မန္တလေးတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရပြီး တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံး

May 21st, 2022  •  Author:   Daw Mya Mya and Ma Khin San Aye (Chanayethazan Township)  •  1 minute read
Featured image

၂၀၂၁ မတ်လလယ်ပိုင်းက မန္တလေးမြို့ ဆန္ဒပြသူများကို လိုက်လံ ချေမှုန်းနေသည့် စစ်ကောင်စီတပ်သားများ 

NLD ထောက်ခံသူတို့ အသတ်ခံရမှုမှာ မကျေနပ်သူတို့၏လက်ချက်ဖြစ်သယောင် ပုံဖော်ခံနေရသည်ဟု မန္တလေးဒေသခံတို့က ပြောသည်။ စစ်ကောင်စီကမူ အုပ်စုနှစ်စု၏ ပဋိပက္ခဟု ဆိုသည်။  

By Myanmar Now

စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းပြီး နေ့စဉ်ဖမ်းဆီးမှုများရှိနေသည့် မန္တလေးတွင် မေလ ၂၀ ရက် ညပိုင်းက အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရပြီး ငွေကျပ် သိန်း ၃၀ ကျော်နှင့် တန်ဖိုးကြီးပစ္စည်းများလည်း ပျောက်ဆုံးသွားကြောင်း  မန္တလေးမြို့ခံများက ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၃ လမ်းနှင့် ၃၄လမ်းကြား ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်နေ ဒေါ်မြမြနှင့် သမီးဖြစ်သူ မခင်စန်းအေးတို့ ဓားဒဏ်ရာများနှင့် သေဆုံးနေခြင်းဖြစ်ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီအတိုင်းပဲ ဒဏ်ရာတွေနဲ့ အိမ်ထဲမှာ သေနေတယ်လို့ပဲ သိရတာ။ လူသတ်တဲ့အဖွဲ့က သိန်း ၂၀ ကျော်တန် ဆိုင်ကယ်တစ်စီး ငွေသိန်းသုံးဆယ်နဲ့ လက်ဝတ်ရတနာတွေပါ ယူသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

ပျောက်ဆုံးပစ္စည်းများ၏ ကာလတန်ဖိုးကို မသိရသေးပါ။

အသက် ၆၀ ကျော်အရွယ် ဒေါ်မြမြသည် မီးဖိုခန်းအတွင်း လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်၊ မခင်စန်းအေးမှာမူ ဧည့်ခန်းထိုင်ခုံတွင် လက်နောက်ပြန်ကြိုးတုပ်လျက် အလားတူ ဒဏ်ရာများနှင့် သေဆုံးနေသည်ဟု ထိုဒေသခံက ပြောသည်။

ယင်းအပြင် သားအမိ ၂ ဦးလုံး၏ လည်ပင်းတွင် “သွေးသောက်” ဟူသည့် လည်ဆွဲကတ်များလည်း ဆွဲထားကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများဖြစ်သည်ဟု ဒေသခံက ပြောသည်။

အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု၊ ပစ္စည်းပျောက်ဆုံးမှုတို့နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ကို ယနေ့ ညနေပိုင်း ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

သေဆုံးသူ ဒေါ်မြမြသည် မြိုင် PDF အဖွဲ့ တပ်ရင်း (၄) အား လစဉ်ထောက်ပံ့နေသူဖြစ်သည်ဟု သွေးသောက်အဖွဲ့၏ လူသတ်မှုသတင်းများ ဖော်ပြလေ့ရှိသည့် တယ်လီဂရမ်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။

သတ်ဖြတ်သူတို့၏ နောက်ကွယ်တွင် စစ်ကောင်စီတပ် ရှိနေသည်၊ စစ်ကောင်စီတပ်က ပြည်သူတို့ကို အခြားပုံစံတစ်မျိုးနှင့် နှိပ်ကွပ်နေရာ NLD ပါတီနှင့် ဆက်စပ်သူတချို့ ပစ်မှတ်ဖြစ်လာသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“သူတို့ကို မကြိုက်ရင်၊ ဆန့်ကျင်ရင် လမ်းပေါ်သတ်လိုက်၊ ဖမ်းခေါ်သတ်လိုက်၊ နေအိမ်မှာသတ်လိုက် အချိန်မရွေး ဒီလိုသတ်ဖြတ်နေတာပဲလေ။ ကျွန်မတို့ ပြည်သူတွေလည်း ဝဋ်ကြီးလွန်းတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီ၂၅တွင် မဟာအောင်မြေမြို့နယ်မှ NLD ရပ်ကျေးဥက္ကဌဖြစ်သူနှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရသည်။

ရုပ်အလောင်းများကို လမ်းဘေးတွင်စွန့်ပစ်ခဲ့ပြီး “သွေးသောက်” ဟု အမည်ခံထားသည့်အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်မှစ၍ မန္တလေးတွင် သွေးသောက်လည်ဆွဲကတ်ပြားဆွဲလျက် သတ်ဖြတ်ခံရသူ ၈ ဦးထက်မနည်းရှိနေပြီဖြစ်သည်။

သွေးသောက်သုံးသူ၊ သစ္စာပြုထားသော ရဲဘော်စစ်သည်ဟု အဓိပ္ပာယ်ရသည့် စကားလုံးကို သုံးထားသည့် အဖွဲ့တစ်ခုသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က တယ်လီဂရမ်အက်ပလီကေးရှင်းတွင် ပေါ်ပေါက်လာသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့များဖြင့် စစ်ရှိန်မြှင့်မည်ဟုလည်း မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ပြည်သူ့စစ်များကို ပျူစောထီးအဖွဲ့အဖြစ် လူပိုသိကြသည်။

ယင်းပြောဆိုမှုအပြီး NLD ပါတီထောက်ခံသူများနှင့် NLD အစွန်းရောက်များ၊ PDF နှင့် ဆက်နွှယ်နေသည့် မိသားစုများကို လက်စားချေမည်ဟူသော ကြေညာချက်နှင့် သွေးသောက်အမည်ခံသူတို့၏ လူသတ်မှုများ ပေါ်လာသည်။

ထိုအဖွဲ့သည် မည်သူမည်ဝါဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မထုတ်ဖော်ဘဲ “NUG အဖွဲ့အစည်းက ဝန်ကြီးအချို့ကိုယ်တိုင် လှုံ့ဆော်တယ်၊ ကျောင်းတွေကို ဘယ်လိုဗုံးခွဲပါ ဘယ်လိုသတ်ပါဆိုတာ လှုံ့ဆော်တယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျ တုံ့ပြန်မှုတွေကို ခံစားနေရတာဖြစ်တယ်၊ အဲဒီတုံ့ပြန်မှုတွေခံစားနေရတဲ့အချိန်မှာ ဘာတွေပေါ်လာလဲဆိုတော့ ဒီဘက်ကပဲ (စစ်ကောင်စီကို ထောက်ခံသူများကပဲ) သတ်တဲ့ပုံစံမျိုး ပေါ်လာတာ” ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ “သွေးသောက်အဖွဲ့သည် စစ်ကောင်စီလက်ချက်ပင်ဖြစ်ကြောင်း၊ မြေပြင်တွင် အထိနာနေသော စစ်ကောင်စီက ကြံရာမရဖြစ်ကာ နောက်ဆုံးနည်းလမ်းသုံးနေခြင်း” ဖြစ်သည်ဟု Myanmar Now ကို ပြောဆိုထားသည်။


Original Post: Myanmar Now