မန္တလေးဆေးတက္ကသိုလ်ကျောင်းသားကို စစ်ကောင်စီတပ် ပစ်သတ်

May 22nd, 2022  •  Author:   Ko Kyaw Nyi Zin (Myinmu Township)  •  1 minute read
Featured image

၂၀၂၁ ဖေဖော်ဝါရီလလယ်ပိုင်းက မန္တလေးတွင် တွေ့ရသော စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု

မြင်းမူမြို့တွင် မောင်းနှင်နေသည် မော်တော်ယာဉ်တစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ရာ ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင် သေဆုံးသွားသည်။

By Myanmar Now

စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသားတစ်ဦး ဦးခေါင်းထိမှန်ကာ မေလ ၂၀ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

မန္တလေး၊ မုံရွာလမ်းမပေါ် မောင်းနှင်နေသည့် အိမ်စီးကားတစ်စီးကို မြင်းမူမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ရာ ကားပေါ်ပါလာသူ မိသားစုဝင် ၄ ဦးအနက် ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင် သေဆုံးသွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“မုံရွာမြို့က မင်္ဂလာဆောင်တစ်ခုကို သွားတာ စစ်သားတွေက ကားကို ရပ်ခိုင်းတယ် ပြောတယ်၊ ကားက မောင်းလာတော့ ရုတ်တရက် အရှိန်နဲ့ ရပ်မရသေးချိန် ချက်ချင်းလှမ်းပစ်လိုက်တာ။ အဲဒီမှာ ကားထဲက ကိုကျော်ညီဇင် ခေါင်းထိသွားတာ” ဟု သူက ပြောသည်။

ထို့သို့ ပစ်ခတ်ခံရပြီးနောက် ကားကို မရပ်တော့ဘဲ ဆက်မောင်းကာ မုံရွာမြို့ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသက် (၂၁) နှစ်အရွယ် ကိုကျော်ညီဇင်သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆက်လက်ဖွင့်လှစ်သည့် မန္တလေးဆေးတက္ကသိုလ်တွင် တက်ရောက်ခြင်းမရှိတော့ဘဲ အာဏာဖီဆန်မှု (CDM) ပြုလုပ်ထားသူ လူငယ်တစ်ဦးဖြစ်သည်ဟု မန္တလေးဆေးတက္ကသိုလ်အသိုင်းအဝိုင်းထံမှ သိရသည်။

ကိုကျော်ညီဇင်၏ ရုပ်အလောင်းကို မေ ၂၁ ရက် ညနေပိုင်းတွင် မန္တလေးသုသာန်တစ်ခုတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ကိုကျော်ညီဇင်သေဆုံးမှုနှင့် ပတ်သက်ပြီး မန္တလေးဆရာဝန်တစ်ဦးက “စိတ်ဆင်းရဲရလွန်းတယ်၊ မထူးဆန်းတော့ပါဘူး၊ လက်နက်ရှိတိုင်း ရမ်းကားနေကြတာ၊ ဒီလိုကောင်တွေက (စစ်ကောင်စီတပ်သားတွေက) အမှားအမှန်မဆင်ခြင်နိုင်ဘဲ” ဟု ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် မန္တလေးမြို့ခံ ဒေါက်တာသီဟတင်ထွန်း သေဆုံးခဲ့ဖူးသည်။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများလည်း ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် CDM  ပြုလုပ်မှုရာခိုင်နှုန်း ၈၀ အထိရှိသည်ဟုလည်း သိရသည်။

စစ်ကောင်စီကလည်း ပြီးခဲ့သည့်မတ်လအတွင်းက CDM ပြုလုပ်သည့် အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခြင်း၊ CDM ဆရာဝန်များကို ဆေးကုသခွင့်လက်ခံထားသည့် ဆေးရုံများကို လိုင်စင်ပိတ်သိမ်းမည်ဟု ကြေညာထားခြင်းတို့ကြောင့် မန္တလေးရှိ ဆရာဝန်ရာနှင့်ချီ အလုပ်ထုတ်ခံခဲ့ရသည်။

အရပ်သားပြည်သူ ၁,၈၅၁ ဦးကို စစ်ကောင်စီတပ်သားတို့ သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေလ ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

English version.


Original Post: Myanmar Now