ထားဝယ်တွင် ကုသိုလ်ဖြစ်အခမဲ့​ဆေးခန်း ဦးဆောင်သူလူငယ်တဦး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

April 2nd, 2022  •  Author:   Ko Thant Zin Htoo (Dawei Township)  •  1 minute read
Featured image

By DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ မတ် ၃၀ ရက်နေ့မှာ ​ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ဆီက သိရပါတယ်။

ကိုသန့်ဇင်ထူးနဲ့ အခြားလုပ်ဖော်ကိုင်​ဖက် လူငယ် ၆ ဦးကို ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းမှာရှိတဲ့ အငှားအိမ်ခန်းတွဲတခုမှာ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်၊ ည ၈ နာရီလောက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အခြားလူငယ် ၆ ဦးကိုတော့ ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဝင်ရောက်ဖမ်းဆီးစဥ်က ဆေးခန်အတွက်အသုံးပြုနေတဲ့ အရေးပေါ်လူနာတင်ယာဥ်တစီးအပြင် ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့ပေါ်မှာ အခြေစိုက်တဲ့ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို ထားဝယ်​ဒေသခံလူငယ်အချို့ ဦးဆောင်တည်ထောင်ထားပြီး ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုကာလအတွင်းမှာပါ ကျေးလက်ဒေသတွေအထိ သွားရောကေပြီး ကျန်းမာရေးအစောင့်အရှောက်လုပ်ငန်းတွေ ပြုလုပ်ပေးနေတဲ့ ဆေးခန်းတခုဖြစ်တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဟာ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့အခါ တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။


Original Post: DVB