လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

May 14th, 2022  •  Author:   Ma Po Po (Myanmar Singer)  •  1 minute read
Featured image

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ပိုပို အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ  

By ဧရာဝတီ

မြန်မာနိုင်ငံက အမျိုးသမီး အဆိုတော်တွေထဲမှာ ခံစားချက်အား ကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်ပိုင်ဟန်နဲ့ သီဆိုတတ်သူက အဆိုတော် ပိုပိုပါ။

စကားပြောရင် ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး ရယ်လိုက်ရင်လည်း ဘွင်းဘွင်းရှင်းရှင်းနဲ့ အပြုံးချိုချို ရယ်တတ်တဲ့ ပိုပိုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့ အနုပညာရှင် အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပေမယ့် မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ပိုပိုလည်း တဦး အပါအဝင်ပါ။

ပိုပိုဟာ ဖမ်းဆီးခံရစဉ် မျက်နှာ တချက်မမဲ့ဘဲ သူ့ရဲ့ ရဲရင့်တဲ့ အပြုံးနဲ့ အဖမ်းခံခဲ့တာပါ  

အဆိုတော် ပိုပိုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့်လို့ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးခဲ့ပါတယ်။

“သတ္တိရှိတယ်”၊ “ရဲရင့် ပြတ်သားတယ်” လို့ အများက မှတ်ချက်ပြုကြတဲ့ ပိုပိုဟာ ဖမ်းဆီးခံရစဉ် မျက်နှာ တချက်မမဲ့ဘဲ သူ့ရဲ့ ရဲရင့်တဲ့ အပြုံးနဲ့ အဖမ်းခံခဲ့တာပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာမှာ ပိုပိုရဲ့ အပြုံးကို အလှဆုံးလို့ လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးထောမနာပြု ရေးသားခဲ့ကြပါတယ်။

“သတ္တိရှိတယ်”၊ “ရဲရင့် ပြတ်သားတယ်” လို့ အများက မှတ်ချက်ပြုကြတဲ့ ပိုပိုဟာ ဖမ်းဆီးခံရစဉ် မျက်နှာ တချက်မမဲ့ဘဲ သူ့ရဲ့ ရဲရင့်တဲ့ အပြုံးနဲ့ အဖမ်းခံခဲ့တာပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာမှာ ပိုပိုရဲ့ အပြုံးကို အလှဆုံးလို့ လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးထောမနာပြု ရေးသားခဲ့ကြပါတယ်။

ပိုပိုရဲ့ ဘဝဖြတ်သန်းမှု

ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတဲ့ အဆိုတော် ပိုပိုက မိသားစုကံ မကောင်းပေမယ့် ဘဝကို ကြံ့ကြံ့ခံ ရုန်းကန်ရပ်တည် ကျော်ဖြတ်ခဲ့ပြီး သူကိုယ်တိုင် ရင်ထဲမှာ စိတ်ဒဏ်ရာတွေ ရှိနေပေမယ့်လည်း အခြားသူတွေကို စိတ်ဓာတ်မကျအောင် ခွန်အားပေးတဲ့ သီချင်းတွေ ရေးသား သီဆိုခဲ့သူပါ။

အဆိုတော် ပိုပိုကိုယ်တိုင် သူ့ဘဝအကြောင်း ရေးသား သီဆိုထားတဲ့ “မိဘမဲ့” ဆိုတဲ့ သီချင်းက သူ့ဘဝကို ထင်ဟပ်စေပြီး၊ ပရိသတ်တွေရဲ့ ရင်ထဲကို ကိုယ်ချင်းစာစိတ် ကူးစက်စေခဲ့ပါတယ်။

“လေမုန်တိုင်းတွေ တိုက်တဲ့အခါ … ဘယ်ရင်ခွင်မှာ ခိုနားမလဲ… ကိုယ်ထူကိုယ်ထ ကိုယ့်တယောက်တည်းသာ … အသက်ရှင်နေရင်းနဲ့”

ပိုပိုဟာ မြန်မာနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တဦးအဖြစ် အသိအမှတ် ပြုခံရသူလည်း ဖြစ်ပါတယ်  

အဲဒီသီချင်းကို ခံစားချက် မုဒ် ကောင်းကောင်းနဲ့ သီဆိုခဲ့တာကြောင့် ဒီသီချင်းကို ကြားရသူတိုင်းက ပိုပိုရဲ့ ရင်ထဲက ဝမ်းနည်းမှုတွေကို မျှဝေခံစားမိကြမှာပါ။

ပိုပိုက အဘွားဆုံးပြီးနောက် ဘဝကို တယောက်တည်း ရပ်တည်ခဲ့ပေမယ့် အကောင်းဆုံး ကျော်ဖြတ်ခဲ့သလို မြန်မာနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တဦးအဖြစ် အသိအမှတ် ပြုခံရသူလည်း ဖြစ်ပါတယ်။

ပိုပိုက အဘွားဆုံးပြီးနောက် ဘဝကို တယောက်တည်း ရပ်တည်ခဲ့ပေမယ့် အကောင်းဆုံး ကျော်ဖြတ်ခဲ့သလို မြန်မာနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တဦးအဖြစ် အသိအမှတ် ပြုခံရသူလည်း ဖြစ်ပါတယ်။

“ပိုပိုက Broken Family ကနေ မွေးဖွားလာသူ ဆိုပေမယ့် အဲ့လို မထင်ရဘူး။ အရမ်း စိတ်ဓာတ် မြှင့်တင်နိုင်တယ်။ သူများကိုလည်း သူက စိတ်ခွန်အားပေးတယ်။ သူ့ကို တကယ်လေးစားတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေ အဆိုတော်တဦးက မှတ်ချက်ပြုပါတယ်။

ပိုပိုက အနုပညာအလုပ်တွေမှာလည်း ရူးရူးသွပ်သွပ် လုပ်ကိုင် ဖန်တီးတတ်သူဖြစ်ပြီး၊ လမ်းသွားနေရင်း ရောက်တဲ့နေရာမှာ အတွေးရရင် ရသလို သီချင်းရေးသားတတ်တယ်လို့ သူက ဆိုပါတယ်။

“ရှိုးပွဲတခုမှာ လမ်းသွားရင်း သူအိုင်ဒီယာ ရရင် သီချင်းရေးတယ်။ ရေးရင်းနဲ့ ဂစ်တာ မပါရင် လမ်းမှာ တွေ့တဲ့ နေရာ ဂစ်တာငှားပြီး ချက်ချင်း ထရေးတယ်။ ဆုံးဖြတ်ချက် မြန်တယ်။ စိတ်မြန်လက်မြန် အလုပ်လုပ်တယ်။ ရဲရင့် ပြတ်သားတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေ အဆိုတော်က ပြောပါတယ်။

ဂီတအပေါ် ကျရှုံးမှုတွေ ဘယ်လောက်ရှိရှိ အရှုံးမပေးဘဲ ပိုပိုက သူလိုချင်တဲ့ ပန်းတိုင် ရောက်တဲ့အထိ အစွမ်းကုန် ကြိုးစားလေ့ရှိတယ်လို့လည်း ပိုပိုရဲ့ မိတ်ဆွေတွေက မှတ်ချက်ပြုပါတယ်။

ပိုပိုရဲ့ ဂီတမှတ်တိုင်များ

ဆယ်တန်းအောင်ပြီးကတည်းက ဂစ်တာတီး၊ သီချင်းဆိုခဲ့တဲ့ အဆိုတော် ပိုပိုက ၂၀၀၆ ခုနှစ်မှာ အနုပညာ အလုပ်တွေ စလုပ်ဖို့ ခြေလှမ်း စပြင်နေပါပြီ။ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာ ဂီတပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့သော်လည်း ဇွဲမလျှော့ခဲ့ပါဘူး။

ပိုပိုက Underground မှာလည်း အချိန်အတော်ကြာ သီချင်းတွေ ဖန်တီးသီဆိုခဲ့ပြီး သူ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ ပထမဆုံး တကိုယ်တော် Album ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

“ချစ်ဖူးခဲ့သမျှ … နောင်တမရပါ” အဲဒီသီချင်းစာသားဟာ အင်တာနက်ပေါ်မှာရော ကျေးလက် တောရွာ မြို့ပါမကျန် ပရိသတ်တွေကြားမှာ “ပိုပို” လို့ နာမည်တွင်စေခဲ့တဲ့ သီချင်းတပုဒ်ပါ  

“ချစ်ဖူးခဲ့သမျှ … နောင်တမရပါ” အဲဒီသီချင်းစာသားဟာ အင်တာနက်ပေါ်မှာရော ကျေးလက် တောရွာ မြို့ပါမကျန် ပရိသတ်တွေကြားမှာ “ပိုပို” လို့ နာမည်တွင်စေခဲ့တဲ့ သီချင်းတပုဒ်ပါ။

အဲဒီ အချိန်တွေတုန်းက ပိုပိုရဲ့ သီချင်းတွေဟာ ရေဒီယိုတွေမှာ တောင်းဆိုမှု အများဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ အင်တာနက် ဆိုရှယ်မီဒီယာမှာလည်း ရေပန်းအစားဆုံး သီချင်းတွေထဲမှာ ထိပ်တန်းကနေ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပိုပိုဟာ ၂၀၁၅ မှာ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”၊ ၂၀၁၆ မှာ “သင်္ကြန်ဆုတောင်း”၊ ၂၀၁၇ မှာ “Master Piece” အခွေနဲ့ ၂၀၁၉ မှာ “Made in Heart” ဆိုတဲ့ တကိုယ်တော်အခွေတွေကို ဆက်တိုက် ထုတ်လာနိုင်ခဲ့ပါတယ်။

သီချင်းအများစုကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုတဲ့ အဆိုတော် ပိုပိုက အခြား အဆိုတော်တွေနဲ့လည်း အတွဲခွေပေါင်းများစွာမှာ ပါဝင် သီဆိုခဲ့သလို၊ အခြား တက်သစ်စ အနုပညာရှင်တွေ၊ အဆိုရှင်တွေကိုလည်း လက်တွဲ ခေါ်ယူလေ့ရှိပါတယ်။

ပိုပို ကိုယ်တိုင် ရေးပြီး ပိုပိုနဲ့ အဇဋာကြည်ဖြူ၊ ရွယ်ရွယ်တို့ သီဆိုထားတဲ့ “ရွှေရောင် အနာဂတ်” သီချင်း၊ ဆောင်းဦးလှိုင် ရေးပြီး အဆိုတော် R ဇာနည်၊ ဟဲလေး၊ နီနီခင်ဇော်၊ ပိုပိုနဲ့ ငဲငယ်လေးတို့ သီဆိုခဲ့တဲ့ “မငိုပါနဲ့” သီချင်းတို့က စိတ်ခွန်အားပေးတဲ့ သီချင်းတွေအဖြစ် ထိရှပြီး လူကြိုက်များပါတယ်။

ပိုပိုရဲ့ ဂီတအပေါ် ရူးသွပ်မှုကိုလည်း သူ့ရဲ့ မိတ်ဆွေ အနုပညာရှင်တဦးက အခုလိုပဲ မှတ်ချက်ပြုပါတယ်။

“ပိုပိုက ဂီတကို တော်တော် ရူးသွပ်တယ်။ သူက သီချင်းတပုဒ်ကို နားအူတဲ့အထိ နားထောင်တယ်။ လေ့ကျင့်တယ်။ စိတ်တိုင်းမကျမချင်း၊ သူ့ပုံစံ မပေါ်မချင်း၊ မရရအောင် ဆိုတယ်။ သူ့စိတ်မှာ သိနေတဲ့ ပုံစံမျိုး၊ တခုခု ဖြစ်အောင် လုပ်တယ်” လို့ ပိုပိုနဲ့ သီချင်းတွေ သီဆိုခဲ့တဲ့ အဆိုတော်တဦးက ပြောပါတယ်။

“ပိုပိုက မိန်းကလေး အဆိုရှင်တွေထဲမှာ ရှားတယ်။ သူက ရေးတာရော ဆိုတာရော ပိုင်နိုင်တယ်” လို့ သူက မှတ်ချက် ပြုပါတယ်။

ပိုပိုရဲ့ ဝါသနာနဲ့ ကြိုးစားမှု

တက်တူးထိုးရတာ ဝါသနာပါတဲ့ ပိုပိုက ဆယ်ကျော်သက် အရွယ်ကတည်းက တက်တူး စထိုးခဲ့ပြီး မြန်မာနိုင်ငံမှာ တက်တူးထိုးတဲ့ မိန်းကလေးတွေကို အမြင်ကျဉ်းမြောင်းစဉ် ခေတ်ကတည်းက ဝေဖန် ပြောဆိုမှုတွေကြားမှာ သူယုံကြည်ရာကိုပဲ ရဲရဲရင့်ရင့် လုပ်ခဲ့ပြီး ဂီတကိုသာ တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။

ပိုပိုက သူ့ဘဝအတွက် အရေးပါတဲ့အရာတွေကို တက်တူးအဖြစ် မှတ်တမ်းတင်ထားပြီး သူ့စီးရီး အခွေနာမည်တွေကိုပါ တက်တူးအနေနဲ့ မှတ်တမ်းတင် ထိုးတဲ့အထိ ဂီတကို ရူးသွပ်သူပါ။

“ပိုပိုက တက်တူးထိုးရတာ ကြိုက်တယ်။ ဟိုးအရင်ကတည်းက ဝါသနာပါတယ်။ ငယ်ငယ်တုန်းက အရမ်းကြိုက်လို့ နာလို့ နာမှန်း မသိဘူး။ ကြီးလာတော့ မထိုးချင်တော့ဘူးတဲ့။ တချို့ကလည်း တက်တူးနဲ့မို့ သူ့ကို အမြင်တမျိုး မြင်တာတွေလည်း ရှိတယ်။ သူ့စိတ်က ယောကျာ်း ဆန်တယ် ဆိုပေမယ့် အတွင်းစိတ်က အငြိမ်ပဲ၊ အေးချမ်းတယ်” လို့ ပိုပိုရဲ့ မိတ်ဆွေက မှတ်ချက်ပြုပါတယ်။

သူယုံကြည်ရာကိုပဲ ရဲရဲရင့်ရင့် လုပ်ခဲ့ပြီး ဂီတကို တစိုက်မတ်မတ် ကြိုးစားခဲ့သူပါ  

ပိုပိုက ဖက်ရှင်ပိုင်းမှာလည်း အမြဲတမ်း လေ့လာ ဆန်းသစ်လေ့ရှိပြီး သူ့ရဲ့ တကိုယ်တော် ရှိုးပွဲတွေမှာဆို ပါဖောမန့်စ် မထပ်အောင် အစွမ်းကုန် ကြိုးစား ဖျော်ဖြေလေ့ရှိပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲတွေကိုလည်း လူအများ တတ်နိုင်အောင် ဈေးနှုန်း သက်သက်သာသာနဲ့ ကြည့်ခွင့်ရအောင် ရောင်းချခဲ့သူပါ။

အင်းစိန်ထောင်ထဲက ပိုပို့ မွေးနေ့

အင်းစိန်ထောင်တွင်းမှာ ရောက်ရှိနေတာ တနှစ်ကျော် ကြာသွားပြီဖြစ်တဲ့ ပိုပို မေလ ၁၆ ရက်နေ့မှာ ထောင်ထဲက သူ့ရဲ့ ဒုတိယမြောက် မွေးနေ့ အသက် ၃၂ နှစ်ပြည့်ကို ဖြတ်သန်းရတော့မှာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ဧပြီလထဲမှာ ဖမ်းဆီးခံခဲ့ရတာကြောင့် အသက် ၃၁ နှစ်ပြည့်မွေးနေ့ကို ပိုပိုက အင်းစိန်ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရတာပါ။

လက်ရှိမှာတော့ ထောင်ထဲမှာ ပိုပိုရဲ့ ကျန်းမာရေးက ကောင်းမွန်တယ်လို့ သိရပြီး တခါတရံ ခါးနာတတ်တာကလွဲလို့ ကြီးကြီးမားမား နေမကောင်းဖြစ်တာမျိုး မရှိဘူးလို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပိုပိုကို ချစ်ခင် ဂရုစိုက်ပေးကြတဲ့ သူ့မိတ်ဆွေ ရင်းနှီးသူတွေကတော့ တပတ်တကြိမ် သို့မဟုတ် နှစ်ပတ်တကြိမ်ခန့် ပိုပို ကြိုက်တတ်တဲ့ အစားအစာတွေနဲ့ သူလိုအပ်တာတွေကို ထောင်ဝင်စာ ပို့ပေးဖြစ်တယ်လို့ သိရပါတယ်။

“သူနေကောင်း ကျန်းမာတယ် ကြားတယ်။ အထဲမှာ နေရထိုင်ရတာ အဆင်ပြေတယ် ကြားတယ်” လို့ ပိုပိုနဲ့ ရင်းနှီးသူ မိတ်ဆွေတဦးက ပြောပါတယ်။

မေလ ၁၆ ရက်နေ့မှာ ထောင်ထဲက သူ့ရဲ့ ဒုတိယမြောက် မွေးနေ့ အသက် ၃၂ နှစ်ပြည့်ကို ဖြတ်သန်းရတော့မှာပါ

အရမ်းသတိရတယ်။ အခုဆို သူ့ မွေးနေ့၊ မွေးလ ဆို ပိုပြီး လွမ်းမိတယ်” လို့လည်း သူက ရင်ဖွင့်ပါတယ်။

စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပိုပိုကတော့ ထောင်နံရံတွေကြားက ရောက်တဲ့နေရာမှာ အားမလျှော့ဘဲ သူချစ်တဲ့ ပရိသတ်တွေကိုသာ ကျန်းမာရေး ဂရုစိုက်ဖို့ သတိတရ မှာနေပါသေးတယ်။

အရင်ကတည်းက ပရဟိတအလုပ်တွေ လုပ်ကိုင်တတ်တဲ့ အဆိုတော် ပိုပိုက ထောင်ထဲမှာလည်း အတူနေတဲ့ အဖော်တွေကို စားစရာအချို့၊ မုန့်နဲ့ အအေးတွေ၊ အသီးတွေ မျှဝေ စားလေ့ ရှိတယ်လို့ ပိုပိုနဲ့ ရင်းနှီးသူတွေ ပြောပြချက်အရ သိရပါတယ်။

ပိုပိုရဲ့ မိတ်ဆွေတွေ၊ အနုပညာ မောင်နှမတွေနဲ့ သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက ပိုပို ပြန်လွတ်လာမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။

စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပိုပိုကတော့ ထောင်နံရံတွေကြားက ရောက်တဲ့နေရာမှာ အားမလျှော့ဘဲ သူချစ်တဲ့ ပရိသတ်တွေကိုသာ ကျန်းမာရေး ဂရုစိုက်ဖို့ သတိတရ မှာနေပါသေးတယ်။

ပိုပို့ကို ချစ်ခင်တဲ့ မိတ်ဆွေ တဦးကတော့ ပိုပို့အတွက် ရည်မှန်းပြီး ငှက်လေးတွေ၊ ငါးလေးတွေ ကုသိုလ်ပြု လွှတ်တဲ့အခါတိုင်း “ပိုပို အမြန်ဆုံး ပြန်လွတ်ပါစေ” လို့ ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။


Original Post: The Irrawaddy