၃ နှစ်သားမိခင်ကို ဖမ်းထားဟု စစ်တပ်ပြော၊ ကလေးသတင်း အစပျောက်နေ

April 14th, 2022  •  Author:   Daw Thiri Wai and Mg Thant Hpone Waiyan  •  1 minute read
Featured image

ရန်ကုန်သင်္ကြန် ပစ်မှတ်ထားသည့် ၁၆ ဦးကို ဖမ်းမိထားသည်ဟူသော စစ်တပ်၏ ကြေညာချက်တွင် အချက်အလက်အမှားများ ပါ၀င်နေသည်ဟု မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။  

By Myanmar Now

၃ နှစ်အရွယ် သားဖြစ်သူ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် မိခင် အသက် ၂၈ နှစ်အရွယ် မသီရိဝေ ခေါ် မဝေ၏ ထွက်ဆိုချက်ကြောင့် PDF ၁၅ ဦးနှင့် လက်နက်အများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီ ၁၄) ၌ သတင်းထုတ်ပြန်သည်။

ထိုနေ့တွင် မသီရိဝေ အပါအဝင် ၁၃ ဦး၊ ထို့နောက် ၆ ရက်အကြာတွင် ၂ ဦး ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Union Myanmar civil Development (UMCD), God of Death(GOD) အဖွဲ့များမှ ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ရန်ကုန်ရှိ ၇ နေရာတွင် ဖောက်ခွဲမှုများ ဆောင်ရွက်ရန် စီစဉ်ထားကြသည်၊ လက်လုပ်သေနတ် ၉ လက် အပါအဝင်  သေနတ် ၁၂ လက်၊ ကျည်မျိုးစုံ ၁၇၆၅ တောင့်နှင့် လက်လုပ်မိုင်းများ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဖွဲ့ဝင်များ၊ လက်နက်နှင့်တကွ ဖမ်းဆီးခံရသည်မှာ မှန်သော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ လုပ်ကြံဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်ဟု UMCD အဖွဲ့မှ အမည်မဖော်လိုသော တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဖြစ်စဉ်အသေးစိတ်ကိုမူ ဖမ်းဆီးခံရသည့် မိတ်ဆွေများလုံခြုံရေးအတွက် မပြောလိုကြောင်း ၎င်းက ငြင်းဆန်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အဖွဲ့ဝင်များ ဖမ်းခံရသည့် ရက်စွဲများကို ပြောင်းလဲထားပြီး သင်္ကြန်အတွင်း ဗုံးဖောက်ခွဲရန် အစီအစဉ်များအကြောင်း ဖော်ပြချက်မှာလည်း မမှန်ကန်ကြောင်း ၎င်းက တုံ့ပြန်သည်။

ဧပြီ ၅ နံနက်က သားဖြစ်သူ မောင်သန့်ဘုန်းဝေယံ၏ အသက် ၃ နှစ်ပြည့်မွေးနေ့အတွက် ပြင်ဆင်နေသော မသီရိဝေကို အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် နေ့လယ်၌ မူကြိုကျောင်းသို့ သွားရောက်ကာ ကလေးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကလေးအတွက် စိတ်ပူနေကြသည့် မိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းများမှာလည်း စစ်ကောင်စီထံ စုံစမ်းရန် ကြောက်ရွံ့နေကြကြောင်း ၎င်းက ဆိုသည်။

“မဝေဆိုတဲ့ အမျိုးသမီးက အရမ်းမှ စိတ်မာတဲ့သူ။ ညီမသာ အဖမ်းခံရရင် အိတ်ထဲမှာပါတဲ့ အဆိပ်ဘူးကို သောက်ပြီး သတ်သေလိုက်မယ်လို့ ပြောခဲ့တဲ့ အမျိုးသမီး” ဟု ထိုအဖွဲ့တာဝန်ခံဆိုသူက မှတ်ချက်ပြုသည်။

“တကယ့်လက်တွေ့ကျတော့ ကလေးအဖမ်းခံရတဲ့အတွက် တောက်လျှောက်ဖော်တာတွေ ဖြစ်နေတော့ ကလေးကို ဓားစာခံအနေနဲ့ ထားပြီးတော့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ကျွန်တော်တို့က ယူဆတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကမူ ကလေးဖြစ်သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ပြီး ယနေ့ မိခင်အပါအဝင် PDF များ ဖမ်းမိကြောင်း သတင်းထုတ်ပြန်ချက်တွင် မောင်သန့်ဘုန်းဝေယံအကြောင်း မဖော်ပြထားပေ။

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ Best Choice (BC) မူကြိုကျောင်းကို မောင်သန့်ဘုန်းဝေယံနှင့် ပတ်သက်ပြီး မေးမြန်းလိုသဖြင့် Myanmar Now က ယနေ့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

မသီရိဝေ၏ ဆွေမျိုးတော်စပ်သူနှင့် မိတ်ဆွေများက ကလေးကို ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များပင် ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ကလေးနှင့် ပတ်သက်၍ သတင်းအစအနပင် မရရှိကြောင်း ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မောင်သန့်ဘုန်းဝေယံ ဖမ်းဆီးခံရမှုအကြောင်း ကမ္ဘာ့ကုလသမဂ္ဂထံ တိုင်ကြားထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ကလေးများအခွင့်အရေး ချိုးဖောက်ခံနေရမှုအခြေအနေအစီရင်ခံစာထုတ်ပြန်မည်ဟု ကြေညာထားသည်။ အာဏာသိမ်းပြီးနောက် ကလေးအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို ဧပြီ ၂၉ ရက် နောက်ဆုံးထား၍ ၎င်းတို့ထံ သက်သေအချက်အလက်များ ပေးပို့နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံဥပဒေ၊ နိုင်ငံတကာဥပဒေများတွင် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နောက်ဆုံး ကလေးများ၏ အနာဂတ်ဖျက်ဆီးမှုကို ကျူးလွန်လျှင်ပင် မည်သူမဆိုကို အရေးယူနိုင်ရန် အခိုင်အမာ အတိအလင်းပြဋ္ဌာန်းထားကြသည်။ သို့သော် အမိန့်ပေးသော ဗိုလ်ချုပ်ကြီးများနှင့် လက်တွေ့ကျူးလွန်သူ ၎င်း၏ တပ်မှာ ကင်းလွတ်နေသေးသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးရသူများထဲတွင် ၁၈ နှစ်အောက် ၁၃၂ ဦး ရှိနေသည်၊ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် ၂ ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ဝေသော ဧပြီ ၈ ရက်နေ့မှတ်တမ်းအရ သိရသည်။

ထိုစာရင်းတွင် ချောက်မြို့နယ်၌ ကလေးသူငယ် ၂၀ ဦး ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ မတ် ၆ တွင် ပေါက်မြို့နယ်၌ ၄ နှစ်အရွယ် ကလေးငယ် လှံစွပ်ထိုးသတ်ခံရခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်တိုင်းတွင် ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ တရားစီရင်နိုင်ရေး အစွမ်းကုန်ကြိုးစားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီက ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများ၊ လက်နက်ကိုင်ခုခံသူများ၊ အဆိုပါ ခုခံသူတို့နှင့် ဆက်နွှယ်သည်ဟု ယူဆရသူများ၊ NUG နှင့် ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် အကောင်းဘက်မှ ရေးသားသူ၊ မျှဝေသူများကို ပစ်မှတ်ထားဖမ်းဆီးနေသည်။

English version.


Original Post: Myanmar Now