တကျော့ပြန် ထဘီတော်လှန်ရေးအပေါ် အမြင်များ

May 7th, 2022  •  Author:   Ma Thinzar Shunlei Yi , Nu Nu Hlaing , Ko Zaw Htet and Ma May anyar Pyo (Myanmar)  •  1 minute read
Featured image

By Honest Information

နွေဦးတော်လှန်ရေးနဲ့အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ ၂၀၂၁ခုနှစ်မတ်လ ၈ ရက်နေ့မှာ ထဘီအလံနဲ့ ထဘီသပိတ်တွေ နိုင်ငံနဲ့အဝန်းပေါ်ပေါက်ခဲ့တယ်။

ထဘီအလံသပိတ်တွေ မထွက်ခင်အစောပိုင်းရက်မှာလည်း ထဘီတွေ၊ အမျိုးသမီးဝတ် အတွင်းခံတွေကို ကြိုးနဲ့တန်းကာ လမ်းမတွေပေါ်မှာချိတ်ဆွဲပြီး စစ်ကောင်စီတပ်တွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ခံတပ်အဖြစ်အသုံးပြုခဲ့ကြပါသေး တယ်။

အဲ့ဒီနောက်ပိုင်း အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထဘီအလံတွေအသုံးပြုကာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေ တစ်နှစ်လုံးထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကပါ ထဘီအလံတွေကိုင် ဆောင်တာ၊ ထဘီခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းတွေထွက်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာတဲ့ယနေ့အချိန်အထိ အမျိုးသမီးဝတ်ထဘီကို တော်လှန်ရေးနဲ့ပတ်သက်ပြီး အယူ အဆအမျိုးမျိုး၊ အသွင်ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေကြတဲ့အပေါ်မှာ မတူညီတဲ့အမျိုးမျိုးသော ဝေဖန်မှုတွေ ၊ ဝိဝါဒကွဲလွဲတဲ့ထောက်ပြဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဘယ်လိုပဲ ဝိဝါဒတွေကွဲလွဲပေမယ့်လည်း အဓိက ရည်ရွယ်ချက်ကတော့ အာဏာရှင်နဲ့အတူထွက်ပေါ်လာတဲ့ ဖိုဝါဒတွေကို တိုက်ဖျက်ဖို့ဆိုတာပါပဲ။ မည်သို့ဆိုစေ ဒီလိုကွဲပြားတဲ့အမြင်တွေနဲ့ ပတ်သက်ပြီး လူငယ်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊အမျိုးသမီးအရေး လှုပ်ရှားသူ၊ LGBTအရေးလှုပ်ရှားသူ တွေရဲ့အမြင်များကို မေးမြန်းကာ ကောက်နုတ် ဖော်ပြပေးထားပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်(လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

စစ်အာဏာသိမ်းဖို့ကြိုးစားတဲ့ ဖြစ်စဉ်နောက်ဆက်တွဲမှာ ဒီဟာကိုတန်ပြန်ကြတယ်။ သူတို့ရဲ့အာဏာသိမ်းဖြစ်စဉ် ကျဆုံးဖို့ ကြိုးစားတဲ့နေရာမှာ အစုအဖွဲ့အသီးသီး အလုပ်သမား၊ လယ်သမားတွေအစုအဖွဲ့အားလုံးက ကိုယ့်အလံကိုယ်ထောင်လို့ ကိုယ့်တပ်ဦးကိုကိုယ်ခေါ်ပြီးတော့ ရဲရဲဝင့်ဝင့်နဲ့ရှေ့တန်းကနေ မားမားမတ်မတ်တိုက်ခဲ့ကြတဲ့အခါမှာ အမျိုးသမီးထုတွေက လည်း အမျိုးသမီးထုရဲ့ ပါဝင်မှုနဲ့စုစည်းမှုက ခေတ်အဆက်ဆက်အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာပါဝင်မှုကလည်းရှိခဲ့ တယ်။ ဒီတော်လှန်ရေးမှာလည်း နောက်ကောက်မကျဘူးပါဝင်နေတယ်ဆိုတာကို ပေါ်လွင်ထင်ရှားအောင် အမျိုးသမီး အဖွဲ့တွေက စုစည်းပြီး ကိုယ့်အလံကိုယ်ထောင်တဲ့အခါမှာ ထဘီအလံကိုအဓိကသုံးခဲ့ကြတယ်။ ထဘီအလံကပြောရမယ် ဆိုရင် အမျိုးသမီးထုရဲ့လမ်းပြတပ်ဦးအလံဖြစ်တယ်။ အမျိုးသမီးတွေအပေါ်မှာ အထူးသဖြင့်ဆိုရင် အမျိုးသမီးဓမ္မတာလာ တဲ့ကိစ္စနဲ့ဆက်စပ်ပြီးတော့နှိမ့်ချမှုတွေ ယုတ်ညံ့တယ်လို့ယူဆမှုတွေ ဒါတွေအားလုံးကိုဆန့်ကျင်တဲ့အမှတ်အသားဖြစ်တယ်။

စစချင်းပါဝင်တဲ့အချိန်မှာ ဒါကိုလက်မခံနိုင်တဲ့အသိုင်း အဝိုင်းကတော့ရှိခဲ့တယ်။ ဒါကိုဆန့်ကျင်တယ်ဆိုတာထက် ဒီကာလ မှာ ဟုတ်တယ်။ အမျိုးသမီးတွေကလည်း ကိုယ့်တပ်ဦးအလံနဲ့ကိုယ်ပါဝင်နေတယ် ဆိုတာကို ဘယ်သူမှကန့်ကွက်နိုင်တဲ့ အနေအထားတွေမရှိခဲ့ဘူး။ ပြီးတော့လက်ခံခဲ့ရတယ်။ အဲ့တုန်းကဆိုရင် ထဘီတန်းတွေလုပ်ပြီးတော့ တစ်ကယ့်ထဘီတွေ ရဲ့ အင်အားနဲ့ခွန်အားကို လူတွေကမြင်တယ်။ တစ်ကယ်အသုံးဝင်ပါလား။ တကယ်အကျိုးရှိပါလား။ စစ်ဘီလူးတွေကို ခြောက်နိုင်ပါလားဆိုတဲ့ အမြင်နဲ့ထဘီပေါ်မှာ အယူဝါဒကပြောရမယ်ဆို ကျွန်မတို့မျိုးဆက်သစ်တွေကြားထဲမှာ ပြောင်းလဲ မှုတွေစဖြစ်လာတယ်။ ပြောရမယ်ဆို လူငယ်လေးတွေ ကလေးငယ်လေးတွေဆို ကိုယ့်ရဲ့အိမ်ရှေ့မှာ ထဘီတွေကိုတန်း လှန်းထားတဲ့ ကိစ္စရပ်ကဒီအနေအထားက တော်တော်လေးကိုသူတို့အတွက်က ကွဲပြားတဲ့အမြင်ပေါ့လေ။ တစ်ခါမှ မမြင်ဖူး တဲ့ဟာတွေမြင်လာရတယ်။ တစ်နှစ်ကျော်ကာလ ဒီလိုအခြေအနေမှာဆိုရင် ထဘီနဲ့ ပတ်သက်ပြီးဝေဖန်တာတွေ အပြန် အလှန်ပြောရတဲ့ အနေအထားတွေပြန်ဖြစ်လာတာ ကျွန်မမြင်တာက တစ်ကယ့်တစ်ကယ် တပ်ဦးအလံအနေနဲ့ အမျိုးသမီး ထုကထောင်ခဲ့တဲ့ ငါတို့ထဘီငါတို့အလံငါတို့အောင်ပွဲဆိုတဲ့ ဒီသဘောတရားကိုမကျေညက်ခဲ့တဲ့အရာတွေ နောက် အရင့် အရင်ကတည်းက နှစ်ပေါင်းများစွာအရိုးစွဲတဲ့ ထဘီအပေါ်မှာရှိတဲ့ ယုတ်ညံ့နှိမ့်ချလိုတဲ့ သဘောသဘာဝတွေ ပြန်ခေါင်း ထောင်လာတာပေါ့နော်။ တစ်နှစ်တာအတွင်းမှာ ဒီအမြင်တွေလုံးဝပပျောက်သွားမယ်လို့လည်း ကျွန်မတို့ကမမျှော်လင့်ထား ပါဘူး။ ဒါပေမယ့်တိုးတက်လာမှုတွေတော့ ဒီတစ်နှစ်တာအတွင်းမှာမြင်ခဲ့ရတယ်။ ဒီတိုးတက်မှုကိုထပ်ပြီးထိန်းဖို့လိုတယ်။ အဲ့လိုထိန်းတယ်ဆိုတဲ့အခါမှာလည်း ဦးဆောင်ဦးရွက်ပြုနေသူတွေက ဒီသဘောတရားကို ကျေညက်ပြီးလူထုကိုမှန်မှန် ကန်ကန်လမ်းပြဖို့လိုတယ်။

ဒီတော်လှန်ရေးမှာ အမျိုးသမီးဝတ်ထဘီကို အယူအမျိုးမျိုးနဲ့အသုံးပြုတယ်ဆိုတာမှားတယ်။ တစ်ကယ်က အမျိုးသမီးဝတ် ထဘီတွေသည် အမျိုးသမီးတွေကို ကာကွယ်မှုနဲ့လုံခြုံမှုပေးနိုင်တယ်။ အမျိုးသမီးထုရဲ့ တပ်ဦးအလံဖြစ်တယ်ဆိုတဲ့ ဒီသဘောနဲ့ပဲသုံးတာပေါ့လေ။ တော်လှန်ရေးမှာဆိုရင် အတွေးအခေါ်တော်လှန်ရေးကိုသွားတဲ့ခါမှာ ဖိုဝါဒကိုအမြစ်ဖြတ် မယ်ဆို သိပ်မကြာခင်က ကျွန်မတို့လုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့မှာဆိုလည်း ဒီအလံကိုပြန်ထောင်ခဲ့ကြ တယ်။ ပြောရမယ်ဆိုရင် တော့အမြင်အမျိုးမျိုးရှိနေတာမဟုတ်ပါဘူး။ အမြင်တစ်မျိူးပဲရှိပါတယ်။ အဲ့ဒါကဘာလဲဆို ယခင်က နှစ်ပေါင်းများစွာအရိုးစွဲလာတဲ့ ယုတ်ညံ့တယ် ၊ နိမ့်ကျတယ်ဆိုတဲ့အမြင်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အယူပဲရှိတယ်။ အမျိုး သမီး ထဘီသည်အမျိုးသမီးထုအတွက် တပ်ဦးအလံဖြစ်တယ်။ အမျိုးသမီးထုအတွက် လုံခြုံမှုနဲ့ကာကွယ်မှုပေးတယ်ဆိုတဲ့ အမြင်တစ်ခုပဲရှိပါတယ်။

ထဘီနဲ့ပတ်သက်ပြီးလူထုကြားမှာ အမြင်တွေပြောင်းဖို့ဆိုတာ ရှေ့ကပြောခဲ့သလိုပဲ အချိန်တွေပေးရမယ်ဆိုတာဟုတ် တယ်။ ဒါပေမယ့် တစ်ကယ့်တစ်ကယ်တော်လှန်ရေးဆိုတာလေ နှစ်ပေါင်းများစွာအသားကျနေတဲ့ စနစ်ကြီးတစ်ခုကိုလှုပ်နိုး လိုက်တဲ့ ရှော့ဖြစ်စေတဲ့အရာဖြစ်တယ်။ တော်လှန်ရေးမှန်သမျှသည်အိပ်မောကျနေတဲ့ အရာတွေကိုလှုပ်နိုးတဲ့ဟာကို တော် လှန်ရေးလို့ခေါ်တာကိုး ၊ အခုတော်လှန်ရေးက အလုံးစုံပြုပြင်ပြောင်းလဲရေးကိုသွားရမှာ စစ်အုပ်စုတစ်ခုထဲကိုပဲ ပစ်မှတ် ထားလို့မရဘူး။ စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာခိုင်ခန့်အောင်တည်ဆောက်လာတဲ့ အတွေးအခေါ်အယူဝါဒ ဥပမာပြောရရင် စစ်တပ်ကဖိုဝါဒကြီးစိုးပါတယ်။ အမျိုးသမီးမုန်းပါတယ်။ အဓိကအကြီးကျယ်ဆုံးသောဒီအတွေးအခေါ်ပေါ့။ ဒီအ တွေးအခေါ် ကို တိုက်ထုတ်ဖို့လည်း ကြိုးစားကြတဲ့အခါမှာ အခုလိုထဘီအရေးပေါ်မှာ စဉ်ဆက်မပြတ်ထောက်ပြ ပြောဆိုနေဖို့လိုတယ်။ တော်လှန်ရေးမှာအယူလွဲမှားမှုကို ဖြစ်စေနိုင်တဲ့အပြုအမှုလုပ်ရပ်မှန်သမျှကို ဝေဖန်ဖို့လိုပါတယ်။ အဲ့လိုမှ မဟုတ်ရင်ဘာမှ မထူးဖူးပေါ့နော်။ ဒီအယူဝါဒတွေက လူထုကြားထဲပြန်ပြီးအသားကျသွားမယ်။ လူထုကလည်းထဘီပေါ်မှာ ပုံစံမျိုးစုံနဲ့မြင်လာ မယ်။ အရင်ပုံစံကိုပြန်ရောက်သွားနိုင်ချေအများကြီးရှိနေပါတယ်။ ဒါကြောင့်ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး တော်လှန်ရေးမှာ တည်ဆောက်လာနေတဲ့ အတွေးအခေါ်အယူဝါဒတွေ ပိုခိုင်မာအောင် ဆက်လက်တည်ဆောက်ဖို့ပဲလိုတယ်။ ရှေ့ဆက်တိုး တက်ပြီးတော့ တည်ဆောက်သွားဖို့ပဲ အကြံပြုချင်တယ်။

————-

မနုနုလိူင် ( အမျိုးသမီးအရေးလှုပ်ရှားသူ)

အာဏာသိမ်းပြီးတဲ့အချိန်မှာ အထူးသဖြင့်သတိထားမိတာကတော့ မတ်လ၈ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ပေါ့နော်။ အဲ့နေမှာစပြီးတော့ ထဘီသပိတ်ထွက်လာတယ်။ အဲ့ဒါကအားရစရာကောင်းတယ်။ အမျိူးသမီးထု အနေနဲ့ တော်တော်များများပါဝင်တယ်။ အမျိူးသားအနည်းအကျဉ်းလည်း ပါဝင်လာတယ်။ သမိုင်းမှာဆိုရင် ဒါက အားရ လောက်တဲ့ မှတ်တိုင်တခုတော့ဖြစ်တာပေါ့နော်။

ထဘီသပိတ်တွေလုပ်တဲ့အပေါ်မှာဝေဖန်မှုတွေတော့ရှိကြတယ်။ မြန်မာလူမှုအသိုင်းအဝိုင်းမှာကျထဘီတို့ ထဘီဆိုတာက ယုတ်ညံ့တယ်အဲ့လိုပုံစံပေါ့နော်။ ဒါမျိုးကိုတွေ့ခဲ့တယ်။ ပြောရမယ်ဆို ဖိုဝါဒကြီးစိုးတဲ့ပတ်ဝန်းကျင်ဖြစ်တာပေါ့နော်။ ထဘီက ကျွန်မတို့ကိုယ်တိုင်ပြန်ဆန်းစစ်မိတာက ပြသနာဖြစ်နေတာ ထဘီလား ဒါမှမဟုတ်အမျိူးသမီးတွေရဲ့ ယောနိလားပေါ့။ ပြောရမယ်ဆိုရင်ပြန်ပြီး ပတ်ဝန်းကျင်မှာပြန်ဆန်းစစ်ရမယ်ဆိုရင် အမျိုးသမီးတွေရာသီလာရင် ဒါကိုဘာကြောင့် ရှက်စရာ ကြောက်စရာ တခုအနေနဲ့မြင်နေလဲ ရွံ့စရာတစ်ခုအနေနဲ့သတ်မှတ်တဲ့ပုံစံပဲပေါ့နော်။

အမှန်ကတော့ ထဘီဆိုတာပိတ်စတစ်ခုဖြစ်တယ်။ ပိတ်စအဖြူကြီးပေါ်မှာ ဖက်ရှင်အမြင်နဲ့ကြည့်ရင် ဒီဇိုင်းတွေထွင်တယ် အဲ့အပေါ်မှာယောကျာ်းလေးဝတ်မလား မိန်းကလေးဝတ်မလား အဲ့လိုပုံစံနဲ့ရိုတ်ထုတ်လိုက်တာပဲရှိတယ်။ တကယ်တမ်း ပြသနာကအဲ့ပိတ်စကြီးက ဖြစ်နေတာလား အမျိူးသမီးရဲ့ အောက်ပိုင်းကခန္ဓာကိုယ်အစိတ်အပိုင်းက ပြဿနာဖြစ်နေတာ လားဆိုတာ သေချာတော့ပြန်စဉ်းစားဖို့လိုတယ်။

အခုလည်းစစ်အာဏာသိမ်းတဲ့အပေါ်မှာ အမျိုးသမီးတွေသုံးတဲ့ထဘီတို့ နောက်လစဉ်သုံးဂွမ်းတို့သုံးတဲ့အချိန်မှာ ဒါကိုယုတ် ညံ့တယ်ဆိုပြီးတော့မှ မြန်မာ့လူထုအသိုင်းအဝိုင်းက တောက်လျှောက်ကိုယုံကြည်ခဲ့တယ်။ အဲ့အပေါ်မှာ အများကြီးခက်ခဲ တယ်။ ကျွန်မတို့နိုင်ငံကတော့ စစ်အာဏာရှင်တစ်ခုထဲမဟုတ်ဘဲနဲ့ အတွေးအခေါ် ဖိုဝါဒကြီးစိုးတဲ့ဝါဒကြီးကို ဖျောက်ဖျက် ဖို့လည်း အရမ်းအရေးကြီးတယ်။

ဆိုရှယ်မီဒီယာမှာလွမ်းမိုးနိုင်သူတွေ သူတို့ရဲ့အတွးအခေါ်တွေကိုယ်တိုင်ကလည်း ဖိုဝါဒကြီးစိုးတဲ့ ဝါဒအောက်က မလွှတ် ထွက်ဘဲနဲ့ အမျိုးသမီးရဲ့ ကိုယ်အဂါၤယုတ်ညံ့တယ်ဆိုတဲ့ ရှုထောင့်ကနေလွှမ်းမိုးတဲ့ချိန်မှာ အများကြီးပြဿနာဖြစ်တယ်လို့ ယူဆတယ်။

အမျိုးသမီးဝတ်ထဘီကို  တော်လှန်ရေးမှာ အမျိုးမျိုးအသုံးပြုကြတယ်။ တချို့ကလည်းပြောတယ်။ ရှေ့တန်းထွက်မယ်ဆို ထဘီရဲ့အစကိုတောင်မှ ချည်သွားရတယ်ပေါ့။ဒါမျိုးတွေလည်းရှိတယ်။အမှန်ကတော့ဒါက ပညတ်ချက်တစ်ခုပါပဲ။ ထဘီဆို တာ အဝတ်အစားတစ်ခုပဲ ၊ အဝတ်အစားဘာကြောင့်ဝတ်တယ်လုံခြုံချင်လို့ဝတ်တယ်။ အဲ့ဒီထက်ဘာမှပိုမလာဘူး။

မြန်မာ့လူထုကြားမှာထဘီနဲ့ပတ်သက်လို့ အများကြီးအတွေးအမြင်ပြောင်းလဲသွားတာမဟုတ်ပါဘူး။ နည်းနည်းလေးပဲ ပြောင်း လဲသွားတာပါ။ ဒါပေမယ့် ထဘီသည် ယုတ်ညံ့တယ်လို့ တွေးနေတဲ့ လူအုပ်စုရှိတာထက်စာရင် ဒါကြီးက ယုတ်ညံ့ တာမဟုတ်ဘူး။ လူဆိုတာက သူ့ရဲ့ဖွဲ့စည်းပုံမှာကတည်းက ဒီလိုရှိတယ်။ ဒါသည်ဖိုဖြစ်ခြင်း မဖြစ်ခြင်းကိစ္စပဲဖြစ်တယ်လို့ တွေးတဲ့သူတွေနည်းနည်းလေးရှိလာတာကလည်း ကောင်းပါတယ်ပေါ့နော်။ ဒါပေမယ့်ဒီထက်ပိုပြီးကျယ်ပြန့်ဖို့လိုတယ်။ အဲ့ဒီ ကနေပြီးတော့ တစ်ဆင့်နိုင်ငံရေးစီးပွားရေးလူမှုရေးတွေမှာ ခွဲခြားဆက်ဆံမှုတွေ အမျိုးသမီးခန္ဓာကိုယ်အောက်ပိုင်းနဲ့ အများ ကြီးဆိုင်နေတဲ့ရှုထောင့်တွေ များများတော်လှန်ဖို့အရေးကြီးတယ်ပေါ့နော်။ တကယ့်လက်တွေ့ကျကျသုံးသပ်ဖို့လည်း လိုအပ်တယ်လို့မြင်တယ်။

ကိုဇော်ထက် (လူငယ်များသမဂ္ဂဥက္ကဌ-ထဘီကမ်ပိန်းများတွင်ပါဝင်သူ)

ဒီကာလအတွင်းမှာ အမျိုးသမီးတွေအနေနဲ့ မြေပြင်တော်လှန်ရေးမှာ တပ်ဦးအလံကို ထဘီအသုံးပြုလာတယ်။ ထဘီ ကမ်ပိန်းလုပ်လာကြတယ်။ ထဘီဟာအမျိုးသမီးထုရဲ့ ကိုယ်စားပြုတာတစ်ခုအနေနဲ့ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြတယ်။ ဒီအရာ ဟာ ကျွန်တော်တို့အနေနဲ့ စနစ်ဆိုးတစ်ခုအနေနဲ့ ပပျောက်အောင်ဆောင်ရွက်ခြင်းတစ်ခုလို့ မြင်မိတယ်။ ထဘီတပ်ဦး အလံ လွှင့်တာမျိုးတွေ ထဘီကမ်ပိန်းလုပ်တာမျိုးတွေက စနစ်ဆိုးတစ်ခုကိုတော်လှန်ခြင်းလို့ထင်မြင်မိတယ်။ စနစ်ဆိုးတစ်ခုကနေ အသွင်ကူးပြောင်းတဲ့ကာလလို့ထင်မြင်မိတယ်။

ထဘီလို့ပြောတဲ့အခါမှာ ထဘီဟာအဝတ်စတစ်ခုလိုပဲ ထင်မြင်မိတယ်။ ဒီတော်လှန်ရေးမှာထဘီကို အယူအဆအမျိုးမျိုးနဲ့ သုံးနေကြတာပေါ့။ တစ်ချို့ကျ နာမ်နိမ်တဲ့ဟာမျိုးတွေ တစ်ချို့ကျအလေးအမြတ်ထားပြီး တပ်ဦးအလံအနေနဲ့ သုံးတာမျိုး တွေ၊ အမြတ်တနိုးထားပြီးဒီအရာဟာ အမျိုးသမီးကိုကိုယ်စားပြုတယ်။ အမျိုးသမီးကိုကိုယ်စားပြုတာဖြစ်တဲ့အတွက် အမျိုး သမီးကို အလေးအမြတ်ထားတဲ့ သဘောအမျိုးအနေနဲ့ ခေါင်းပေါ်မှာတင်ပြီးတော့ တော်လှန်ခဲ့ကြတယ်။ တပ်ဦးအနေ နဲ့ထုတ်ပြီး တော်လှန်ခဲ့ကြတယ်။ ညာဘက်ပုခုံးပေါ်တင်ပြီး တော်လှန်ခဲ့ကြတယ်။ ထဘီကိုခြုံပြီးတော်လှန်ခဲ့ကြတယ်။

ထဘီဆိုတာအဝတ်အစတစ်ခုပဲ။ အဝတ်စတစ်ခုကို အမျိုးသမီးကဝတ်တဲ့အခါကျရင် ဒါကအမျိုးသမီးလုံခြည်ထဘီ၊ ယောကျာ်းလေးကဝတ်ရင်ပုဆိုး၊ ဒီအရာတွေဟာပိတ်စတစ်ခုလိုပဲ ထင်မြင်မိရမှာ ပိတ်စတခုလိုပဲတွေးရမှာပဲ။ အသုံးပြုခြင်း က ကွာလားဆိုမကွာဘူး။ ထဘီဆိုတာလည်းဝတ်ရတဲ့ အရာတစ်ခုပဲ။ အမျိုးသားတွေလည်း ပိတ်စကိုဝတ်ရတာပဲ။ ဝတ်ရ တာကိုမှ အခေါ်အဝေါ်ကွာသွားတာ ၊ ကျွန်တော်တို့အနေနဲ့ အသုံးပြုပုံပြုနည်းကွာသွားမယ်။အဲ့ဟာပဲရှိတယ်။ ဒီအရာမှာနှိမ့် ချ ဆက်ဆံမှုဆိုတဲ့ အရာမျိုးကမရှိသင့်ဘူး။

ဒီအရာက အမျိုးသမီးတွေကသုံးနေလို့ နှိမ်ချစရာလို့တွေးနေခြင်းဟာလည်း ကျွန်တော်တို့အတွက် ရှေးရိုးစွဲအယူဝါဒ စနစ် ဆိုးကြီးတစ်ခုလိုပဲမြင်မိတယ်။ စနစ်ကြီးကိုဖျောက်ဖို့လိုအပ်နေပြီ။ ထဘီကိုအမျိုးမျိုးနဲ့တော်လှန်နေကြတာလည်း စနစ်ဆိုး တစ်ခုကိုတော်လှန်နေခြင်း လို့ထင်မြင်မိတယ်။ ကောင်းတဲ့အရာတစ်ခုလိုပဲထင်မြင်မိတယ်။

မြန်မာ့လူမှုနယ်ပယ်အသိုင်းအဝိုင်းမှာ ထဘီနဲ့ပတ်သက်လာရင် ပြောင်းလဲမှုကလုံးဝမရှိသေးဘူး။ ထဘီဆိုရင် ဘုန်းကံနိမ့် မယ်။ ထဘီဆိုရင်ဒီနေရာမှာမထားရဘူး။ အမျိုးသမီးဝတ်တဲ့ ပစ္စည်းတွေဆိုရင်ခေါင်းရင်းခန်းမှာမထားရဘူးနော်။ အမျိုးသမီး အသုံးအဆောင်ဆိုဘာလို့အဲ့မှာထားမှာလဲ။ အမျိုးသားဆိုမြင့်မြတ်နေပြီးတော့ အမျိုးသမီးဆိုရင်ဘာလို့ ဒီလိုနှိမ့်ချဆက်ဆံ ခံနေရတာလည်းပေါ့။

ဟိုးပဒေသရာဇ်ခေတ်ကာလမှာကတည်းက ခွဲခြားမှုတွေရှိခဲ့တာပဲ။ ခွဲခြားဆက်ဆံမှုတွေပျောက်ချင်လို့ ဒီတော်လှန်ရေးကို လုပ်နေကြတာပေါ့။ တော်လှန်ရေးကိုလုပ်နေတဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင်က ခွဲခြားဆက်ဆံမှုတွေလုပ်နေမယ်ဆိုရင် ဒီတော်လှန်ရေးကြီးကအောင်မြင်ပါဦးမလားလို့တွေးမိတာပေါ့။ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေပြင်ဖို့လိုအပ်လာပြီ။ စိတ်ဓာတ်ရေးရာမှာလို့ ပြောတဲ့အခါကျရင်ထဘီမှမဟုတ်ဘူး ခွဲခြားဆက်ဆံတဲ့ စိတ်ဓာတ်ရေးရာမှန်သမျှကို တော်လှန်ဖြစ်ဖို့ လိုအပ်နေပြီလို့ထင်မြင်မိတယ်။

——————

မေကညာပျို (LGBTအရေးတက်ကြွလှုပ်ရှားသူ)

အခုနွေဦးတော်လှန်ရေးမှာဆိုရင် အမျိုးသမီးတွေကရှေ့တန်းကနေရော နေရာပေါင်းစုံဘက်ပေါင်းစုံကနေ အမျိုးသမီးတွေ စွန့်လွှတ်မှုဦးဆောင်မှု၊အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေကအင်မတန်ကို လေးစားစရာကောင်းသလိုအားလုံးက ထိတ်လန့် စရာလည်းကောင်းတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် လူ့ဘောင်အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့အမျိုးသမီးအပေါ်ကို သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေဟာ မှားယွင်းနေတယ်။ အမျိုးသမီး၊အမျိုးသား ဆိုတာတန်းတူဖြစ်တယ်။ အမျိုးသမီး ဆိုတာလည်းအမျိုးသားနဲ့ တန်းတူပါဝင်ခွင့်ရှိရမယ်။ ဦးဆောင်ခွင့်ရှိရမယ် အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုတွေဆိုတာ လည်း ပိုမိုပြီးပေါ်ပေါက်လာတယ်။

ထဘီကမ်ပိန်းဆိုတာက အမျိုးသမီးတွေရဲရင့်မှု အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေကို ဖော်ကျူးတဲ့အနေရယ် ၊ ရဲရင့်တဲ့ အမျိုးသမီးတွေရဲ့ပုံစံကို ကိုယ်စားပြုပြီးတော့ ထဘီကိုအလံတစ်ခုအသွင်နဲ့အသုံးပြုပြီးတော့ တော်လှန်ရေးမှာ အသုံး ပြုခဲ့ကြတဲ့ပုံစံတော့ဖြစ်တယ်ပေါ့နော်။ လူတွေထင်တဲ့ ထဘီဆိုတာကဘုန်းနိမ့်တယ်။ ထဘီဆိုတာ တစ်ဖက်ကိုဆုတ်ယုတ်သွားအောင် ဘုန်းကံကအစနိမ့်ကျစေတဲ့ အရာတစ်ခုဆိုတာမျိုးနဲ့ လုပ်ခဲ့တာမဟုတ်ဘဲနဲ့ အမျိုး သမီးတွေရဲ့ ရဲရင့်မှုအမျိုးသမီးတွေရဲ့ သတ္တိရှိမှုဦးဆောင်မှုတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုအနေနဲ့ပြုလုပ်ခဲ့တယ်လို့ မြင်တယ်။

ထဘီကမ်ပိန်းရဲ့ တစ်ကယ့်အနှစ်သာရက အမျိုးသမီးတွေရဲ့ရဲရင့်မှု၊ အမျိုးသမီးတွေရဲ့ဦးဆောင်မှုပါဝင်မှုတွေကို တကယ့်ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒါတွေဟာ တကယ့်ကို လူတွေကိုသတ်နေတဲ့လူတွေကို ပြန်လည်တွန်းလှန်ဖို့အသုံးဝင်တယ်၊ ပြန်လည်အသုံးချရမယ်ဆိုတဲ့ ပုံစံနဲ့သုံးခဲ့တာဖြစ်တယ်။ အခုအချိန်ကာလမှာကြတော့ လူတွေကတော်လှန်ရေးကိုပဲ အဓိကဦးဆောင်ရမယ်၊ မြန်မာပြည်ရဲ့ အခြေအနေတွေစစ်အာဏာရှင်ကျဆုံးရေးဆိုတဲ့ဟာကိုပဲ အာရုံစိုက်တာ တွေမှန်တယ် တစ်ဖက်မှာလည်း ငြိမ်းချမ်းတဲ့ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း တစ်ခုကိုသွားမယ်ဆိုရင်တော့ ဒါကစစ်အာဏာ ရှင်လည်းကျရှံးမှာဖြစ်သလို ခွဲခြားဆက်ဆံမှုတွေမရှိတဲ့ လူ့ဘောင်အသိုင်း အဝိုင်းတစ်ခုလည်းဖြစ်ဖို့လို အပ်တယ်။ ဒါကြောင့်ဒီကာလမှာ စစ်အာဏာရှင်ကျရှုံးရေးအတွက် တိုက်ပွဲဝင်သလို တစ်ဖက်မှာ လည်း လူ့ဘောင်အသိုင်း အဝိုင်းမှာရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေလူတစ်ယောက်ရဲ့ ယုံကြည်မှုကိုးကွယ်မှု၊ ကျား၊မ လိင်စိတ် ခံယူမှုကွဲပြားမှုအဲ့အပေါ်တွေကို မူတည်ပြီးခွဲခြားဆက်ဆံနေတဲ့ဟာတွေကိုလည်း ဒီတော်လှန်ရေးမှာ အမြစ်ပြုတ်တိုက် ထုတ် ရမှာဖြစ်တယ်။

ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးမှာဆိုရင် ထဘီကမ်ပိန်းကိုပြုလုပ်ခဲ့တာဟာ နိမ့်ကျတယ်ဆိုတဲ့အတွေးအခေါ်တွေ ဘုန်းကံနိမ့်စေတယ် ဆိုတဲ့အတွေးအခေါ်တွေနဲ့ တော်လှန်ရေးမှာသုံးခဲ့တာမဟုတ်တဲ့အတွက် ဒါကိုလူအများက နားလည်ဖို့လိုအပ်တယ်။ အပြု သဘောဆောင်ဖို့လိုအပ်တယ်။ ဒါဟာဆိုရင် လူ့ဘောင်အသိုင်းအဝိုင်း မှာရှိနေတဲ့အမျိုး သမီးတွေကို လူတွေက အချင်းချင်း ခွဲခြားဆက်ဆံနိမ့်ချမှုတွေ ပြုလုပ်နေတဲ့မြင်ကွင်းတစ်ခုဖြစ်တယ်။ ကြောက်စရာကောင်း တဲ့ အနေအထားလည်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်လူ့ဘောင်အသိုင်းအဝိုင်းမှာ လူလူချင်းခွဲခြားနေတဲ့အဖြစ်မျိုးတွေ လူတစ်ယောက်ရဲ့ပုံစံတွေအပေါ်ကို ခွဲခြားဆက်ဆံတဲ့ပုံတွေကို လုံးဝလက်ခံလို့မရပါဘူး။ ဒါတွေအကုန်လုံးကို အခုတည်းကစပြီးတော့ လူ့ဘောင်အသိုင်း အဝိုင်းရဲ့ အလေ့အကျင့်တစ်ခုအနေနဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ လူ့ဘောင်အသိုင်းအဝိုင်းမှာ တော်လှန်ရေးတွေပြီးသွားခဲ့မယ်ဆိုရင် ခွဲခြားဆက်ဆံမှုတွေလည်းမရှိတော့ဘူး။ အရာအားလုံး က အဆင်ပြေလာမယ်။ ကောင်းမွန်လာမယ်။အေးချမ်းမှုတွေရလာမယ်လို့ သုံးသပ်ကြတယ်။ မှန်ပါတယ်။ တော်လှန်ရေးပြီး သွားမယ်ဆိုရင် တကယ့်ကိုကြီးမားတဲ့ ဟန့်တားချက်တွေရပ်တန့်သွားမှာဖြစ်သလို သို့ပေမယ့်တစ်ဖက်မှာလည်း လူ့အသိုင်း အဝိုင်းမှာ လူနည်းစုတွေ လူတစ်ယောက်ရဲ့ ဘာသာရေးအရသော်လည်းကောင်း၊ လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှု လူမျိုးရေး၊တိုင်းရင်းသား အဲ့ဒီအပေါ်တွေမူတည်ပြီးတော့ လူ့ဘောင်အသိုင်းအဝိုင်းမှာရှိနေတဲ့ လူနည်းစုတော်တော်များ များက နှစ်ပေါင်းများစွာခွဲခြားဆက်ဆံမှုတွေ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအရသော်လည်း ကောင်း ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတယ်။ ဒီလိုမျိုးခေတ်မှီတိုးတက်တဲ့ လူ့အသိုင်းအဝိုင်းကမ္ဘာကြီးမှာ ဒါတွေကမရှိသင့် တော့ဘူး။ လူလူချင်းခွဲခြားဆက်ဆံတဲ့ဟာမျိုးကို ရုတ်သိမ်းသွားရမယ့်ဟာတွေဖြစ်တယ်။ လူတွေဟာ ဒါတွေနဲ့ပတ်သက် ပြီး နားလည်မှုတွေပိုလိုအပ်တယ်။ ဒီအရာတွေပေါ်မှာ ပိုပြီးအပြုသဘောဆောင်ပြီးလက်ခံဖို့လိုအပ်တယ်။ တဖက်လူရဲ့ မတူ ကွဲပြားတဲ့ယုံကြည်မှု မတူကွဲပြားတဲ့ ထုတ်ဖော်ပြသမှုခံယူမှုတွေကို အပြုသဘောဆောင်ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ လက်ခံဖို့တွေပိုမိုများပြားဖို့လိုအပ်ပါတယ်။ လူအချင်းချင်းကြားမှာပိုမိုပြီးအပြုသဘောဆောင်တဲ့ ခံစားချက်တွေ၊ မြင်တတ် မှုတွေနားလည်တတ်မှုတွေလိုအပ်ပါတယ်။


Original Post: Honest Information