထားတဲ့ ရှေ့နေတွေတော့ ရှိတယ်။ သူတို့လည်း နည်းသူတို့ဟန်နဲ့ စုံစမ်းတယ်။ ဒါပေမဲ့ သူတို့လည်း တိတိကျကျရေရေရာရာ ဘာမှမသိရဘူး။

ဒီသေဒဏ်ကို တကယ်စီရင်မယ်ဆိုတာကို စစ်တပ်ဘက်က ထပ်ပြီး ထုတ်ပြောလာတာ တွေရှိနေတဲ့အပေါ်မှာရော စိုးရိမ်စိတ်ဖြစ်လား။

ကိုဇေယျာသော်တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးယောက်လုံးကို စီရင်မယ်ဆိုတာဟာ စစ်တပ်က မလုပ်သင့်တဲ့ဟာ၊ လုပ်လို့မရတဲ့ဟာကို လုပ်မယ်ဆိုတော့ တကယ်လို့ လုပ်ခဲ့ရင် နှစ်ဖက်လုံးအတွက် အဆိုးဆုံးအခြေအနေဖြစ်သွားလိမ့်မယ်။ ဆုံးရှုံးမှုအရမ်းများမယ်။ သူတို့လေးယောက်ကတော့ တုန်လှုပ်မှာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။

တကယ်လို့များ နောက်ဆုံးအချိန်အထိ ခင်ပွန်းသည်နဲ့ တွေ့ဖို့အခွင့်အရေးမရှိနိုင်တော့ရင် ဘယ်လိုပြင်ဆင်ထားလဲ။

သူ့ရဲ့အမျိုးသမီး၊ သူ့ရဲ့ချစ်သူတစ်ယောက်အနေနဲ့ တွေးလိုက်ရင် ကျွန်မသူနဲ့ ပြန်တွေ့ရမှာ။ အဲဒါ ကျွန်မ ယုံကြည်တယ်။ ပြန်တွေ့ကိုတွေ့ရမယ်။ ဘာဖြစ်လို့လဲဆို ကျွန်မတို့ရဲ့ မှန်ကန်တဲ့ဘက်က ရပ်တည်တဲ့ရပ်တည်ချက်တွေ၊ အားလုံးရဲ့ချစ်ခြင်းမေတ္တာတရားတွေ၊ သူ့ကိုချစ်တဲ့၊ သူတို့ကိုချစ်တဲ့လူတွေ အမှန်တရားဘက်ကနေပြီးတော့ ထောက်ခံနေတဲ့လူတွေ၊ အားလုံးတစ်ကမ္ဘာလုံးရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူတို့ရရှိနေတယ်။ သူတို့ရပ်တည်ချက် မှန်ကန်ခဲ့တယ်။ သူတို့လျှောက်ခဲ့တဲ့လမ်းဟာ မှန်ကန်တယ်။ သူတို့ရဲ့ယုံကြည်ချက်ကို ကျန်တဲ့သူတွေကလည်း ယုံကြည်တယ်။ အဲဒီအတွက် သူတို့ကိုပြန်တွေ့ရမယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမဲ့ မလုပ်ရဲတာမရှိဘူး ဆိုတဲ့ စစ်တပ်ရဲ့ ပုံစံအတိုင်းဆို လုပ်လို့မရတာကိုလုပ်လိုက်ရင် ဒါ (စစ်တပ်က) သူတို့ကံကြမ္မာကို သူတို့ ဖန်တီးတာပဲ။

ဦးဖြိုးဇေယျာသော်ဟာ ဟစ်ဟော့ပ်ဂီတလောကရဲ့ ပထမမျိုးဆက်အစဖြစ်တဲ့ Acid အဖွဲ့မှာ နိုက်ထရစ်အက်ဆစ် လို့လည်း လူသိများပါတယ်။ – TZNA FACEBOOK   

ကိုဇေယျာသော်နဲ့သာတွေ့ခွင့်ရမယ်ဆိုရင် သူ့ကိုဘာပြောချင်ပါသလဲ။

ကျွန်မတို့နှစ်ယောက်ကို ခွဲထားကြတယ်။ သူ့ကိုချစ်တဲ့သူတွေနဲ့ သူ့ကို ခွဲထားကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ခွဲနေရပေမဲ့၊ သူ့ကိုမမြင်ရပေမဲ့ သူဟာ ကျန်းမာကြံ့ခိုင်နေမယ်လို့ယုံကြည်တယ်။ အခုလို သူမတရားဖမ်းဆီးခံနေရတဲ့အချိန်မှာ သူ့ဆန္ဒကို ဘာမှထုတ်ဖော်လို့မရပေမဲ့ ကျန်ရှိနေတဲ့ လူတွေဟာ ဒီတော်လှန်ရေးအတွက်၊ အောင်ပွဲအတွက် ဆက်လုပ်နေတဲ့သူတွေက ဆက်ပြီးတော့ စွမ်းစွမ်းတမံ တော်လှန်နေမယ်ဆိုတာ သူ့ကို ပြောချင်တယ်။ ယုံကြည် ထားစေချင်တယ်။ သူလည်း ကြံ့ခိုင်ရမယ်။ ကျွန်မတို့လည်း ကြံ့ခိုင်အောင်နေတယ်။ လုံး၀နောက်မဆုတ်ဘူး။ အဆုံးထိတိုက်ပွဲ၀င်သွားမယ်ဆိုတာ ပြောချင်တယ်။

အများသိကြတဲ့ လွှတ်တော်အမတ်ဟောင်း၊ နိုင်ငံရေးသမား၊ ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ ကိုဇေယျာသော်ကို လက်တွဲဖော်တစ်ယောက်အနေနဲ့ မသဇင် ဘယ်လို ပုံဖော်ချင်ပါသလဲ။

ကျွန်မတို့ဆို သူ့ကို အက်ဆစ်စထွက်လာတည်းက ကိုဇေယျာသော်၊ Nitric Acid လို့ သိခဲ့ကြတယ်။ ကျွန်မတို့ လေးစားရတဲ့ ချစ်ခင်ရတဲ့သူပါ။ ကျွန်မရဲ့ချစ်သူတစ်ယောက်အနေနဲ့ ပုံဖော်ရရင် သူဟာ ကောင်းမွန်တဲ့ လူတစ်ယောက်ပါ။ စည်းကမ်းရှိတယ်။ အလုပ်တစ်ခုကို တကယ် စိုက်စိုက်မတ်မတ်လုပ်တယ်။ လူမှုအသိုင်းအ၀ိုင်းမှာ အားလုံးနဲ့ အဆင်ပြေအောင်နေတဲ့သူ။ ယဥ်ကျေးတဲ့သူပါ။ သူက ရက်ပ်ပါတစ်ယောက်၊ အမ်စီ တစ်ယောက်အနေနဲ့ အနုပညာပဲဆက်လုပ်နေဦး၊ သူ့လမ်းကြောင်းနဲ့သူ ရှိနေတုန်းပါ။ ဒါကြောင့် သူ့ကိုကျွန်မ အမြဲမေးတယ်။ ဘာကြောင့် နိုင်ငံရေးသမား တစ်ယောက် ဖြစ်လာတာလဲလို့ဆိုတော့ ရှင်းရှင်းပြောရရင် ကျွန်မတို့တိုင်းပြည်ကြီးက စုတ်ပြတ်သတ်နေတယ်။ မတရားအနိုင်ကျင့်ခံနေရတယ်။ ဒါကို သူ မလိုလားဘူး။ လူတိုင်းသည်စား၀တ်နေရေး ခက်ခဲတယ်။ ဒီလိုခက်ခဲအောင်လည်း ပြုလုပ်ခံထားရတယ်။ သူက နိုင်ငံရေးကို သူနိုင်တဲ့ဘက်က ၀င်ထမ်းချင်တာကြောင့် နိုင်ငံ့အရေးကို သူ၀င်လုပ်တယ်။ ၂၀၀၇ တုန်းကလည်း သူထောင်ကျခဲ့တယ်။ အခုဆို ထပ်ပြီးတော့ ဖမ်းဆီးခံရတယ်။ သူ့ရဲ့အတွေးမှာ ‘ငါတို့လုပ်မှဖြစ်မယ်’ ဆိုတဲ့အတွေးမျိုး ရှိတယ်။ သူလုပ်ချင်တာ နှစ်ခုပဲရှိတယ်။ စစ်အစိုးရရဲ့ မတရားအနိုင်ကျင့်မှုတွေကို တိုက်ပွဲ၀င်တာနဲ့ အနုပညာ။ ဒါပဲရှိတယ်။

တကယ်လို့ နိုင်ငံရေးသမားတစ်ယောက်သာ ဟုတ်မနေခဲ့ရင် ကိုဇေယျာသော်ခုချိန် ဘာလုပ်နေမယ်ထင်ပါသလဲ။

သူ လွှတ်တော်ကိုယ်စားလှယ်ဘ၀က နားမယ်လို့ပြောတဲ့အချိန်မှာ သူဘာတွေလုပ်မလဲလို့ ကျွန်မမေးကြည့်တော့ သူ အနုပညာအလုပ်ပြန်လုပ်ချင်တယ်၊ ရှိုးပွဲတွေ ပြန်လုပ်ချင်တယ်လို့ပြောတယ်။ ပြောရရင် ကျွန်မတို့ရဲ့ အနုပညာလောကကြီးကလည်း ပျက်စီးနေတယ်။ ကျွန်မတို့ ကိုယ်တိုင်ရေးဆို ထားတဲ့သီချင်းတွေအတွက်လည်း ဘာမှခံစားခွင့်မရှိဘူး။ ခေတ်ပျက်နေတဲ့အနေအထားကို သူကိုယ်တိုင်လည်း စိတ်ကုန်တယ်။ သူဆိုချင်တဲ့ သီချင်းအကြောင်းအရာတွေရှိတယ်။ အဲဒီထဲမှာမှ သူဖန်တီးချင်တဲ့ပုံစံက စစ်ဖြစ်နေတဲ့အကြောင်း ၊ တိုင်းရင်းသားတွေ စစ်ဘေးရှောင်နေရတယ်၊ ဒုက္ခရောက်နေရတယ်။

ဒီစစ်ကို ဖန်တီးနေတာ ဘယ်သူလဲဆိုတာ သူကောင်းကောင်း သိတယ်။ ဒီလို စစ်ဖြစ်နေတဲ့အကြောင်းတွေ၊ မတရားဖြစ်ပျက်နေတဲ့အရာတွေကို သူရေးချင်တယ်။ သူရေးခဲ့တဲ့သီချင်းတွေနဲ့ သွင်းခဲ့တဲ့စာသားတွေ ကျွန်မဆီမှာ ကျန်ခဲ့ပါတယ်။ လူငယ်တွေ နိုင်ငံရေးမှာ စိတ်၀င်စားတာကိုလည်း သူသဘောကျတယ်။ အစိုးရကို၀ေဖန်တာမျိုးလည်း သူကြိုက်တယ်။ သူ့ရဲ့တစ်ကိုယ်တော်လည်း လုပ်မယ်။ အက်ဆစ်အဖွဲ့အနေနဲ့လည်းလုပ်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိတယ်။ နိုင်ငံရေးကိုလည်း လိုအပ်ရင် သူ၀င်ကူမယ်။ ဒါအနားယူပြီးတဲ့နောက်မှာ သူလုပ်မယ့်ဆုံးဖြတ်ချက်တွေပါ။ နောက်ပြီးတော့ ကျွန်မတို့နှစ်ယောက်အတွက် ရှေ့ဆက်သွားမယ့်ပလန်တွေ ဆွဲထားတာရှိတယ်။ ခုကတော့အားလုံးက ခဏတာ ရပ်နားထားတယ်လို့ပဲ ယူဆပါတယ်။ ပျောက်ဆုံးသွားတာမဟုတ်ပါဘူး။

လွှတ်တော်အမတ်ဘ၀ကအနားယူပြီး သီချင်းတွေပြန်လုပ်ဖို့ သူစီစဥ်ထားတယ်-မသဇင်ညွန့်အောင် – TZNA FACEBOOK  

ခင်ပွန်းတစ်ယောက်အနေနဲ့ဆိုရင် ကိုဖြိုးဇေယျာသော်က မသဇင်အတွက် ဘယ်လိုခင်ပွန်းမျိုးလဲ။

သူက ကျွန်မအတွက်တော့ ကောင်းမွန်တဲ့သူတစ်ယောက်ပါ။ သူဟာ ကျွန်မတို့ လေးစားချစ်ခင်ရတဲ့လူတစ်ယောက်ပေမဲ့ သူ့မှာလည်း ချို့ယွင်းချက်လေးတွေတော့ရှိပါတယ်။ ဒါကလည်း သူ့ကိုချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း သူ့မိဘတွေ အားလုံးသိကြပါတယ်။ ဒါမဲ့ သူက ချစ်ဖို့ကောင်းတယ်။ ရိုးသားတယ်။ သူ့မှာ ဘာမှဟန်ဆောင်မှုမရှိဘူး။ ပကာသနမရှိဘူး။ ဘယ်သူ့ကိုမဆို လေးလေးစားစားဆက်ဆံတယ်။ ယဥ်ယဥ်ကျေးကျေး ဆက်ဆံတယ်။ ဒါဟာ ပြောရရင် အပိုလုပ်နေတာမဟုတ်ဘူး။ ကျွန်မဆိုရင်တောင် ကျွန်မတို့က underground rapper တွေ၊ ကျွန်မပုံစနဲ့တောင် သူက မတူပါဘူး။ ကျွန်မက ဟောဟောဒိုင်းဒိုင်း။ သူက ယဥ်ယဥ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပေါ့။ ဒါပေမဲ့ ကျွန်မတို့ ဖြစ်ချင်တာ လုပ်ချင်တာတွေကိုအမြဲတမ်း ညှိနှိုင်းတယ်။ သူနဲ့ကျွန်မမှာ ညှိလို့မရဘူးဆိုတာမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတယ်။ ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက် နှစ်ယောက်လုံးလည်း အသက်အရွယ်တစ်ခုကို ရောက်ခဲ့ပြီ။ ကျွန်မတို့နှစ်ယောက် တွေ့ဆုံရချိန်မှာ နှစ်ယောက်လုံးမှာ ခက်ခဲခဲ့တာတွေရှိတယ်။ ဒါပေမဲ့ သူဟာ ကျွန်မအပေါ်မှာ နားလည်မှုအရှိဆုံး၊ အကောင်းဆုံးသူတစ်ယောက်လို့ ပြောချင်ပါတယ်။

ကိုဇေယျာသော်အနေနဲ့ ခုလို သူ့ကို သေဒဏ်စီရင်မယ့်အမိန့်အပေါ် ဘယ်လိုတုံ့ပြန်မယ်လို့ထင်ပါသလဲ။ ပြီးတော့ သူ့ကိုစွပ်စွဲထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် သူတင်မကဘူး။ ကိုဂျင်မီရောပဲ။ သူတို့က လူကို ရိုက်ခိုင်းရင်းတောင် ရိုက်ရက်မယ့်လူတွေ မဟုတ်ဘူး။ သူတို့ဟာ ကျွန်မတို့ရဲ့ လူငယ့်ခေါင်းဆောင်တွေပါ။ သူတို့ရဲ့ သမိုင်းကြောင်းကလည်းလှတယ်။ သူတို့ဖြတ်သန်းခဲ့တာ ၊ ပါ၀င်ခဲ့တာ၊ သူတို့ငြိမ်ခံမနေခဲ့တာပေ့ါနော်။ ဆိုတော့ ပြောရရင် သူဘယ်လိုပြန်ပြီးတုံ့ပြန်မလဲဆို သူ ဘာမှပြောနေမှာမဟုတ်ဘူး။ ကျွန်မယုံတယ်။ သူ့ကို စွပ်စွဲသမျှတွေ၊ သူ့ကိုပြောသမျှတွေကို ဘာမှ သူ တုံ့ပြန်နေမှာ မဟုတ်ဘူး။ သူ အေအေးဆေးဆေးလေးပဲ ကြည့်နေမယ်။ သူ့ရဲ့တုံ့ပြန်ပုံက အေးဆေးတည်ငြိမ်နေလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့မျက်လုံးတွေနဲ့ သူ့ရဲ့မျက်နှာကတော့ စကားပြောနေပါလိမ့်မယ်။ သူ့ကို သေနတ်တွေနဲ့ ဖမ်းထားတယ်ဆိုတည်းက ကြောက်လို့ဖမ်းထားတာလေ။ သူကတော့ ကြောက်နေမယ့်သူ မဟုတ်တဲ့အတွက် သူ့ကိုဖမ်းထားသူတွေကပဲ သူ့ကိုကြည့်ပြီး ပြန်ကြောက်နေလိမ့်မယ်။ သူလျှောက်ခဲ့တဲ့လမ်းကို သူဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဒါကျွန်မတို့နှစ်ယောက်လုံး စိတ်တူကိုယ်တူပဲ။ တစ်ချိန်မှာဒီလိုဖြစ်လာနိုင်မယ်လို့ကြိုတွေးထားတယ်။ အင်အားသုံးပြီး ဖမ်းဆီးခံရတဲ့အချိန် ကြက်ကလေးငှက်ကလေးလိုပဲ ပါသွားရတယ်။ ခုချိန်ထိ အဆက်အသွယ်မရဘူး။ တွေ့ခွင့်မရဘူး။ သူ့ရင်ထဲမှာလည်း ကျွန်မနဲ့အတူ အားလုံးကို လွမ်းနေမှာပဲ လို့ ယုံကြည်ပါတယ်။

ဒီမတရားမှုကို ကျွန်မ ဆက်ပြီးတော့ အသံထုတ်နေမှာပဲ။ ဆန္ဒထုတ်ဖော်နေမှာပဲ-မသဇင်ညွန့်အောင် – TZNA FACEBOOK  

အခုရော မသဇင်လုံခြုံရဲ့လား။

ကျွန်မ လုံခြုံတဲ့တစ်နေရာမှာရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် ခက်ခဲပါတယ်။ ရုန်းကန်ရပါတယ်။ ဒါပေမဲ့ ဒါဟာ မတရားဖမ်းဆီးခံထားရတဲ့ထောင်ထဲက ရဲဘော်တွေနဲ့ စာရင် ကျွန်မက အများကြီးသာပါတယ်။ ကျွန်မ အပြင်မှာ လွတ်မြောက်နေတယ်။ ကျွန်မ ဆန္ဒ ထုတ်ဖော်နိုင်တယ်။ ဒီမတရားမှုကို ကျွန်မ ဆက်ပြီးတော့ အသံထုတ်နေမှာပဲ။ ဆန္ဒထုတ်ဖော်နေမှာပဲ။ ဖမ်းဆီးခံရချိန်မှာ အရမ်းတုန်လှုပ်ခြောက်ခြား စရာကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့လွတ်မြောက်ဖို့အတွက်က ကိုယ်တိုင်ပဲ ရုန်းကန်ရမှာပဲ။ အဲဒီနေ့က အဖြစ်အပျက်ကိုကျွန်မ ပြန်မပြောချင် တော့ဘူး။ ဒီအချိန်မှာ ကိုဖြိုးဇေယျာ်သော်ရဲ့ဇနီးတစ်ယောက်အနေနဲ့ ရုန်းကန်ရတာ စာမဖွဲ့လောက်ပါဘူး။ မတရား ဖမ်းဆီးခံထားရတဲ့သူတွေနဲ့စာရင် ကျွန်အမခြေ အနေကအများကြီး သာပါသေးတယ်။ ဒါပေမဲ့ ကျွန်မ အဆုံးထိ တိုက်ပွဲ၀င်မှာပါ။ အဆုံးထိ တော်လှန်မှာပါ။ ဒီလူတွေပြန်လည်လွတ်မြောက်လာတဲ့အထိ ကျွန်မနဲ့အတူ စိတ်တူကိုယ်တူ ရှိသူတွေက ကြိုးစားနေမှာပါ။

အကြမ်းဖက်မှုပုဒ်မတွေနဲ့ ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားပါတယ်။ – TZNA FACEBOOK  

ကိုဇေယျာသော်ကို ဒီလို သေဒဏ်စီရင်မယ် ဆိုတဲ့အပေါ် ကမ္ဘာကလည်း ကန့်ကွက်နေကြတာရှိတယ်။ စိတ်ပူတယ်လို့‌ပြောကြတာရှိတယ်၊ သူတို့ တုံ့ပြန်ပုံတွေကိုရော ဘယ်လိုမြင်ရလဲ၊ ဘာလုပ်သင့်တယ်လို့ ထင်လဲ။

ဒါဟာ မတရားမှုပါ။ မတရားမှုမှာမှ မတရားဆုံး၊ မလုပ်သင့်မလုပ်ထိုက်ဆုံး လုပ်ရပ်တွေကိုဖန်တီးတယ်။ ခြိမ်းခြောက်တယ်။ စိတ်ဆင်းရဲအောင်လုပ်တယ်။ လူသန်းပေါင်းများစွာ စိတ်ဆင်းရဲရတယ်။

စိတ်ဒုက္ခ၊ ကိုယ်ကာယဒုက္ခတွေနဲ့ ရှင်သန်နေရတဲ့ ကျွန်မတို့နိုင်ငံမှာ ဒီစစ်အာဏာရှင်ကို ကျွန်မတို့က ဒီနွေဦး တော်လှန်ရေးကနေစပြီး အဆုံးထိ တိုက်ပွဲ၀င်သွားမှာဖြစ်တဲ့အတွက် ဒီလိုမတရားမှုတွေကို အားပေးအားမြှောက်မပြုဖို့၊ သူတို့ကို လက်နက်တွေမရောင်းဖို့၊ သူတို့ကို ငွေစီးဆင်းမှုတွေမရှိဖို့ ကျွန်မက ပြောချင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့ ကျွန်မတောင်းဆိုချင်တာက ကျွန်မတို့သည် တကယ်ကိုအဆုံးထိတိုက်မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲ၀င်နေတာပါ။ ကျွန်မတို့အတွက် လိုအပ်ချက်တွေလည်း အများကြီးရှိနေပါတယ်။ ဒီလိုခံစားနေရတဲ့ စိတ်ဒုက္ခသောကတွေ ဒါတွေအားလုံးကို၊ ဒီမတရားမှုကြီးကို အမြန်ဆုံးအဆုံးသတ်ဖို့ အဖက်ဖက်ကနေ ၀ိုင်း၀န်းကူညီပေးကြဖို့၊ ဖိအားပေးကြဖို့ တောင်းဆိုချင်ပါတယ်။


Original Post:BBC