ကဗျာဆရာ ရှေ့နေဘဝမှ သေနတ်ကိုင်သူဖြစ်လာသည့် ဗိုလ်နက္ခတ်

June 5th, 2022  •  Author:   U Naing Naing Tun (aka) Bo Nakkhat (Meiktila Township)  •  1 minute read
Featured image

စစ်တပ်နှင့် အမှုဖြစ်ခဲ့သည့် မြေသိမ်းခံတောင်သူများကို ကူညီခဲ့သည့် မိတ္ထီလာသား ရှေ့နေသည် ထိုစစ်တပ် အာဏာသိမ်းပြီးနောက် KIA တွင် စစ်သင်တန်းတက်ကာ ခုခံစစ်ဆင်လျက်ရှိသည်။  

By Myanmar Now

“နောက်ဆုံးကျည်ကုန်တဲ့အထိ ကျွန်တော့်ရဲဘော်တွေ ခုခံပြီး တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ လက်နက်ချတယ်လို့ အော်တဲ့အချိန်မှာ သူတို့ ပစ်သတ်လိုက်တယ်”

ရဲဘော်များ ဆုံးရှုံးခဲ့ရသည့် ၂၀၂၁ ဇွန် ၂၂ နံနက်ခင်း မနော်ဟရီရပ်၊ ၅၄ လမ်းအနီး တိုက်ပွဲတစ်ခုအကြောင်း မန္တလေး PDF အဖွဲ့ခေါင်းဆောင် ဗိုလ်နက္ခတ် ပြန်ပြောပြနေခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ အားကောင်းခဲ့သည့် ထိုအချိန်က မန္တလေးမြို့မှ လူငယ်များကို စုစည်းသင်တန်းပေးနေသည့် ချမ်းမြသာစည်မြို့နယ်မှ နှစ်ထပ်တိုက်ခြံဝင်းတစ်ခုကို ခြေရာခံမိသည့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်။

ညအိပ်တည်းခိုရန်နှင့် သင်တန်းပေးရန်သာ အသုံးပြုသည့်အတွက် သေနတ် ၂ လက်နှင့် လူ ၈ ဦးသာ ထားရှိသည့် ထိုနေအိမ်ကို သံချပ်ကာကားများ၊ အရန်တပ်များ အင်အားအလွန်အကျွံသုံး၍ RPG များဖြင့်ပါ ပစ်ထုခဲ့ရာ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးပြီး ၆ ဦး အရှင်ဖမ်းခံရသည်။

ရဲဘော်တို့၏ ပြန်လည်ခုခံမှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗျူဟာမှူး အောင်မျိုးကျော်နှင့် စရဖအကြီးအကဲ ဇော်လတ်ဆိုသူတို့ သေဆုံးခဲ့သည်ဟု ဗိုလ်နက္ခတ်က ဆိုသည်။

တော်လှန်ရေးရဲဘော်များက လက်နက်ချသည်ဟု အော်သည့်အချိန်တွင် စစ်ကောင်စီတပ်က လူ ၆ ဦးကို ပစ်သတ်လိုက်ကြောင်း၊ ကျန်လူများကို လက်ပြန်ကြိုးတုပ်၍ မသေရုံတစ်မည် ရိုက်နှက်ကာ အပေါ်ထပ်လှေခါးမှ တရွတ်တိုက် ဆွဲချသွားသည့်အတွက် နေအိမ်လမ်းတစ်လျှောက် သွေးများ စီးကျနေခဲ့ကြောင်း သူက ပြောသည်။

“နဂိုကတည်းက ကဗျာရေးနေတဲ့၊ အနုပညာခံစားတဲ့ နှလုံးသားရှိသူတွေဆိုတော့ ခုလိုအဖြစ်အပျက်တွေ ကြုံရတာ အများကြီးခံစားရတယ်။ ဖြစ်နိုင်ရင် ကျွန်တော်ပဲ အသေခံချင်တယ်။ ကျွန်တော်ပဲ သွားပြီး အဖမ်းခံချင်တယ်” ဟု ၎င်းက အသံကွဲအက်အက်နှင့် ခပ်ဖြည်းဖြည်းဆိုသည်။

ရှေ့နေဦးနိုင်နိုင်ထွန်း တစ်ဖြစ်လဲ ကဗျာဆရာ နက္ခတ်ကြယ်စင်

အသက် ၄၀ အရွယ် မိတ္ထီလာသား ဦးနိုင်နိုင်ထွန်းသည် ၎င်း၏မွေးရပ်မြေကို စွန့်ခွာ၍ ၂၀၀၆ ခုနှစ်တွင် ရှေ့နေပေါက်စဘဝဖြင့် မန္တလေး၌ စတင်အခြေချခဲ့သည်။

၎င်းက မန္တလေးနှင့် အနီးဝန်းကျင် စစ်တပ် မြေသိမ်းယာသိမ်းအမှုများတွင် လယ်သိမ်းခံပြည်သူများဘက်မှ လိုက်ပါကူညီသည့်အတွက် လူသိများခဲ့သည်။

“မတရားခံရတဲ့အမှုတွေ မြေသိမ်းယာသိမ်းအမှုတွေ၊ နိုင်ငံရေးအမှုတွေဆိုရင် အဲဒီတုန်းက ၅၀၅ (ခ) ပေါ့။ ဒီလိုမျိုးတွေနဲ့ ပတ်သက်တာတွေဆိုရင် အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့တယ်” ဟု သူက ဆိုသည်။

“ကျွန်တော့်စီးပွားရေးအရ လိုက်တဲ့အမှုကတော့ သက်သက်ရှိတာပေါ့။ အမွေမှု‌တို့၊ တစ်ဦးတစ်ယောက်နဲ့ဆိုင်တဲ့ အမှုတွေပေါ့။ ငွေရလိုမှုတို့၊ အိမ်ခြံမြေမှုတို့ ၊ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ သီးခြားအမှုဖြစ်တဲ့သူတွေနဲ့ ပတ်သက်တာတွေ ဝမ်းစာအရ ငွေကြေးနဲ့ လိုက်တယ်”

ထိုရှေ့နေလုပ်ငန်းသည် သူ၏ ငယ်ဘဝအိပ်မက် မဟုတ်ခဲ့ပေ။

ဆေးထိုးအပ်ကိုင်၍ အများအသက်ကို ကယ်တင်ရသော ဆရာဝန်တစ်ဦး ဖြစ်ချင်ခဲ့ပြီး မိသားစုရေးရာကိစ္စများကြောင့် ထိုငယ်အိပ်မက်ကို လက်လွှတ်ခဲ့ရသည်ဟု ဆိုသည်။

သို့သော် အများအကျိုးကူညီပံ့ပိုးရပုံချင်း တူညီသော ရှေ့နေဘဝကို ၎င်းက မြတ်မြတ်နိုးနိုးဖြင့် ဆက်လက်လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

မန္တလေးနှင့် အနီးတစ်ဝိုက် မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပြင်ဦးလွင်၊ နောင်ချိုမှ လားရှိုးအထိ ၎င်းလိုက်ပါကူညီခဲ့သည့် မြေယာအမှုများ များပြားသည်။

“မန္တလေးမှာလည်း တော်တော်များများ အမှုနိုင်ခဲ့ပါတယ်။ မန္တလေးတစ်ဝိုက်ဆိုရင် မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ် ကျွန်တော် အကုန်လုံးကို လိုက်တယ်ဗျ“ ဟု သူက ဆိုသည်။

ဦးနိုင်နိုင်ထွန်းသည် ၂၀၀၈-၂၀၀၉ တွင် မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ထိုစဉ်က “ယုဇန” ကုမ္ပဏီက ရွာငါးရွာကို အဓမ္မသိမ်းထားသော မြေယာအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးရာ ရွာသူရွာသားတို့ဘက်က အမှုနိုင်ခဲ့သည်။

ယင်းနောက် ဗန်းမော်ဘက်တွင် ဆယ်သွယ်ရေးတပ်က တောင်သူများ၏မြေယာများကို သိမ်းထားသည့်အမှုကိုလည်း ၎င်းလိုက်ပါကူညီရာ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“မြန်မာပြည်မှာတော့ မြေယာအမှုတွေ တော်တော်များများကို နိုင်ခဲ့တယ်။ စစ်ကိုင်းဘက်ဆို ကန့်ဘလူတို့ဘက်တွေလည်း လိုက်ခဲ့တယ်ဗျ၊ အဲဒါလည်း တရားသေလွှတ်ပေးခဲ့တယ်‌။ ကျွန်တော်လိုက်ပေးခဲ့တဲ့ တောင်သူအမှုတွေ နိုင်တာ များတယ်။ ဗန်းမော်ဘက်မှာဆိုရင် ဆက်သွယ်ရေးတပ်က သိမ်းတဲ့ (လယ်ယာမြေ) အမှုတွေဆိုရင် မန္တလေးကနေ သွားပြီး လိုက်ပါဆောင်ရွက်ပေးခဲ့တယ်” ဟု ဦးနိုင်နိုင်ထွန်းက ဆက်ပြောသည်။

ယင်းသို့လုပ်ကိုင်ရင်း တစ်ဖက်တွင်လည်း “နက္ခတ်ကြယ်စင်(ထီလာ)” ကလောင်ဖြင့် သူက ကဗျာရေးသားခဲ့သည်။

သူက ကဗျာဆရာ တာရာမင်းဝေကို လေးစားအားကျသည်။ ဘဝဒဿနကဗျာများကို ကြိုက်နှစ်သက်သည်။

ဦးနိုင်နိုင်ထွန်းသည် အားလပ်ရက်များ၌ မန္တလေးမှ မိတ်ဆွေများနှင့် တွေ့ဆုံ၍ လက်ဖက်ရည်ဆိုင်များ၌ ကဗျာရွတ်သည်။ တနင်္ဂနွေဆိုလျှင် မန္တလေးကုသိုလ်တော် (ခရေရိပ်) ကဗျာဝိုင်း၌ ကဗျာဆရာများနှင့် ချိန်းဆိုကာ ကဗျာရွတ်ဖတ်ဆွေးနွေးကြသည်။ ရံဖန်ရံခါ နယ်မြို့ကဗျာဝိုင်းလေးများအထိ သွားရောက်ရွတ်ဖတ်သည်။

ငယ်စဉ်က ဖခင်ဖြစ်သူက ကားမောင်း၊ မိခင်က ဈေးရောင်းကာ မပြည့်စုံသောမိသားစုဘဝမှနေ၍ ကြိုးစားရုန်းကန်ခဲ့ရသည့်အတွက် ဘဝအကြောင်းကဗျာများသာ ရေးသားမှုပိုအားသန်သည်။

နေအိမ်၌ ကွန်ပျူတာမိတ္ထူဆိုင်လေးတစ်ဆိုင် ဖွင့်ထားကာ မိဘကို အလုပ်အကျွေးပြု၊ ကိုယ်ပိုင်ကားတစ်စီးဖြင့် ခရီးများထွက်ကာ အမှုလိုက်ခြင်း၊ ကဗျာများရေးသားခြင်းဖြင့် အေးအေးချမ်းချမ်းဖြတ်သန်းလာသော သူ့ဘဝ ဆန့်ကျင်ဘက်ဘဝတစ်ခုသို့ ရုတ်ခြည်းပြောင်းလဲသွားရန် အကြောင်းဖန်လာသည်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူခဲ့ခြင်းကြောင့်ပင်။

၎င်းကိုယ်တိုင်က နိုင်ငံရေးနားလည်တတ်ကျွမ်းသော ရှေ့နေတစ်ဦးဖြစ်သည့်အတွက် စစ်တပ်က အာဏာသိမ်းမည့် အရိပ်အယောင်များကို ကြိုတင်ရိပ်စားမိသောကြောင့် ယင်းနေ့က အများနည်းတူ တုန်လှုပ်ခြင်း မဖြစ်ခဲ့သော်လည်း ၎င်းယုံကြည်ကိုးစားသော နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရသည်ဆိုသည့်သတင်းက သီပေါမင်းပါတော်မူသလို ခံစားချက်မျိုး ခံစားရသည်ဟု ၎င်းက ဆိုသည်။

“သီပေါမင်းပါတော်မူတာ မကြုံခဲ့ဖူးပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက တိုင်းသူပြည်သားတွေ ဝမ်းနည်းဆွံ့အနေမှာကို တွေးပြီး ခံစားလို့ရတယ်။ ကိုယ့်ဘုရင်ကို ကြက်ကလေးငှက်ကလေး ဖမ်းသလို၊ ဘာမှ အကူအညီမပေးနိုင်ကြသလို အဲဒီလို ခံစားချက်မျိုး ခံစားလိုက်ရတာ” ဟု ဆိုသည်။

ဆန္ဒပြပွဲများတွင် စတင်ပါဝင် 

စစ်အာဏာသိမ်းမှုကို မန္တလေးတွင် ပထမဆုံးဆန့်ကျင်ဆန္ဒပြသည့်နေ့ ဒေါက်တာတေဇာဆန်း ဦးဆောင်သည့်အဖွဲ့ ဆန္ဒပြအပြီး နောက်တစ်နေ့တွင် ထောင်ချီ၊ သောင်းချီသော ပြည်သူများက အားတက်သရော ပူးပေါင်းဆန္ဒပြလာခဲ့ရာ ထိုအထဲတွင် ဦးနိုင်နိုင်ထွန်းတို့ ရှေ့နေအသိုင်းအဝိုင်းတစ်ခုလုံးလည်း ပါဝင်ခဲ့သည်။

ဦးနိုင်နိုင်ထွန်းနှင့် သူငယ်ချင်းတစ်စု မန္တလေးဥပဒေအသိုင်းအဝိုင်းမှ သပိတ်စစ်ကြောင်းထွက်ရန် ဦးဆောင်လှုံ့ဆော်ခဲ့ကြသည်။

ထို့နောက် မန္တလေးဥပဒေအသိုင်းအဝိုင်းမှ ထွက်ရှိသော ဆန္ဒပြသပိတ်စစ်ကြောင်း၊ မန္တလေးကဗျာဆရာသမဂ္ဂစစ်ကြောင်း၊ မြတောင်စစ်ကြောင်းတို့တွင် နေ့စဉ် ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြသည်။

မျက်စိရှေ့၌ပင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်တပ်က ရက်စက်စွာ ပစ်သတ်ခဲ့သည့်မြင်ကွင်းများ၊ မိတ်ဆွေသူငယ်ချင်းများ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရပုံများကို တွေ့ကြုံလာရပြီးနောက်တွင်မူ ဆန္ဒပြရုံဖြင့် မလုံလောက်၊ လက်နက်ကိုင်တော်လှန်ရတော့မည်ဟု စိတ်ဒုံးဒုံးချ ဆုံးဖြတ်ဖြစ်ခဲ့သည်ဟု သူက ဆိုသည်။

“ဘယ်သူ့ကိုပဲပဲ သတ်သတ်၊ ဘယ်သူ့ကိုပဲ ဖမ်းဖမ်း ရိုက်ရိုက်၊ ကျွန်တော်တို့အသွေးအသားတွေကို ထိုးဆိတ်သလို ခံစားရတယ်။ ဒါကြီးက တရားနည်းလမ်းတကျမှ မဟုတ်တာ။ လက်နက်ကိုင်ထားပြီး ဗိုလ်ကျအနိုင်ကျင့်တာ”

စစ်တပ်က ဆန္ဒပြပြည်သူများကို တရကြမ်းဖြိုခွင်း ပစ်သတ်နေသည့် မတ်လကုန်ပိုင်းတွင် ဦးနိုင်နိုင်ထွန်းအပါအဝင် သူငယ်ချင်းတစ်စုသည် ကချင်ပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်သို့ သွားရောက်ကာ စစ်ပညာများကို သင်ယူခဲ့ကြသည်။

“သွားတုန်းက အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေအတွက် သွားဆွေးနွေးတာ။ အကူအညီလည်း တောင်းရင်းပေါ့။ ဒါပေမဲ့ ရောက်တဲ့အခါမှာတော့ လက်နက်ကိုင်တော့ဖို့ ဆုံးဖြတ်ပြီး စစ်ပညာသင်ခဲ့တာပဲ” ဟု ပြန်ပြောပြသည်။

မိသားစု၊ မိဘမောင်နှမ၊ မိတ်ဆွေများက တားမြစ်ခဲ့ကြသော်လည်း သူက လက်နက်ကိုင်လမ်းစဉ်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့ ဘွဲ့ထူးဂုဏ်ထူးတွေ ရချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလမ်းစဉ်ကို သွားကိုသွားရမယ် ဖြစ်တဲ့အတွက်ကြောင့် သူရဲကောင်းဘွဲ့တံဆိပ် ရချင်လို့ မဟုတ်ဘဲ ကိုယ်မှန်မယ်ထင်တဲ့လမ်း ဓမ္မဘက်က ရပ်တည်ပြီးတော့ ယုံကြည်ချက်နဲ့လျှောက်ခဲ့တဲ့လမ်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။

သို့သော် စစ်ပညာသင်ကြားရသည့်အလုပ်သည် ရှေ့နေ၊ ကဗျာဆရာတစ်ဦးအတွက် လွယ်ကူသည့်အလုပ် မဟုတ်ခဲ့ချေ။ သုံးနှစ်စာလေ့ကျင့်ရေးများကို သုံးလဖြင့်အတတ် ကြိုးစားရသည့်အတွက် အင်မတန်ခက်ခဲပင်ပန်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ဗိုလ်နက္ခတ်အဖွဲ့၏ မန္တလေးမြို့တွင်းပြောက်ကျားတိုက်ခိုက်မှုများ

မန္တလေးသို့ ယမန်နှစ် မေလတွင် ပြန်ရောက်လာကြသည့် ဗိုလ်နက္ခတ်တို့၏ KIA သင်တန်းဆင်းရဲဘော်များသည် ယင်းလကုန်ပိုင်း၌ ၎င်းတို့၏ စစ်ကောင်စီယန္တရားတိုက်ခိုက်ရေးလုပ်ငန်းများကို စတင်ခဲ့ကြသည်။

ထိုစဉ်က ပုသိမ်ကြီးမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲနှစ်ဦးကို လမ်းဘေးတစ်နေရာ၌ ကားဖြင့်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

မန္တလေးမြို့သို့ ပြန်ခြေချအပြီး တစ်ပတ်ခန့်အကြာ တံခွန်တိုင်အဝိုင်းအနီး ကျောင်းအစောင့်ကျ စစ်သားနှစ်ဦးကို သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ကြသည်။

ထိုလပိုင်းများတွင် စစ်ကောင်စီ၏ထောက်တိုင်များ၊ စစ်ကောင်စီတပ်သားတို့ ကင်းစခန်းကျရာ နေရာအများအပြားကိုလည်း ၎င်းတို့၏တိုက်ခိုက်မှုများက စိပ်လာခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သည်။

မိုးရာသီကာလဖြစ်သော ၂၀၂၁ ဇွန်လ ၂၂ သည် သွေးစွန်းသောနေ့ ဖြစ်ခဲ့သည်။

“ကျွန်တော်တို့ ရုံးတစ်ရုံးကို စစ်ကောင်စီရဲ့ ဒလန်သတင်းပေးမှုကြောင့် ပေါက်ကြားခဲ့တယ်ပေါ့နော်၊ အဲဒီရုံးကို လာပြီးတော့မှ၊ ဝိုင်းပီးတော့မှ အစီးခံရတယ်ဗျ။ သင်တန်းဆရာနဲ့ ကျွန်တော်တို့အဖွဲ့တွေထဲက ၆ ယောက် အရှင်ဖမ်းခံလိုက်ရ တယ်။ (ရုံးမှာ) ရှိတာ ၁၀ ယောက်လောက် ရှိတယ်။ ၄ ယောက်လောက်ကတော့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်” ဟု သူက ပြန်ပြောင်းပြောပြသည်။

“အဲဒီမှာဆို ကျွန်တော်တို့က လက်နက် အများကြီးမရှိဘူးဗျ။ သင်တန်းပေးရင်းနဲ့ ကျန်ခဲ့တာဆိုတော့ သေနတ်နှစ်လက်နဲ့ သူတို့ကို ပြန်ပီးခုခံခဲ့တာဆိုတော့ အဲဒီမှာ သူတို့ဘက်က ဗျူဟာမှူးပေါ့။ စစ်ကြောင်းမှူးကျသွားတယ်ဗျ” ဟု ထိုစဉ်က အခြေအနေကို ပြောသည်။

နိုဝင်ဘာ ၃၁ တွင် မန္တလေးမြို့ ၂၇ လမ်း၊ ၇၂ လမ်းအနီး အစည်းအဝေးပြုလုပ်နေသည့် ၎င်းတို့အဖွဲ့၏ ဒုခေါင်းဆောင် ဗိုလ်ဇီးကွက်အပါအဝင် ရဲဘော် ၁၃ ဦး ဖမ်းဆီးခံရသည်။

“အစည်းဝေးသွားထိုင်ရင်းနဲ့ စကစသတင်းပေးကြောင့် အဖမ်းခံလိုက်ရတယ်။ အဲဒီမှာတော့ ၁၃ ယောက်လောက် ပါသွားတယ်ဗျ။ မတရားရိုက်နှက်ထားလို့ ဗိုလ်ဇီးကွက်ကတော့ မျက်လုံးတစ်ဖက် မကောင်းတော့ဘူး ပြောတယ်။ သူ့အောက်က တစ်ယောက်ကတော့ နားတစ်ဖက်မ‌ကောင်းတော့ဘူး ပြောတယ်” ဟု ထိုသူများ၏ လက်ရှိအခြေအနေကို သူက ပြောပြသည်။

ကြွေလွင့်ခဲ့ရသည့် ရဲဘော်များ

စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံပြီးနောက်ပိုင်း မန္တလေး PDF တော်လှန်ရေးရဲဘော်များ ထိခိုက်မှုများ၊ ဒဏ်ရာရမှုများ၊ ဖမ်းဆီးခံရမှုများကို သူ ကြုံတွေ့ခဲ့ရသည်။

“(ဇွန်၂၂ မှာ) ခုခံတော်လှန်ခဲ့တဲ့ထဲမှာ ကျွန်တော့ညီလေးလို ချစ်ရတဲ့ ကဗျာဆရာလည်း ပါတယ်ဗျ။ သူတို့ ခုခံတော်လှန်ရင်းနဲ့ အဖမ်းခံလိုက်ရတယ်။ သူတို့ကို မသေရုံတစ်မည် ရိုက်နှက်ဖမ်းဆီးပြီး ခေါ်သွားတယ်လို့ သိရတယ်။ ဒါကတော့ ကျွန်တော့ရဲ့ တပည့်တွေထဲမှာ ဖမ်းခံရတဲ့ထဲမှာမှ မှတ်မှတ်ရရပေါ့။ ကျန်တာတွေလည်း ရှိပါတယ်”

ရဲဘော်များ စစ်ဆင်ရေးအတွင်း ကျဆုံးတတ်သောကြောင့် ပေါ့ဆမှု မရှိစေရန် သူက သတိပေးသည်။

“တစ်ခုခု အမှားအယွင်းဖြစ်လိုက်တာနဲ့ အသက်တွေ ပေးလိုက်ရတာဗျ။ မစ်ရှင်ဆောင်ရွက်ရင်းနဲ့ Error တက်သွားပြီး မိုင်းထိသွားတဲ့ ရဲဘော်တွေလည်း ရှိပါတယ်‌။ အဝိုင်းခံရရင် ထွက်ပြေးရင်းနဲ့ ကိုယ့်အတွက်ဝင်ပြီး စတေးလိုက်တဲ့ ရဲဘော် တွေလည်း ရှိပါတယ်‌ဗျ။ နာမည်ထုတ်ပြောလို့ မကောင်းလို့‌ မပြောတော့ပါဘူး” ဟု ဗိုလ်နက္ခတ်က ကြွေလွင့်ခဲ့ရသည့် သူ့ရဲဘော်များအကြောင်း ပြောပြသည်။

“မန်းလေးမြို့မှာ အကြီးကျယ်ဖြစ်သွားတာလေ။ ဆိုင်ကယ်ထဲကနေ ထကွဲတာ လက်တွေ၊ ခြေတွေကို ပြတ်သွားတယ်” ဟု ယခုနှစ် ဇန်နဝါရီ ၃၁ က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအကြောင်း သူက ဆိုသည်။

မန္တလေးတွင် ဗိုလ်ထွန်းတောက်နိုင်အပါအဝင် လက်နက်အများအပြား ဖမ်းဆီးခံရမှုက MPDF များကို ထိခိုက်စေခဲ့သည်။ ဇွန် ၂၂ ပစ်ခတ်မှုနောက်ဆက်တွဲအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်နက်အများအပြား ဖမ်းဆီးခံခဲ့ရသည်။

“ သူတို့က လူချည်းသက်သက်မိတာ။ ကားသမားက ရှေ့ကသွားနှင့်တာကို စစ်နေတာမြင်တော့ ကားသမားက ကားထားပြီး ထွက်ပြေးတာ။ အတွင်းသတင်းကနေ ပေါက်တယ်လို့လည်း သိရတယ်‌”

“အဲဒီတုန်းကဆို (သေနတ် အလက်) နှစ်ရာဝန်းကျင်လောက် ဆုံးရှုံးတယ် လက်နက်ပမာဏပေါ့။ တစ်ဖက်အဖွဲ့အစည်းတွေက လှူတာတွေပါသလို ကျွန်တော်တို့ကို ဒီဘက်က မန်းလေးမြို့ပေါ်မှာနေတဲ့ ပြည်သူလူထုက လှူထားတဲ့လက်နက် တွေရော ပါတယ်ဗျ။ အဲဒီမှာ သယ်လာရင်းနဲ့မှ အတွင်းသတင်းပေးကြောင့် ဆုံးရှုံးသွားရတယ်‌ဗျ”

“ကျွန်တော့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကျွန်တော့ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်မိုးတိမ်လည်း ဖမ်းခံလိုက်ရတယ်ဗျ။ ထွန်းတောက်နိုင်လည်း ပါသွားတယ်ပေါ့” ဟု ထိုစဉ်က အခြေအနေကို ဆိုသည်။

ထိုစဉ်က စစ်ကောင်စီသည် ဗိုလ်ထွန်းတောက်နိုင်ကို ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှနေ၍ ဝန်ခံထွက်ဆိုခိုင်းခဲ့သည်ကို တွေ့ရသည်။

နောက်ဆက်တွဲအနေဖြင့် PDF အား ငွေကြေးထောက်ပံ့သူများကိုပါ စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးပမ်းလာသည်ဟု ဗိုလ်နက္ခတ်က ပြောသည်။

“(စစ်ကောင်စီက) ဒုက္ခပေးတာရှိတဲ့အတွက် အလှူရှင်တွေပါ ရှောင်တိမ်းရတယ်ပေါ့။ ရှောင်တိမ်းရတော့ ကျွန်တော်တို့ ဘဏ္ဍာရေးအကျပ်အတည်းတွေရှိပါတယ်။ ဒါပေမဲ့လည်း တချို့ တကယ့်ကို စိတ်အားထက်သန်တဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ မရ ရတဲ့နည်းနဲ့ ကျွန်တော်တို့တော်လှန်ရေးသမားတွေကို ကျွန်တော်တို့အဖွဲ့မှ မဟုတ်ဘူး။ စကစကို တော်လှန်နေတဲ့ အခြားတော်လှန်ရေးအဖွဲ့စည်းတွေကိုလည်း သူတို့နည်းသူတို့ဟန်နဲ့ ရအောင် အလှူငွေတွေပို့ပါတယ်။ လှူကြပါတယ်” ဟု ဆိုသည်။

MPDF အနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် နွေဦးတော်လှန်ရေးအောင်မြင်ရန် ယုံကြည်ချက်အပြည့်ရှိသည်ဟု ပြောသည်။

“နိုင်မယ်ဆိုတာကတော့ အပြည့်အဝယုံကြည်ပါတယ်‌။ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်‌ဗျ။ ဘာလို့လဲဆိုတော့ တော်လှန်နေတဲ့နည်းလည်း မတူတော့ဘူးဗျ။ ၈၈ က တော်လှန်တဲ့ပုံစံနဲ့ အခုပုံစံနဲ့ မတူတော့ဘူး။ အာဏာရှင်တော်လှန်ရေးမှာ တော်တော့်ကို အားရစရာကောင်းတာက ပြည်သူရဲ့ အတွေးအမြင်ရောပေါ့နော်။ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်ပေါ့နော်။ ဒါတွေက ဘက်မျှနေတယ်လို့ မြင်တယ်”

“ကျွန်တော်တို့က နည်းပညာနဲ့လည်း တော်လှန်တယ်၊ စိတ်ဓာတ်နဲ့လည်း တော်လှန်တယ်။ ယုံကြည်မှုနဲ့လည်း တော်လှန်တယ်ဆိုတော့ ဒီတော်လှန်ရေးက မအောင်စရာတော့ အကြောင်းမရှိဘူးဗျ“ ဟု ဗိုလ်နက္ခတ်က ဆိုသည်။

အာဏာရှင်စနစ်တစ်ခုလုံးကို အမြစ်ဖြတ်ရန် တိုက်ခိုက်နေသည့်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ပိုအားစိုက်နိုင်မှသာလျှင် အမြန်ဆုံးအောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နွေဦးတော်လှန်ရေး ပြီးဆုံးအောင်မြင်ပါက သူကတော့ သူ့ဘဝအတွက် ကြိုတင်စဉ်းစားထားသည်ဟု ဆိုသည်။

“ နဂိုကတည်းက ဆုံးဖြတ်ထားပြီးသလို နီးစပ်ရာအသိုင်းအဝိုင်းမှာရော သက်ဆိုင်ရာလူကြီးတွေဘက်မှာရော ကတိခံဝန်ချက်တွေ လုပ်ထားပါတယ်။ တော်လှန်ရေး‌ပြီးရင်တော့ ဘယ်လိုရာထူးတွေပေးပေး လက်မခံဘူး။ ကျွန်တော် စာပေသမားကိုပဲ သွားမယ်။ ကျွန်တော့ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမယ်” ဟု သူက ပြောလိုက်သည်။


Original Post: Myanmar Now