NLD ပါတီထောက်ခံသူ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီး ထောင် ၁၅ နှစ်ချခံရ

May 17th, 2022  •  Author:   Ma Po Pyae Thu (Pyin Oo Lwin District)  •  1 minute read
Featured image

ပြင်ဦးလွင်မှ ပရဟိတလုပ်ကိုင်သူ လုပ်ငန်းရှင် အမှု ၄ ခုအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရပြီးနောက် အမှုနောက်တစ်ခု ရင်ဆိုင်ရဦးမည်ဟု သိရသည်။

By Myanmar Now

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတစ်ဦးဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ‘မေမြို့အိမ်’ စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ခြောက်လအကြာတွင် ထောင် ၁၅ နှစ်ချမှတ်လိုက်ကြောင်း မန္တလေးရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

ပရဟိတလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးလည်းဖြစ်သော အသက် ၃၅ နှစ်အရွယ် မပိုပြည့်သူမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် ဖမ်းဆီးခံရခြင်းဖြစ်ကာ ယခုလ ၁၃ ရက်တွင် ပုဒ်မလေးခုဖြင့် ထောင်ချခံရခြင်းဖြစ်သည်။

“၅၀၅-က အတွက်က ၃ နှစ်။ မတရားအသင်း၁၇(၁)အတွက်က ၂ နှစ်။ အကြမ်းဖက် ၅၂ (က) က ၅ နှစ်။ ၅၂ (ခ) က ၅ နှစ် စုပေါင်းပြီးချလိုက်တာ” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုအမှုများ စီရင်ချက်ချပြီးသော်လည်း ပြင်ဦးလွင်ခရိုင်တရားရုံးတွင်လည်း အမှုထပ်မံရင်ဆိုင် ရန်ရှိနေသည်ဟု ယင်းရှေ့နေက ဆိုသည်။​

“တစ်မှုထင်တယ် ကျန်သေးတာ။ ခရိုင်ရုံးမှာလို့ သိရတယ်။ သူ့ရဲ့ရှေ့နေ မဟုတ်တော့ ဘာအမှုလဲ အတိအကျတော့ မသိဘူးဗျ” ဟု ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သူဟု စွပ်စွဲကာ မပိုပြည့်သူကို စစ်ကောင်စီက ပြင်ဦးလွင်အထွက် နောင်ချိုမြို့ရှိ နေအိမ်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ပြင်ဦးလွင်က စားသောက်ဆိုင်ကိုလည်း ချိတ်ပိတ်သေးတယ်လို့ကြားတယ်။ အဲဒီနောက် စစ်ကြောရေးကနေလွန်တော့ တရားရင်ဆိုင်နေရင်း အခုအမိန့်ချလိုက်တာပေါ့။ ကျန်းမာရေးတော့ ကောင်းတယ်ကြားပါတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူသည် ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ခြင်း၊ ကလေးသူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ ဆေးကုသရန် ခက်ခဲသူများကို ဆေးဝါးနှင့် ဆေးကုသစရိတ်ထောက်ပံ့ ခြင်း စသည့်ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

NLD ပါတီထောက်ခံသူတစ်ဦးဖြစ်သောကြောင့် စစ်ကောင်စီ အပြစ်ရှာခြင်းဖြစ်နိုင်သည်ဟု မပိုပြည့်သူ၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“အစ်မက စိတ်ထား အရမ်းကောင်းတာ။ အလှူအတန်းလည်း အရမ်းရက်ရောတာ။ ပါတီထောက်ခံသူဖြစ်တာနဲ့ပဲ မတရားအငြှိုးထားပြီး အမှုစွဲဆိုခံရတာ” ဟု ၎င်းက ပြောသည်။

မပိုပြည့်သူ အဖမ်းခံရပြီး တစ်လနီးပါးအကြာ နိုဝင်ဘာလယ်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ ပရဟိတအသင်းရုံးတစ်ခုကို စစ်တပ်က ဝင်စီးကာ အသင်းဥက္ကဋ္ဌဖြစ်သူ အမျိုးသမီးကို ဖမ်းဆီးခဲ့သည်။

ရွှေမဟာနွယ်ပရဟိတအသင်းဉက္ကဋ္ဌ အသက် ၄၃ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်းကို အာဏာဖီဆန်ရေးလှုပ် ရှားမှု (CDM) ပါဝင်သူဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရွှေမဟာနွယ်ပရဟိတ သွေးလှူအသင်းနှင့်လူမှုကယ်ဆယ်ရေး အသင်းသည် ပရဟိတကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းအပြင် စစ်ဘေးရှောင်နှင့်မိဘမဲ့ ကျောင်းများအတွက် အဝတ်အထည်နှင့်ဆေးဝါးများ ရှာဖွေလှူဒါန်းပေးနေသောအသင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအသင်းဥက္ကဋ္ဌဖြစ်သူ မနွယ်နွယ်ဝင်းမှာ လက်ရှိအချိန်ထိ အိုးဘိုထောင်တွင်း တရားရုံး၌ အမှုရင်ဆိုင် နေရဆဲဖြစ်သည်ဟု သိရသော်လည်း အသေးစိတ် မသိရပေ။

စစ်ကောင်စီ၏လက်ထက်တွင် နိုင်ငံတဝန်းရှိ ပြည်သူများ ဘေးဒုက္ခမျိုးစုံကြုံနေရပြီး အသက်အန္တရာယ် မလုံခြုံမှုများပါ နေ့စဉ်ခံစားနေကြရသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

“ပရဟိတသမားမှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးလူမျိုးစုံပါပဲ။ ဘေးဒုက္ခတွေကြုံနေရတယ်။ စားဝတ်နေရေး တွေခက်ခဲကြပ်တည်းလာတယ်။ ခုလမ်းသွားရင်းတောင် ဘယ်အချိန်ပစ်သတ်ခံရမလဲ စိုးထိတ်နေရတဲ့ အခြေအနေပေါ့နော်။ ဒို့ဘဝတွေလုံခြုံမှုမ ရှိတော့ဘူ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ  စစ်ကောင်စီလက်ထဲတွင် မပိုပြည့်သူကဲ့သို့ မတရားချုပ်နှောင်ခံထားရသူ  ၁၀၆၅၀ ဦးထက်မနည်း ရှိနေသည်ဟု သိရသည်။  ၎င်းတို့အနက်မှ ၁၀၆၇ ဦး  ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ မေ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Original Post: Myanmar Now