ရိုဟင်ဂျာတွေကို အမေရိကန်က ဆက်ကူညီဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

March 30th, 2022  •  Author:   Radio Free Asia  •  1 minute read
Featured image

လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် တခြားနိုင်ငံတွေကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို အကူအညီအထောက်အပံ့တွေတိုးပေးဖို့နဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ ပညာရေး လက်လှမ်းမီအောင်ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရကို မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ အမေရိကန်က ကြေညာလိုက်တာကို ကြိုဆိုကြောင်းနဲ့ မြန်မာ့စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

တောင်းဆိုတဲ့အဖွဲ့အစည်းတွေထဲမှာ ရှေ့ပြေးအသံအဖွဲ့၊ အမျိုးသမီးများအဖွဲ့ချုပ်၊ ကရင်လူ့အခွင့်အရေးအဖွဲ့ စတဲ့ အဖွဲ့တွေပါဝင်ပါတယ်။

အမေရိကန်ရဲ့ သတ်မှတ်ချက်ထွက်ပေါ်လာတာဟာ ရိုဟင်ဂျာတွေက သူတို့ရဲ့ အခွင့်အရေးအတွက် လေးနှစ်ကျော်ကြာအောင် စဉ်ဆက်မပြတ် တောင်းဆိုခဲ့မှုနဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကူညီခဲ့မှုတွေကြောင့်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ပြန်အသိမှတ်ပြုနိုင်ဖို့၊ လွတ်လပ်စွာသွားလာခွင့်ရဖို့နဲ့ ရခိုင်ပြည်နယ်က သူတို့ရဲ့ နေအိမ်တွေကို ဘေးကင်းလုံခြုံစွာပြန်နိုင်ဖို့ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ မတ်လ ၂၁ ရက်နေ့က အမေရိကန်အစိုးရက တရားဝင်သတ်မှတ် ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အခုလိုကြေညာတာအပြင် မြန်မာစစ်ကောင်စီအပေါ် ရာဇဝတ်ဆိုင်ရာ တရားစွဲဆို မှုတွေကို ပြုလုပ်ဖို့လိုအပ်ပြီး ဒီလိုမဆောင်ရွက်ဘူးဆိုရင် စကားလုံးအရပဲရှိပြီး ထိရောက်မှာ မဟုတ်ဘူးလို့ အရပ်ဘက်အဖွဲ့တွေက သူတို့ရဲ့ သဘောထားကို ထည့်သွင်းပြောထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူဦးရေ ခြောက်သိန်းရှိနေတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က မတ်လ ၂၉ ရက်နေ့မှာ ထုတ်ဖော်ပြောထားပါတယ်။
ပ်
ဒီထောက်ပံ့ငွေနဲ့ဆိုရင် အမေရိကန်နိုင်ငံက ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ခုနစ်သိန်းလေးသောင်းအတွက် ဒေါ်လာ ၁.၇ ဘီလီယံ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။


Original post.